Thursday, October 13, 2016

ဂမုန်းပွင့်ကုမ္ပဏီမှ တင်ဒါအောင်မြင်ထားသည့် စည်ပင်မော်တော်ယာဉ်ဝင်း မြေနေရာ ပြန်သိမ်းမည်ဆိုပါက နောက်ကြောင်းပြန်သည့် ကိစ္စဖြစ်ဟုဆို


မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရည်လမ်း ဖို့မြေရပ်ကွက်ရှိ စည်ပင်မော်တော်ယာဉ်ဝင်း မြေနေရာသည် ယခင်အစိုးရလက်ထက် ဂမုန်းပွင့်ကုမ္ပဏီမှ တင်ဒါအောင်မြင်ထားသည့် မြေနေရာဖြစ်ပြီး ပြန်သိမ်းမည်ဆိုပါက နောက်ကြောင်းပြန်သည့် ကိစ္စဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အောက်တိုဘာ ၁၃ ရက်တွင် ပြောဆိုလိုက်သည်။

 

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်က မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရည်ရပ်ကွက်၊ ဖို့မြေရပ်ကွက်တွင်ရှိသော အသုံးမပြုဘဲထားရှိသည့် စည်ပင်မော်တော်ယာဉ်ဝင်းအား မြို့နယ်အားကစားကွင်းအဖြစ် သတ်မှတ် တည်ဆောင်ပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းမှုကို မြို့တော်ဝန်က ပြန်လည်ဖြေကြားရာတွင် ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

 

မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရည်လမ်း ဖို့မြေရပ်ကွက်ရှိ စည်ပင်မော်တော်ယာဉ်ဝင်း မြေနေရာသည် စည်ပင်သာယာရေး ကော်မတီ စက်ရုံနှင့် မော်တော်ယာဉ်ဌာနက အသုံးပြုခဲ့သည့် မြေနေရာဖြစ်ပြီး မြေဧရိယာ ၈.၅၁၈ ဧကဖြစ်ကာ၊ အမည်ပေါက်မှာ ရန်ကုန်မြုနီစပယ် ကော်ပိုရေးရှင်းဖြစ်သည်။

 

ယင်းမြေနေရာသည် နိုင်ငံတော်၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေချိန်တွင် အထောက်အကူပြုစေရန်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ရန်ကုန်မြို့လယ် ဗဟိုစီးပွားရေးဇုန်၏ သိပ်သည်းမှုများ လျှော့ချနိုင်ရန် ရန်ကုန်မြို့အနှံ့ ဖွံ့ဖြိုးစည်ပင်မှုကို ဖြန့်ဝေနိုင်ရန် မြို့ပြဖွံ့ဖြိုးမှုကို အထောက်အကူပြုစေမယ့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ၁၂-၉-၂၀၁၃ နှင့် ၁၉-၉-၂၀၁၃ ရက်နေ့များတွင် နိုင်ငံပိုင်သတင်းစာများက တစ်ဆင့် တင်ဒါခေါ်ယူခဲ့သည်။

 

ယင်းမြေနေရာ တင်ဒါတင်သွင်းသူ လေးဦးအနက် Hotel၊ Office Tower၊ Shopping Mall များ ပါဝင်သည့် စီးပွားရေး အဆောက်အအုံ စီမံကိန်းဆောင်ရွက်ရန် ဂမုန်းပွင့်ကုမ္ပဏီကို ၁၀-၇-၂၀၁၄ တွင် ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး ၂၆/၂၀၁၄ ဆုံးဖြတ်ချက် အပိုဒ် ၄ အရ အတည်ပြု ရွေးချယ်ခဲ့ပြီးဖြစ်သည်ဟု မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောသည်။

 

“ယင်းမြေနေရာဟာ ယခင်ကတည်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စက်ရုံနဲ့ မော်တော်ယာဉ်ဌာနအဖြစ် တည်ရှိခဲ့ပြီး အခုစီးပွားရေး အဆောက်အအုံစီမံကိန်း ဆောင်ရွက်မယ့် မြေနေရာဖြစ်တာကြောင့် မြို့နယ်အားကစားကွင်းအဖြစ် သတ်မှတ်ဆောင်ရွက်ပေးဖို့ အစီအစဉ်မရှိပါကြောင်း၊ သို့သော်လည်း တခြားနေရာတွေမှာ မြေတွေလိုက်ရှာနေပါတယ်။ ဒီဟာကို ပြန်သိမ်းမယ်ဆိုရင် နောက်ကြောင်းပြန်တဲ့ ကိစ္စတွေပါ။ ဒါကိုတော့ ကျွန်တော်ဒီအတိုင်းပဲ ဖြေပါရစေ” ဟု မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောသည်။

 

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းတွင် လူထုအကျိုးကို တိုက်ရိုက်သက်ရောက်စေမည့် ဒေသန္တရဆေးပေးခန်းများ၊ စာကြည့်တိုက်များ ဖွင့်လှစ်ရန် မြေနေရာ လုံးဝမရှိသည်ကို သက်ဆိုင်ရာအဆင့်ဆင့်သို့ တင်ပြခဲ့သော်လည်း လျစ်လျူရှုခြင်း ခံခဲ့ရသည်။ လူထုအတွက် ဆောင်ရွက်မည့် ဆေးခန်း၊ စာကြည့်တိုက် ဆောက်လုပ်ရန် နေရာမရှိသော်လည်း ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ပေါ်ပေါက်လာခြင်းသည် အလွန်ဝမ်းနည်းစရာ ကောင်းသည်ဟုလည်း လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ဖြည့်စွက်ပြောကြားခဲ့သည်။

 

The Ladies News

No comments: