Sunday, November 27, 2016

ကားကြီးဝန်းတည်ဆောက်သည့် ကုမ္ပဏီ ပိုင်ရှင်အား ကျပ်သိန်း ၁ သောင်းကျော် လိမ်လည်မှုဖြင့် မြောင်းမြမြို့ခံများ အမှုဖွင့်

 

Photo The Ayeyarwaddy Timesနိုဝင်ဘာလ ၂၅ ရက်၊ ၂၀၁၆ ခုနှစ်။

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ရှိ အဝေးပြေးကာဝန်း တည်ဆောက်ခွင့်ရရှိထားသည့် လဝန်းသစ္စာကုမ္ပဏီပိုင်ရှင် ဦးသော်လင်းထွန်းအား ကျပ်သိန်း ၁ သောင်းကျော်လိမ်လည်မှုဖြင့် မြောင်းမြမြို့ခံများနှင့် Sky Engineering Group ကုမ္ပဏီတို့က မြောင်းမြမြို့မရဲစခန်း တွင် အမှု ၅ မှုဖွင့်၍ တရားစွဲဆိုထား ကြောင်းသိရသည်။

အဆိုပါ အဝေးပြေးကားဝန်းကို ၂၀၁၄ခုနှစ် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်လက်ထက်က စတင်လုပ်ကိုင်ခွင့်ရရှိခဲ့သော သံတောင်မြို့နယ် ပြည်သူ့စစ်အဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိသူ လဝန်းသစ္စာကုမ္ပဏီပိုင်ရှင် ဦးသော်လင်းထွန်းမှာ ကားဝန်းအတွင်းရှိ ဆိုင်ခန်းများကို ရောင်းချငွေချေပြီးသော်လည်း ဆိုင်ခန်းများပြီးဆုံးသည်အထိ ဆောက်မပေးခြင်း ၊ ဆိုင်ခန်းများကို လိမ်လည်ရောင်းချခြင်း ၊ အကျိုးတူလုပ်ကိုင်သည့် ကန်ထရိုက်တာများကို ငွေမပေးဘဲ ရှောင်တိမ်းနေခြင်းများပြုလုပ်ကြောင်း ၊ ဦးသော်လင်းထွန်းကို မြောင်းမြမြို့ခံ၂ဦးနှင့် ပူးပေါင်းလုပ်ကိုင်သည့် ကုမ္ပဏီတို့က လိမ်လည်မှုပုဒ်မ ၄၂၀ဖြင့် အမှုဖွင့်ထားကြောင်း မြောင်းမြရဲစခန်းမှသိရသည်။
“ ဦးသော်လင်းထွန်း (လဝန်းသစ္စာကုမ္ပဏီပိုင်ရှင်) ကို ကျနော်တို့စခန်းမှာ ပုဒ်မ ၄၂၀ နဲ့ အမှုလာဖွင့်ထားတာ ၅ မှုရှိပါတယ်။ စစ်ဆေးမှုအားလုံးပြီးစီးတဲ့အခါ အမှုတွေ တရားရုံးကိုတင်ပို့သွား မှာပါ ”ဟုမြောင်းမြမြို့မစခန်းမှူး ဒုရဲမှူး အေးမင်းသိန်းက ပြောသည်။

ဦးသော်လင်းထွန်းမှာအကျိုးတူကန်ထရိုက် Sky Engineering Group ကုမ္ပဏီထံမှ ငွေကျပ် ၆၀၉၆ သိန်း၊ မန္တလေးမြို့နေဦးပြည့်စုံဝင်းထံမှ ငွေကျပ် သိန်း ၆၀၀ ၊ မြောင်းမြမြို့ခံ ဦးဌေးအောင် ထံမှ ကျပ် သိန်း ၄၀၀၀ ကျော်၊မြို့ခံ ဒေါ်မူမူစန်း ထံမှ ငွေကျပ် ၁၄၀ သိန်းတို့ကိုလိမ်လည်သည့်အတွက် အမှုဖွင့်ရခြင်းဖြစ်ကြောင်း နစ်နာသူများက ပြောသည်။
“ကျွန်တော့်အနေနဲ့ ဆိုင်ခန်းတွေကိုသိန်း ၄ ထောင် ကျော်ဖိုးအထိ ဝယ်ယူခဲ့တယ်။ ငွေလည်းတပြား မကျန် ဦးသော်လင်းထွန်း ကိုပေးခဲ့ပြီးသားပါ။ ငွေကျတော့ယူပြီး ဆိုင်ခန်းကျတော့ ပြီးအောင်ဆောက်မပေး ဘူး။ ဆောက်လက်စတန်းလန်းနဲ့ ပစ်ထားတာ ၆ လလောက် ဖြစ်နေပြီ။ ပြီးတော့ ဆိုင်ခန်းတွေကိုအောက်တိုဘာလ ၃၀ နောက်ဆုံးထားပြီး ဝယ်သူဆီအပ်နှံ မယ်၊ မအပ်နိုင်ခဲ့ရင် ဝယ်ထားတဲ့ငွေရဲ့ ၂ ဆကို ပြန်လျော်ပါမယ်လို့ ဦးသော်လင်းထွန်းနဲ့ ကျနော်တို့ စာချုပ် ချုပ်ဆိုထားတယ်။ အဲတော့ သတ်မှတ်အချိန်ကာလကျော်လွန်နေလို့ အခုလိုအမှုဖွင့်တာပါ” ဟု ဆိုင်းခန်း ဝယ်ယူခဲ့သူ မြောင်းမြမြို့ခံ ဦးဌေးအောင် ကပြောသည်။

တည်ဆောက်ရေးအတွက် လဝန်းသစ္စာကုမ္ပဏီက Sky Engineering Group၊ Summit Top၊ YET Engineering Group၊ ပါရှန်းပုလဲစသည့်ကုမ္ပဏီများနှင့် အကျိုးတူကန်ထရိုက် စာချုပ်ချုပ်၍ အဝေးပြေး ကားဝန်းကို တည်ဆောက်ခဲ့ သော်လည်း လဝန်းသစ္စာကုမ္ပဏီပိုင်ရှင် ဦးသော်လင်းထွန်းက ငွေပေးချေခြင်း မရှိသည့်အတွက် တည်ဆောက်ရေး လုပ်ငန်းများ ရပ်ဆိုင်းထားရပြီး အဝေးပြေးကားဝန်းမှာလည်း စီမံကိန်း ကာလအတွင်း မပြီးစီးသည့်အခြေအနေ ဖြစ်ပေါ်နေသည်။

“ဦးသော်လင်းထွန်းဟာ ကျမတို့ကို ဖိတ်ခေါ်လို့ အဝေးပြေးကားဝန်း တည်ဆောက်မှုမှာ ဆပ်ကန်ထရိုက်အနေနဲ့ ပွဲရုံဆိုင်ခန်း ၄၂ ခန်း တည်ဆောက်ဖို့ ၂၀၁၅ မှာ စာချုပ်ခဲ့တယ်။ စရံအဖြစ် သူ့ကို (ဦးသော်လင်းထွန်း) သိန်း ၆၀၀ ပေးပြီး ဆောက်ရာမှာ ပြီးစီးမှုအဆင့်လိုက် ငွေချေပေးမယ်ပြောပြီး အခုချိန်အထိ ကျမတို့ စရံပေးထားတဲ့ ငွေတွေအပါအဝင် ကျပ်သိန်း ၆၀၀၀ ကျော်ကို ဦးသော်လင်းထွန်းက တပြားမှပြန်မပေးလို့၊ ပြီးတော့ ဟိုနေ့ ပေးမယ်၊ ဒီနေ့ပေးမယ်နဲ့ ကတိတွေအကြိမ်ကြိမ်ဖျက်ခဲ့လို့ တရားစွဲတာပါ”ဟု Sky Engineering Group ကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ ဒေါ်ခိုင်စုယဉ်က ပြောသည်။

လဝန်းသစ္စာကုမ္ပဏီ အနေဖြင့် ကျပ်သိန်း ၄ သောင်းကျော် တန်ဖိုးရှိမြောင်းမြမြို့၊ အဝေးပြေးကားဝန်း စီမံကိန်းကို ကျပ်သိန်း၂ သောင်းကျော် စိုက်ထုတ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အစိုးရ အကူးအပြောင်း ကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ ကျဆင်းမှုနှင့်အတူဈေးဆိုင်ခန်း များလည်းမျှော်လင့်ထားသလိုရောင်းချနိုင်ခြင်းမရှိသည့်အတွက် ငွေမချေနိုင်ခြင်း ဖြစ်ပြီး ပြေလည်အောင်ဖြေရှင်း ပေးသွားမည် ဖြစ်ကြောင်း ပိုင်ရှင်ဖြစ်သူ ဦးသော်လင်းထွန်း ကပြောသည်။

`ဆိုင်ခန်းတည်ဆောက်မှုတွေကိုနောက်လမှာ ပြန်လည်စတင်မှာပါ။ နိုင်ငံခြားကုမ္ပဏီတွေကိုကျနော်တို့ အကူအညီတောင်းတော့ ငွေကြေးပိုင်း ဆိုင်ရာကူညီပေးမယ့်ကတိတွေ ရထား ပါတယ်။ ဒါကြောင့် ဆိုင်ခန်းတွေကို ပြီးဆုံးအောင်ဆောက်ပြီး ပိုင်ရှင်လက်ဝယ် အပ်နှံပေးသွားမှာပါ´ဟု လဝန်းသစ္စာ ကုမ္ပဏီပိုင်ရှင် ဦးသော်လင်းထွန်း ကပြောသည်။

မြောင်းမြမြို့၊ အဝေးပြေး ကားဝန်းစီမံကိန်း ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် လဝန်းသစ္စာကုမ္ပဏီတို့ ၂၀၁၄ ခုနှစ်အောက်တိုဘာလတွင် စာချုပ်ချုပ်၍ လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ကားဝန်းအတွင်း ပွဲရုံနှင့် လူနေဆိုင်ခန်းပေါင်း ၁၀၈ ခန်းအပါအဝင် ကားပြင်နေရာ၊ ကွန်ကရစ်လမ်း၊ ကားရေဆေးခုံ၊ ဆီဆိုင်စသည့် အခြေခံအဆောက်အဦး ၁၇ ခုတို့ကို၂၀၁၆ ခုနှစ် အောက်တိုဘာလကုန်တွင်အပြီးတည်ဆောက်ရန် သတ်မှတ်ထားကြောင်း သိရသည်။

Ayeyarwaddy Times

No comments: