ကွတ်ခိုင် - မူဆယ် လမ်းပိုင်းရှိ နန့်ပေါ်တံတားအကျော်နှင့် တာလုံကျေးရွာအကြား လမ်းပိတ်ဆို့နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုထိုက်)
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် - မူဆယ် လမ်းပိုင်းရှိ နန့်ပေါ်တံတားနှင့် မော်တောင်းကျေးရွာအကြား တောင်ကြားတွင် လက်နက်ကိုင်အဖွဲ့များက ကုန်တင်တွဲကားများအား လမ်းကန့်လန့်ခံပိတ်ဆို့ကာ သော့ဖြုတ်သိမ်း၍ အသွားအလာဖြတ်တောက်မှုများကို နိုဝင်ဘာ ၂၃ ရက်က ဆက်လက်ပြုလုပ်ခဲ့ပြီး အဆိုပါလမ်းပိုင်းတွင် ယာဉ်စီးရေရာနှင့်ချီ ပိတ်မိမှုဖြစ်ပေါ်ခဲ့ကြောင်း ကိုယ်တွေ့ကြုံတွေ့ခဲ့သည့် ခရီးသွားများထံမှ သိရသည်။
ကွတ်ခိုင် - မူဆယ်လမ်းပိုင်းတွင် ယင်းသို့ကားကြီးများကို ကန့်လန့်ခံပိတ်ဆို့ကာ ကားသော့ဖြုတ်သိမ်းမှုများကို နိုဝင်ဘာ ၂၂ ရက်ကလည်းပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ နိုဝင်ဘာ ၂၃ ရက် နေ့ခင်းပိုင်းတွင် ယင်းသို့ ကုန်တင်တွဲယာဉ်များကို ကန့်လန့်ပြုလုပ်၍ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်စေရန် ဆက်လက်ပြုလုပ်မှုကြောင့် လားရှိုး - မူဆယ် အတက်အဆင်း ယာဉ်စီးရေရာချီမှာ အချိန်လေးနာရီကျော် ပိတ်မိမှုဖြစ်ပေါ်ခဲ့ရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ “ဒီကနေ့ လမ်းပြန်ပွင့်တယ်ဆိုလို့ မူဆယ်ဘက်တက်တဲ့ ကုန်ကားတွေရော၊ အိမ်စီးကားတွေရောအရင် နေ့တွေကထက်ပိုပြီး တက်လာကြတယ်။ လားရှိုး - ကွတ်ခိုင်အထိ ဘာမှထူးထူးခြားခြား မရှိပေမယ့် ကွတ်ခိုင်ကျော်ပြီး နန့်ပေါ်တံတားနဲ့ မော်တောင်းရွာကြားက တောင်ကြားနှစ်ခုမှာ တွဲကားတွေနဲ့ မှန်လုံကားကြီးတွေကို ကန့်လန့်ခံပိတ်ပြီး သော့ဖြုတ်သိမ်းသွားလို့ အတက်ရော အဆင်းရော ယာဉ်တွေတစ်ဖက်စီမှာ ပိတ်ကုန်တယ်။ တွဲကားတွေဆိုတော့ ပြန်ရွှေ့ရတာတော်တော်နဲ့ မလွယ်တော့ ပိတ်မိတဲ့အချိန်က လေးငါးနာရီ ကြာသွားတယ်။ အဲဒီကားလမ်း ပိတ်တဲ့နေရာကို ကျွန်တော်တို့ရောက်တော့ နံနက် ၁၁ လောက်ပဲရှိသေးပြီး ညနေ ၃ နာရီ လောက်မှာ ကားလေးတွေ နည်းနည်းချင်းပြန်ပွင့်သွားပေမယ့် ကျွန်တော်တို့လို ကားကြီးတွေကတော့ တော်တော်နဲ့သွားဖို့ မလွယ်သေးဘူး။ တောင်ငူကနေ ထွက်လာတဲ့နေ့နဲ့ဆို ငါးရက်ရှိပြီ” ဟု တောင်ငူမှ မူဆယ်သို့ ဖရဲသီးတင်ဆောင်လာသည့် ၁၂ ဘီးကား ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။
အဆိုပါ နန့်ပေါ်တံတားနှင့် မော်တောင်းကြားတွင် ယင်းသို့ယာဉ်ကြောများ ပိတ်ဆို့မှုဖြစ်ပေါ်နေစဉ် လက်နက်ကြီး ပစ်ခတ်မှုတစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး လားရှိုးမှမူဆယ်သို့ သွားရောက်ခဲ့သူတစ်ဦးက “ကျွန်တော်တို့ လမ်းပိတ်မိနေတဲ့ ခပ်လှမ်းလှမ်းက တောင်ကုန်းထိပ်မှာ ဗမာစစ်တပ်လား၊ လက်နက်ကိုင်အဖွဲ့ကလားတော့ သေချာမသိပေမယ့် လှုပ်ရှားနေတဲ့အရိပ်တွေ အကုန်မြင်နေရတယ်။ နောက်ပြီး ပိတ်မိချိန် နှစ်နာရီလောက်ကြာတော့ လက်နက်ကြီး ပစ်သံတစ်သံကြားရတယ်။ ဘယ်ကိုပစ်တာလဲတော့ မသိရဘူး။ နောက်ပြီး မုံးကိုးဘက်ကို ပျံသွားတဲ့ တိုက်လေယာဉ်နှစ်စင်း တွေ့ရပြီး အတော်ကြာတော့ အဲဒီတိုက်လေယာဉ်တွေ ပြန်လာတာတွေ့ရတယ်။ ကားလမ်းပြန်ပွင့်သွားတော့ အတက်ရောအဆင်းရော ကားတွေက အလုအယက် တိုးမောင်းကြတော့ အချိန်ကပိုကြာကုန်တယ်။ ရှင်းပေးတာမျိုးမရှိဘဲ အဆင်ပြေသလို ကြည့်သွားခဲ့ရတာ” ဟုဆိုသည်။
နိုဝင်ဘာ ၂၀ ရက်မှစ၍ ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းရှိ ပန်ဆိုင်း၊ မုံးကိုး၊ ကွတ်ခိုင်၊ မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး စခန်းတို့တွင် လတ်တလောဖြစ်ပွားလျက်ရှိသော တိုက်ပွဲအခြေအနေများအား တည်ငြိမ်ရေးနှင့် ပြည်သူများ၏ လုံခြုံစိတ်ချမှုအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ဖြစ်သည့် မြို့မပြည်သူ့စစ်၊ ပန်းဆေးပြည်သူ့စစ်၊ ကောင်းခါးပြည်သူ့စစ်၊ မုံးပေါ်ပြည်သူ့စစ်နှင့် ဆင်ကျော့ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မူဆယ်မြို့၏ လုံခြုံရေးကို ဆောင်ရွက်လျက်ရှိပြီး နိုဝင်ဘာ ၂၃ ရက်တွင် မူဆယ်မြို့ပေါ်တွင် သွားလာမှုအနည်းငယ် ပြန်လည်ရှိလာကာ ဈေးဆိုင်တချို့လည်း ပြန်လည်ဖွင့်လှစ်ထားကြောင်း တွေ့ရသည်။ “ဒီနေ့ရော မနေ့ကရော နယ်စပ်ထွက်ပေါက်ကနေ တရုတ်ဘက်ကို ကူးနေကြတာပဲ။ မနေ့ကတော့ ပိုများတာပေါ့။ ဒါပေမဲ့မနေ့က ထွက်သွားပြီး တရုတ်ဘက်ကနေ မနောကွင်းမှာ စစ်ဘေးရှောင်အဖြစ် လက်ခံထားတဲ့ လူဦးရေ နှစ်ရာလောက်ကို ပြန်ပို့လို့ ဒီဘက်ကို ပြန်ဝင်လာတာမျိုးရှိတယ်။ နောက်ပြီး မြို့ပေါ်မှာလည်း မနေ့ကလို ခြောက်ကပ်ပြီး မနေတော့ဘူး။ လမ်းပေါ်မှာ သွားသွားလာလာ ရှိပါတယ်” ဟု မူဆယ်မြို့ခံတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းမှာ ပိတ်ထားပြီး ကုန်စည်စီးဆင်းမှုများ ရပ်တန့်နေသည်ဟု ဆိုသော်လည်း မူဆယ်ဘက်မှ ကုန်အပြည့်နှင့် ၁၂ ဘီးယာဉ်များ ထွက်ခွာမှုများရှိနေကြောင်း တွေ့ရှိရသည်ဟု ကိုယ်တွေ့ကြုံတွေ့သူများက ဆိုပါသည်။
“လမ်းပိတ်ဆို့အောင် ကန့်လန့်ခံထားတဲ့ တွဲကားတွေက ကုန်အလွတ်ဆင်းလာတဲ့ ကားတွေများတယ်။ ဒါပေမဲ့ ကုန်အပြည့်နဲ့ ဆင်းနေတဲ့ကားတွေလည်း ရှိတယ်။ ကုန်သွယ်ရေးဇုန်က ဘယ်ဂိတ်မှ လုပ်ငန်း မလည်ပတ်နိုင်သေးပါဘူး” ဟု ၁၀၅ မိုင်အနီး နေထိုင်သူတစ်ဦးက ပြောကြားသည်။
မူဆယ်နှင့် မော်တောင်းကျေးရွာကြားတွင် ယာဉ်များ ပုံမှန်သွားလာနိုင်ခြင်း မရှိသေးဘဲ (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တွင်လည်း ကုန်စည်ကူးသန်းမှု မရှိသေး ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် နိုဝင်ဘာ ၂၃ ရက်၌ အသွားအလာ အနည်းငယ် ပြန်ရှိလာသော်လည်း ကုန်စည်ကူးသန်းမှုမှာ ရပ်တန့်နေဆဲဖြစ်ကြောင်း သိရသည်။
မူဆယ်ဘက်မှ လားရှိုးဘက်သို့ ထွက်ခွာလာသော ခရီးသည်တင်ယာဉ်ငယ်များနှင့် ကုန်တင်ယာဉ်အချို့သည် နိုဝင်ဘာ ၂၃ ရက် နံနက် ၉ နာရီခန့်က မူဆယ် - လားရှိုး ပြည်ထောင်စု လမ်းမကြီးပေါ် မော်တောင်းရွာနှင့် တာလုံရွာကြားတွင် လက်နက်ကိုင်များက ကားသော့များဖြုတ်ယူကာ ကားလမ်းပိတ်လိုက်သောကြောင့် ယာဉ်အစီးရေ ၁၀၀ ခန့် လမ်းပိတ်ဆို့မှုများဖြစ်နေကြောင်း သိရသည်။
“မနက်က မူဆယ်ဘက်ကနေ ခရီးသည်တင် ယာဉ်တွေ၊ ကုန်တင်ကားတွေ ထွက်သွားတာတွေ့တယ်။ မော်တောင်းနဲ့ တာလုံကြားမှာ လက်နက်ကိုင်တွေနဲ့တွေ့လို့ အခုတော့ ကားတွေပြန်ဝင်လာတာ တွေ့ရတယ်။ မော်တောင်းနားမှ ထိတွေ့မှုတွေ ဖြစ်နေတယ်လို့ အဲဒီကပြန်လာတဲ့ ခရီးသည်တစ်ဦးက ပြောတယ်။ ဒီကသွားတဲ့ကားတွေက ကွတ်ခိုင်တို့၊ လားရှိုးတို့ ရောက်မရောက်တော့ မသိဘူးပေါ့။ မူဆယ်ဘက်ကိုလည်း ကားတွေဝင်လာတာ တွေ့ရတယ်။ ဒီကထွက်သွားတဲ့ကားတွေ ပြန်လှည့်လာသလားတော့ မသိဘူး” ဟု မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးတွင် နေထိုင်သူ ဒေသခံတစ်ဦးက ပြောကြားသည်။
မူဆယ် ၁၀၅ မိုင်အနေအထားမှာ လူသွားလူလာ အနည်းငယ်မျှသာရှိနေပြီး လူမရှိသလောက်နီးပါး ဖြစ်နေကြောင်း၊ မည်သည့် ကုန်စည်ဒိုင်၊ ကုန်သွယ်ရေးဂိတ်များမှ လုပ်ငန်းစတင်ခြင်း မရှိသေးကြောင်း၊ အလုံပိတ် ကုန်တင်ယာဉ် အနည်းငယ်ခန့်မှာ မူဆယ်ဘက်မှ လားရှိုးဘက်သို့ မောင်းနှင်သွားသည်ကို တွေ့ရကြောင်း ထိုဒေသခံက ပြောကြားသည်။
“မော်တောင်းနဲ့ တာလုံကြားမှာ လက်နက်ကိုင်တွေက ကားသော့တွေ ဖြုတ်သိမ်းပြီး လမ်းတွေပိတ်ထားလို့ ယာဉ်ကြီး၊ ယာဉ်ငယ် အစီး ၁၀၀ လောက် လမ်းမှာစောင့်နေရတယ်။ တချို့လည်း မူဆယ်ဘက်ကို ပြန်လှည့်ပြန်ကြတယ်။ ခရီးသည်တချို့ကို လမ်းဆင်းလျှောက်ခိုင်းလို့ ခရီးသည်တွေက မော်တောင်းရွာမှာ သွားခိုနေရတယ်” ဟု ခရီးသည်တင် ယာဉ်မောင်းသမားတစ်ဦးက ပြောကြားသည်။
မူဆယ်မြို့တွင် ဈေးဆိုင်အနည်းငယ်နှင့် ဈေးများပြန်လည် ဖွင့်လှစ်လာသော်လည်း လူသွားလူလာ အနည်းငယ်မျှသာရှိကြောင်း သိရသည်။
“မနေ့ညက မူဆယ်ညဈေး ဟင်းသီးဟင်းရွက်ဈေးတော့ ဖွင့်တယ်။ အ၀တ်အထည်ဈေးတော့ မဖွင့်ဘူးပေါ့။ ဒီနေ့တော့ မူဆယ်မှာဈေးနဲ့ ဈေးဆိုင်အချို့ဖွင့်တာ တွေ့ရတယ်။ အသွားအလာကတော့ သိပ်မရှိဘူး။ ဈေးဆိုင်ကြီးတွေတော့ ဖွင့်တာသိပ်မတွေ့ဘူး” ဟု မူဆယ်မြို့နေသူ စိုင်းနေထွန်းက ဆိုသည်။
Writer:
မင်းသန့်၊ ထွန်းနေလှိုင် (နောင်ပိန်)
ELEVEN
No comments:
Post a Comment