Sunday, November 27, 2016

တာချီလိတ်သို့ ပို့ဆောင်ပေးမည့် ဆိုဒီယမ်ဆာယာနိုက် ဓါတုဆေးရည်တိုင်ကီ ၃၃၇လုံး ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၌ ဖမ်းဆီးရမိ

 


(မယ်ဆိုင် နိုဝင်ဘာ ၂၇)

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့၌ တာချီလိတ်သို့ ပို့ဆောင်ပေးမည့် ဆိုဒီယမ်ဆာယာနိုက်ဓါတုဆေးရည် တိုင်ကီ ၃၃၇လုံး၊ အလေးချိန်စုစုပေါင်း ၁၆ ဒသမ ၈ တန်အား ဖမ်းဆီးရမိကြောင်း နိုဝင်ဘာ ၂၆ ထုတ် ထိုင်းသတင်းများမှ ဖော်ပြထားကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် နိုင်းနိုတဆွန် ဖာဖိရနွန်၊ ဖာမိန်းတပ်မလက်အောက်ခံ အထူးလှုပ်ရှားယန္တရား တပ်ရင်း (၃)တပ်ခွဲမှူး ဗိုလ်ကြီး မာခဝပ်ထပ်ထွန်း၊ မယ်ဆိုင်ရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဌာနများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မယ်ဆိုင်မြို့၊ ဝိယန်ဖန်ခမ်းရပ်ကွက်၊ ပါမွေအကွက် (၅)၊ အမှတ်(၁၅)ရှိ ဂိုဒေါင်ဟောင်းတစ်လုံးအား ပိတ်ဆို့ရှာဖွေခဲ့ရာ ၄င်းဂိုဒေါင်၌ နိုင်းဆတ်ဒါဝပ်ချရ(ကျား)၊ စမုတ်ပရကန်မြို့နေထိုင်သူနှင့် နန်းဆောင်ထဝိနာနန်ဖုမ့်ဖိ ဖတ်(မ) တို့အားတွေ့ရှိပြီး ဆက်လက်ရှာဖွေရာ ထိုင်ဝမ်နိုင်ငံထုတ် ဆိုဒီယမ်ဆာယာနိုက်ဆေးရည် ၅ဝ ကီလိုဂရမ်ပါတိုင်ကီ ၂၉၇ လုံးနှင့် ကိုးရီယားနိုင်ငံထုတ် ဆိုဒီယမ်ဆာယာနိုက်ဆေး ရည် ၅ဝ ကီလိုဂရမ်ပါတိုင်ကီ ၄ဝ လုံး၊ စုစုပေါင်းတိုင်ကီး ၃၃၇ လုံး၊ အလေးချိန်စုစုပေါင်း ၁၆ ဒသမ ၈ တန်တို့အား ဖမ်းဆီးရမိသည်။


''လတ်တလောတွင် ဓါတုပစ္စည်းများအား တာဝန်ရှိအဖွဲ့အစည်းများအနေဖြင့် ထိန်းသိမ်းထားပြီး နယ်စပ်တစ်လျှောက်၌ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် ၄င်းဓါတု ပစ္စည်းများ ရောနှောအသုံးပြုမှု ရှိ/မရှိ စီစစ်မည်ဖြစ်ကြောင်းနှင့် အဆိုပါ ဓါတုဆေးဝါးပစ္စည်းများကို ဥပဒေနှင့်အညီ မှန်ကန်စွာ သွင်းကုန်/ထုတ်ကုန်အဖြစ် ဆောင်ရွက်ခဲ့ခြင်း ရှိ/မရှိပြန်လည် စိစစ်မည်''ဟု ချင်းရိုင်းခရိုင်မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။

အဆိုပါ ဆိုဒီယမ်ဆာယာနိုက်ဆေးရည်များအား ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ စီအမ်တက်ထရေးဒင်းကုမ္ပလီမီတက် အမည်ဖြင့် မှာယူတင်သွင်းခဲ့ပြီး နိုင်းဆတ်ဒါဝပ် ချရနှင့် နန်းဆောင်ထဝိနာနန်ဖုမ့်ဖိဖတ် တို့နှစ်ဦးမှ မယ်ဆိုင်မြို့၊ ဝိယန်ဖန်ခမ်းရပ်ကွက်၊ ပါမွေအကွက် (၅)၊ အမှတ်(၁၅)ရှိ ဂိုဒေါင်ဟောင်းတွင် ခေတ္တငှားရမ်း သိုလှောင်ထားရှိပြီး တာချီလိတ်ခရိုင်၊ တာလေ မြို့နယ်အတွင်းရှိ ရွှေတွင်းများနှင့် ရွှေလုပ်ကွက်ကုမ္ပဏီများသို့ တဖြည်းဖြည်းပို့ဆောင် ရောင်းချနေကြောင်း သိရသည်။

မိုင်းမော(တြိဂံနယ်မြေ)
Kanbawza Tai News Journal

No comments: