Thursday, November 24, 2016

ရှမ်းမြောက်တွင် တိုက်ပွဲပြင်းထန်လာချိန် ဖားကန့် ကျောက်စိမ်းဒေသတွင်လည်း ကျောက်စိမ်းတူးဖော်မှု ပိုမိုများပြားလာ

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေပြီး လတ်တလော အတွင်းမှာပင် ဖားကန့် ကျောက်စိမ်းဒေသတွင်လည်း ကျောက်စိမ်းတူးဖော်မှု ပိုမိုများပြားလာကြောင်း ဖားကန့်ဒေသခံများက ဆိုသည်။

 

“ဒီနှစ်ကျောက်စိမ်း ထုတ်တာ နည်းနည်းပိုတယ်။ လုံးခင်းမှာ ပိုပြီးတော့ ပိုတာပေါ့။ ဘာလို့လဲဆို ကျွန်တော်တို့က လက်တွေ့မြင်နေရတဲ့ အနေအထားမှာဆိုတော့ သိတာပေါ့။ ကားတွေ များလာတယ်။ မြစ်ကြီးနားမှာတောင် ကားဆယ်စီးလောက် ရောက်နေတယ် ကြားတယ်။ ထပ်ပြီးတိုးလာတယ် ကြားတယ်” ဟု Greenland သဘာဝပတ်ဝန်းကျင် အဖွဲ့မှ ဦးနောင်လတ်က The Ladies သို့ နိုဝင်ဘာလ ၂၃ ရက်နေ့က ပြောသည်။

 

ကေအိုင်အေနှင့် တပ်မတော်တို့အကြား ကချင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်ခဲ့သည့် ၂၀၁၂ ခုနစ်အတွင်းက ကျောက်စိမ်းတွင်းများ ခေတ္တပိတ်ခဲ့ဖူးပြီး လတ်တလော ရှမ်းမြောက်ဒေသတွင် ပြင်းထန်နေသည့်အတွက် ကချင်ဒေသတွင် ဖြစ်လာပါက ကျောက်စိမ်းတွင်းများ တူးဖော်မှုအပေါ် ထိခိုက်မှုရှိလာနိုင်သဖြင့် ကုမ္ပဏီများအနေဖြင့် ယခုရက်ပိုင်း အတွင်းတွင် တူးဖော်မှု အရှိန်မြင့်တင်မှု ပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်းလည်း ဒေသခံအချို့က ပြောသည်။ ယမန်နှစ် နိုဝင်ဘာလထက်ပင် တူးဖော်မှုများ များပြားနေသည်ဟု ဆိုကြသည်။

 

“တကယ် ပုံမှန်နှစ်တွေ နှုန်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အခု ရက်ပိုင်းတူးဖော်မှု များနေတယ်” ဟု ကချင်ပြည်အမှတ်(၃) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်ကလည်း ပြောသည်။

 

ယမန်နှစ်ကလည်း ယခုကဲ့သို့ နိုဝင်ဘာ ၊ ဒီဇင်ဘာ အစိုးရ အကူးအပြောင်း မလုပ်ခင်ကာလတွင် နယ်စပ်မှ ယာဉ်အမြောက်အမြား တင်သွင်းပြီး ကျောက်စိမ်း အလွန်အကျွံ တူးဖော်မှုများ ပေါ်ပေါက်ခဲ့ဖူးသည်။ ထို့အတူ ဖားကန့်ဒေသအတွင်း နိုဝင်ဘာ ၂၂ ရက်က မြန်မာ့တပ်မတော်နှင့် KIA တို့ ထိတွေ့ပစ်ခတ်မှု တစ်နာရီခန့် ဖြစ်ပွားခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

 

“တစ်ဖွဲ့နဲ့တစ်ဖွဲ့တော့ စောင့်ကြည့်တဲ့ အနေအထားမှာတော့ ရှိနေကြတာပေါ့။ နည်းနည်း သတိထားနေကြတဲ့ အနေအထားမှာ ရှိနေတယ်။ သွားလာတာတွေကိုတော့ သူတို့တိုက်ပွဲ ဖြစ်နေရင် တားထားတာပေါ့။ တိုက်ပွဲဖြစ်နေတယ် ခဏလေး နေဦး မဖြတ်နဲ့ပေါ့။ နှစ်ဖက်နားလည်မှုတော့ ရှိကြတယ်ထင်တာပဲ” ဟု ဦးနောင်လတ်က ပြောသည်။

 

ဖားကန့်ဒေသတွင် ကျောက်စိမ်း တူးဖော်နေသည့် ကုမ္ပဏီများက ငွေများပေးသဖြင့် လက်နက်ကိုင် တပ်ဖွဲ့များကလည်း ကုမ္ပဏီများကို လုံခြုံရေးပေးသည့် အနေအထားများပင် ရှိကြောင်းလည်း ၎င်းက ပြောသည်။

 

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ကန့်သတ်စစ်ပွဲများသာဖြစ်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး ကို ထိခိုက်စေရန် ရည်ရွယ်ခြင်းမဟုတ်ကြောင်း KIO မှ နိုဝင်ဘာ ၂၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

 

ဇော်မင်းထွန်း

The Ladies News

No comments: