Thursday, October 13, 2016

နယ်ခြားစောင့်စခန်း တိုက်ခိုက်သူများမှာ RSO ဖြစ်သည်ဟု အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဌ ဦးအေးသာအောင် ပြောဆို

နယ်ခြားစောင့်စခန်း တိုက်ခိုက်သူများမှာ RSO ဖြစ်သည်ဟု အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဌ ဦးအေးသာအောင် ပြောဆို


မင်းပြား၊ အောက်တိုဘာ(၁၃)ရက်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း နယ်ခြားစောင့် တပ်စခန်းများ တိုက်ခိုက်ခံရမူများမှာ RSO (Rohinngya Solidarity Organization)အဖွဲ့၏ လက်ချက်ဖြစ်သည်ဟု အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဌ ဦးအေးသာအောင်က အောက်တိုဘာ (၁၃) ရက်နေ့က ပြောဆိုလိုက်သည်။

“ဒီတိုက်ခိုက်မူတွေဟာ ဘယ်အဖွဲ့လက်ချက်ကြောင့်လဲဆိုတာ သေချာသိနေပြီးသားပဲ။ ရိုဟင်ဂျာလို့ အမည်ခံတဲ့ သူတွေက တဖက်မှာနိုင်ငံရေးနည်းလမ်းနဲ့နိုင်ငံတကာမှာ ကုလသမဂ္ဂအဖွဲ့ထိတတ်ပြီးတော့ လိမ်လည် လှည့်ဖြားပြီး တောင်းဆိုနေကြတယ်။ ပြီးတော့ RSO အနေနဲ့ တစ်ဖက်နိုင်ငံမှာ အခြေစိုက်စခန်းတွေချပြီး  စစ်သင်တန်းတွေပေးနေကြတယ်။ ဒါတွေက ကျွန်တော်ဆီကို တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ဓာတ်ပုံတွေနှင့်တကွ တင်ပြတဲ့အတွက်ကြောင်း သိနေတယ်။ တစ်ဖက်နိုင်ငံမှာ အခြေစိုက်တဲ့ RSO အဖွဲ့နဲ့ မောင်တောဖက်က  ဘင်္ဂါလီကျေးရွာတွေမှာရှိတဲ့ စစ်သင်တန်းဆင်းပြီးသား RSO အဖွဲ့ဝင်တွေပူးပေါင်းပြီး တိုက်ခိုက်တယ်ဆိုတာ မြေကြီးလက်ခတ်မလွဲ ထင်ရှားပါတယ်။”ဟု ဦးအေးသာအောင်က ပြောသည်။

RSO (ရိုဟင်ဂျာ စည်လုံးညီညွတ်ရေးအဖွဲ့)ကို ၁၉၇၀ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

“ရခိုင်ပြည်နယ်မှာ ခေတ်အဆက်ဆက် နည်းလမ်းမျိုးစုံနဲ့ ၀င်ရောက်လာကြတဲ့ ဘင်္ဂါလီလူမျိုးတွေဟာ ဘူးသီတောင်နဲ့မောင်တောမြို့နယ်တွေမှာ အဆမတန်များပြားနေတယ်။ သူတို့တွေထဲမှာ တချို့က မြန်မာနိုင်ငံသား လျှောက်ထားဖို့နဲ့ တချို့ကတော့ တခြားနာမည်တစ်ခုနဲ့ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားအဖြစ် နယ်မြေကို ထိန်ချုပ်ဖို့သိမ်းပိုက်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေကြတယ်။”ဟု ဦးအေးသာအောင်က ဆက်ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်နယ်စပ်၊ မောင်တောခရိုင်အတွင်း နယ်မြေရှင်းလင်းမှုများ ပြုလုပ်နေပြီး အောက်တိုဘာလ (၉)ရက်နံနက်ပိုင်းက နယ်ခြားစောင့်စခန်းများအား အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်(၉)ဦး သေဆုံးကာ နယ်မြေရှင်းလင်းစဉ်တွင်လည်း တပ်မတော်သား(၅) ဦးထပ်မံသေဆုံးသည့်အတွက် စုစုပေါင်း ၁၄ ဦး သေဆုံခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများကြောင့် ဘင်္ဂါလီကျေးရွာကြီးများ ၀ိုင်းနေသော ရခိုင်တိုင်းရင်းသားကျေးရွာများမှ ပြည်သူများ မောင်တောမြို့ပေါ်သို့ အောက်တိုဘာ(၁၄)ရက်နေ့မှစ၍ ထွက်ပြေးလာကြကြောင်း သိရပြီး ရခိုင်လူမှု အဖွဲ့အစည်းများအနေဖြင့် အကူအညီများ ထောက်ပံ့ပေးနိုင်အောင် ကြိုးစားနေကြကြောင်း သိရသည်

No comments: