Friday, November 25, 2016

Eleven ၏ CEO နှင့် အယ်ဒီတာချုပ်ကို ရုံးထုတ်မည်

ရန်ကုန်၊ နိုဝင်ဘာ ၂၄

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ပြီး အင်းစိန် အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် Eleven Media Group အမှုဆောင် အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင်နှင့် The Daily Eleven အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို နိုဝင်ဘာလ ၂၅ ရက် သောကြာနေ့ နံနက်ပိုင်းတွင် တာမွေမြို့နယ် တရားရုံးသို့ ရုံးထုတ်မည်ဖြစ်ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

“ဥပဒေ အကြံပြုရရင် တစ်ခါထဲ တရားစွဲဆိုဖြစ်မယ်၊ ဒီနေ့က အမျိုးသားနေ့ ရုံးပိတ်ရက်ဖြစ်တာကြောင့် ဥပဒေ အကြံပြုဘက်က တရားစွဲဆိုခွင့် ပြု မပြု မသိရဘူး၊ တရား မစွဲဆိုဖြစ်ခဲ့ရင် ချုပ်ရမန်ထပ်ယူမယ်”ဟု တာမွေမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။ ဒေါ်လာသိန်းကျော်တန် နာရီ ဝန်ကြီးချုပ်ထံ လက်ဆောင်ပေးသည် ဟူသော facebookတွင် ရေးသားချက်ကြောင့် ဒေါက်တာ သန်းထွဋ်အောင်နှင့် Eleven Media Group တို့ကို အရေး ယူပေးရန် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက တာမွေမြို့နယ် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သောကြောင့် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ၎င်းတို့ နှစ်ဦးက အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံ လာရောက် အဖမ်းခံခဲ့ကြောင်း ဒုတိယ ရဲမှူးကြီး မြင့်ထွေးက ပြောကြားသည်။

Eleven ၏ CEO နှင့် အယ်ဒီတာချုပ်တို့ လာရောက် အဖမ်းခံပြီးနောက် အင်းစိန် အကျဉ်းထောင်တွင် ထိန်းသိမ်းခံရစဉ် Eleven Media Group မှ ရဲစခန်းများတွင် တရားလိုပြု အမှုဖွင့် တိုင်ကြားထားသည့် ဆက်သွယ်ရေး ဥပဒေ ၆၆(ဃ) အမှုများကို ပြန်လည် ရုပ်သိမ်းရန် စီစဉ် ဆောင်ရွက်ခဲ့ကြောင်း သတင်းထောက်ချုပ် ကိုမာန်သူရှိန်ထံမှ သိရသည်။

ဆက်သွယ်ရေး ဥပဒေ ၆၆(ဃ) ဖြင့် ဖမ်းဆီးခံရသည့် Eleven ၏ CEO နှင့် အယ်ဒီတာချုပ်ကို ပြန်လွှတ်ပေးရန် ပြည်တွင်း ပြည်ပ မီဒီယာ အဖွဲ့အစည်းများက တောင်းဆိုခဲ့ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့ တာမွေမြို့နယ် တရားရုံးထုတ်တွင် ဖမ်းဆီးခံရသူ နှစ်ဦး အာမခံ ရရှိရန် တရားရုံးထံ လျှောက်ထားမည်ဖြစ်ကြောင်း သိရသည်။

THE VOICE

No comments: