မှော်ဘီမြို့နယ်တွင် အင်တာနက် အသုံးပြုသူများကို တရားစွဲဆိုနိုင်သည့် ဆက်သွယ်ရေးဥပဒေ ၆၆(ဃ) ပြင်ဆင်ရေး အတွက် လူထုအသိပညာပေး လှုပ်ရှားမှုအား အောက်တိုဘာ ၁၃ ရက်က ပြုလုပ်ခဲ့သည်။
အဆိုပါလှုပ်ရှားမှု အစီအစဉ်အား အောက်တိုဘာ ၁၂ ရက် နံနက် ၁၁ နာရီမှ စတင်ကာ မှော်ဘီမြို့နယ်ရှိ တရားရုံးဝန်းကျင် အနီးတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ပြင်ဆင်ရေး ကမ်ပိန်းလှုပ်ရှားမှု ကော်မတီဝင် များက စတစ်ကာဝေငှာခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှာခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစီအစဉ်တွင် ပါဝင်သူ ကိုအောင်ဇော်ထွေးက “ဒီဥပဒေကို ဘာလို့ ပြင်ဆင်စေချင်သလဲဆိုရင် ဒီဥပဒေက မမျှတဘူးလို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုရင် အင်တာနက် အသုံးပြုသူတိုင်းကို လိုရင်လိုသလို အသုံးပြုပြီး တရားစွဲလို့ရတဲ့ ဥပဒေပုဒ်မ ဖြစ်နေတယ်”ဟု ပြောသည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)သည် “မည်သူမဆို အောက်ပါ ပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ (ဃ) ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့် တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာ သုံးခြင်း၊ သို့မဟုတ် ခြိမ်းခြောက်ခြင်း ဟူ၍ ဥပဒေတွင် ဖော်ပြထားသည်။
ဥပဒေထဲတွင် ဆက်သွယ်ရေး ကွန်ရက် အသုံးပြုသူများအား တိုက်ခိုက်ရန် ကျူးလွန်သူများအား အရေးယူနိုင်ရန် ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ လက်တွေ့တွင် တစ်စုံတစ်ဦးကို မကျေနပ်သဖြင့် ၄င်းအသုံးပြုသည့် လူမှုကွန်ရက် အကောင့်မှ အချက်အလက်များ အကုန်ရယူပြီး အတုပြုလုပ်ကာ နိုင်ငံအကြီးအကဲများအား ဆဲဆိုတာခြင်းများ ပြုလုပ်ကာ တရားစွဲဆိုပါက ကူးယူခံရသူက အရင် တရားစွဲခံရမည် ဖြစ်သည့်အတွက် ဥပဒေ အားနည်းချက်များ ပြင်ဆင်လိုခြင်းဖြစ်သည်။
ကိုအောင်ဇော်ထွေးက “တကယ် ကိုယ်လုပ်တယ်၊ မလုပ်ဘူးဆိုတာ မစိစစ်ဘူး။ အရင် အချုပ်ထဲ သွာံးမယ်။ ဒီကိစ္စစုံစမ်းစဉ် ကာလမှာ အာမခံမပေးဘူး။ ဒီအတွက် အာမခံပေးစေချင်တယ်။ ဘာလို့ အာမခံပေးစေချင်သလဲ ဆိုရင် မဟုတ်တဲ့လူအတွက်က နစ်နာတယ်။ ဟုတ်တဲ့သူ ဆိုရင်ခံပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လူမှုကွန်ရက် မီဒီယာများအား အသုံးပြုသူများလာပြီး အဆိုပါ လူမှုကွန်ရက် မီဒီယာများ တွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ၄င်းတို့မိသားစုဝင်များပါ သုံးစွဲလာခြင်းများ ရှိသည်။ လူမှုကွန်ရက် မီဒီယာ အသုံးပြုပြီး တစ်ခါတစ်ရံ ပုဂ္ဂိုလ်ရေးအမြင်များ ရေးသားသည့်အခါ အဝေဖန်ခံရသူမှ တိုက်ရိုက် တရားစွဲခြင်းမျိုး မဟုတ်ဘဲ အခြားသူများက တရားစွဲခွင့်ရသည့်အတွက် အဆိုပါ ဥပဒေနှင့်ပတ်သက်ပြီး အငြင်းပွားဖွယ်ရာများ ဖြစ်နေသည်။
ဆက်သွယ်ရေး ဥပဒေ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံရသူများမှာ ကိုဇော်မျိုးညွန့်၊ မောင်ဆောင်းခ၊ ချစ်သမီး (ခေါ်) ချောစန္ဒီထွန်း၊ ကိုပတ်ထရစ်ခွန်ဂျာလီ၊ ဦးသန်းထွန်း၊ ကိုလှဖုန်း၊ ဦးနေမျိုးဝေ၊ ကိုရာပြည့်နှင့် ကိုအောင်ဝင်းလှိုင် တို့ဖြစ်သည်။ ထိုအထဲမှ ဦးနေမျိုးဝေ တစ်ဦးသာ စွဲချက်တင်မခံရဘဲ လွတ်မြောက်ခဲ့ပြီး ကိုရာပြည့်နှင့် ကိုလှဖုန်းတို့မှာ အမှုစစ်ဆေးဆဲပင် ဖြစ်သည်။ ကျန်သည့်သူများသည် ပြစ်ဒဏ်အသီးသီး ကျခံပြီးသူများဖြစ်သည်။ ဆက်သွယ်ရေးဥပဒေ၆၆(ဃ) ပြင်ဆင်ရေး ကမ်ပိန်းလှုပ်ရှားမှု ကော်မတီအနေဖြင့် ရှေ့ဆက်ပြီး ၆၆(ဃ)ဖြင့် တရားစွဲဆိုခံရသူများ ရုံးထုတ်တွင် စတစ်ကာ ကမ်ပိန်းပြုလုပ်ခြင်း လက်ကမ်းစာစောင်များ ဝေငှာခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ ဥပဒေနှင့်ပတ်သက်ပြီး တရားဥပဒေရေးရာ ကျွမ်းကျင်သည့် ရှေ့နေများ၊ ဆက်သွယ်ရေး နည်းပညာ တတ်ကျွမ်းသည့် ပညာရှင်များ၏ သဘောထားအမြင်ကို စုစည်းပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသို့ ပေးပို့ကာ ဥပဒေ ပြင်ဆင်ရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဆိုသည်။
Photo - Thu Zaw
The Ladies News
No comments:
Post a Comment