ရန်ကုန်၊ နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်နှင့် ကွတ်ခိုင် အနီးတို့တွင် နိုဝင်ဘာလ ၂ဝ ရက်နေ့မှစ၍ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လမ်းကြောင်းများ ပိတ်ဆို့ပြီး တရုတ်သို့ တင်ပို့သည့် ကဏန်းအမာ အကောင်ရေ တစ်သိန်း နီးပါးမှာ သေဆုံးကုန်သည့်အတွက် မူဆယ်လမ်းပေါ်တွင် စွန့်ပစ်ခဲ့ရကြောင်း ကဏန်း မွေးမြူတင်ပို့ သူများထံမှ သိရသည်။
“ကဏန်းဆိုတာ အရှင်ပဲ ကောင်းတာ။ သေသွားရင် အသားတွေ ဆွေးပြီး ပုပ်တာ။ မလတ်ဆတ်တော့ဘူး။ နှစ်ရက်လောက် နောက်ကျတာနဲ့ ရေထဲမှာ သေပြီ။ ကဏန်းတွေက ဖော့ပုံးတွေနဲ့ သယ်ရတာ။ တစ်ကောင် နှစ်ကောင် သေတာနဲ့ ပုံးလဲပြီး ပြန်လုပ်နိုင်မှ၊ မဟုတ်ရင် အကုန်သေပြီး ပုပ်တာ”ဟု ကဏန်း တင်ပို့သူ ဦးတင်ဝင်းက ရှင်းပြသည်။
တိုက်ပွဲ စဖြစ်သည့်နေတွင် မန္တလေးမှ မူဆယ်သို့ ကဏန်း အမာများ သယ်ပြီး တက်သွားသည့် ကုန်တင်ယာဉ် လေးစီးခန့် ရှိကြောင်း၊ အချို့သော ကုန်ကားများမှာ အရဲစွန့်၍ မောင်းကြသော်လည်း ကဏန်း သယ်သွားသည့် ကုန်ကားများမှာ မမောင်းရဲသောကြောင့် ပစ္စည်းတန်ဖိုးငွေ ကျပ်သိန်း ၃ဝဝဝ နီးပါး ဆုံးရှုံးခဲ့ရကြောင်း ၎င်းက ဆိုသည်။
တိုက်ပွဲ မဖြစ်ပွားမီက ကဏန်း အမာအသေးဆိုက်မှာ ငွေကျပ် ၄၄ဝဝ ခန့် ဈေးပေါက်သော်လည်း လက်ရှိ အချိန်တွင်မူ ၃၂ဝဝ ကျပ်သာ ဈေးရပြီး နောက်ပိုင်းတွင် ဆက်လက် ဈေးကျနိုင်ခြေရှိကြောင်း၊ ကဏန်းသည် မွေးမြူရေးပိုင်းတွင် မအောင်မြင်သေးသောကြောင့် သဘာဝကို အားကိုးရသည့် ပစ္စည်းဖြစ်ကြောင်း ကဏန်း မွေးမြူသူ ဦးရဲဝင်းက ပြောကြားသည်။
“ကုန်ကား တစ်စီးဆိုရင် ကဏန်း ၃၈ ကီလို ထည့်ထားတဲ့ ဖော့ပုံးပေါင်း ၆ဝဝ လောက် တင်သွားတာ။ ကုန်ကား တစ်စီးဆိုရင် ကျပ်သိန်း ၈ဝဝ နီးပါးလောက် တန်ဖိုး ရှိတယ်။ ပြီးတော့ သူတို့က တိုက်ပွဲ မဖြစ်ခင်က အမြင့်ဈေးနဲ့ တင်သွားတာဆိုတော့ ဆုံးရှုံးမှု ပိုများနိုင်တယ်”ဟု ၎င်းကဆိုသည်။
အခြား ရေထွက်ကုန် တစ်မျိုးဖြစ်သည့် ငါးရှဥ့်မှာ မူဆယ်သို့ အဓိက တင်ပို့သော်လည်း တိုက်ပွဲဖြစ်ချိန်တွင် ချင်းရွှေ ဟော်ဘက်သို့ ပတ်တက်၍ တရုတ်ဈေးကွက်သို့ တင်ပို့ကြောင်း၊ ကဏန်းမှာမူ အချိန် ကြာမြင့်သည့် ဒဏ်နှင့် လမ်း မကောင်းပါက ပို၍ အသေ များသည့်အတွက် ချင်းရွှေဟော်ဘက်မှ မတင်ပို့ကြကြောင်း ဦးရဲဝင်းက ရှင်းပြသည်။
No comments:
Post a Comment