Thursday, October 13, 2016

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်မိသားစုအမှု စတင်စစ်ဆေး




အိမ်အကူအမျိုးသမီးငယ်(၂)ဦးကို ညှဉ်းပန်းနှိပ်စက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ အင်းဝ အပ်ချုပ်ဆိုင်ပိုင်ရှင်မိသားစုအမှုနဲ့ပတ်သက်ပြီး တရားလိုကို အောက်တိုဘာ (၁၃) ရက်က ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှာ စတင်စစ်ဆေးခဲ့ပါတယ်။

မသီရီလတ်အပါအဝင် မိသားစုဝင်(၆)ဦးစလုံးကို တတိယအကြိမ်ရုံးထုတ်ခဲ့စဉ်က တရားခံ ရှေ့နေတွေ မစုံလင်ခဲ့တဲ့အတွက် စစ်ဆေးခြင်းမပြုလုပ်ခဲ့ဘဲ စတုတ္ထအကြိမ်ဖြစ်တဲ့ အောက်တိုဘာ(၁၃)ရက်ရုံးချိန်းမှာတော့ ရှေ့နေတွေစုံလင်ခဲ့တဲ့အတွက် အမှတ်(၆)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(ရန်ကုန်)မှ တရားလို ရဲမှူး မျိုးသိန်းကို စတင်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

အိမ်အကူမိန်းကလေးငယ်(၂)ဦးအပေါ် လုပ်ခလစာအပြည့်အ၀မပေးမှု၊ ကျေးကျွန်ကဲ့သို့ ညှဉ်းပန်းနှိပ်စက်မှု၊ ကလေးငယ်တွေရဲ့လုပ်ခလစာအပေါ် ခေါင်းပုံဖြတ်မှုတွေကြောင့် အင်းဝအပ်ချုပ်ဆိုင် မိသားစုတွေကို ကျောက်တံတားမြို့မရဲစခန်းမှာ (ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ (၂၉/၂၄/၃၂)၊ (ပ)၂၀၁/၂၀၁၆ နဲ့ အမှုဖွင့် တိုင်ကြားခဲ့တာဖြစ်တယ်လို့ ရဲမှူးမျိုးသိန်းက ပြောပါတယ်။

ဒီအမှုကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားသူကြီး ဒေါ်ဆွေဆွေက ကိုင်တွယ်ကြားနာနေ တာဖြစ်ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကလေးသူငယ်ဥပဒေပုဒ်မ-၆၆(ဃ)နဲ့ တရားစွဲဆိုထားတဲ့အမှုအတွက် တရားခံအဖြစ်တရားစွဲဆိုခံထားရတဲ့ဒေါ်တင်သူဇာ၊ မစုမွန်လတ်နဲ့ ဦးတင်မင်းလတ်တို့ (၃)ဦးကတော့ အောက်တိုဘာ (၁၄)ရက် မနက်ပိုင်းမှာ ကျောက်တံတားမြို့နယ်တရားရုံးမှာ ဆက်လက်တရားရင်ဆိုင်ရမှာ ဖြစ်တယ်လို့ သိရပါ တယ်။

 တရားလိုကို အောက်တိုဘာ(၁၃)ရက်မှာ စတင်စစ်ဆေးခဲ့ပြီး လာမယ့်အောက်တိုဘာ (၂၀)ရက်ရုံးချိန်းမှာ တရားလိုဘက်က လိုပြသက်သေ(၁၀)ဦးကို ဆက်လက် စစ်ဆေး သွားမှာဖြစ်တယ်လို့ ဒေါ်သီရိလတ်ရဲ့ အကျိုးတော်ဆောင် အထက်တန်းရှေ့နေ ဒေါ်နှင်းစုအောင်ရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဒီသတင်းကို Central News Bureau က ကျော်နိုင်ထွန်း ပေးပို့တာဖြစ်ပါတယ်။

Central News Bureau

No comments: