ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမ၀င်ဖွင့်လှစ်ထားတဲ့ တရုတ်ဆေးကုခန်းတွေကို သက်ဆိုင်ရာ မြို့နယ် ပုဂ္ဂလိကကျန်းမာရေးကြီးကြပ်ရေးကော်မတီနဲ့ တိုင်းဒေသကြီး ပုဂ္ဂလိကကျန်းမာရေးကြီးကြပ်ရေးကော်မတီ တို့က စစ်ဆေးအရေးယူသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ (၁၃) ရက်မှာ ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး(အဋ္ဌမနေ့) မှာ ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ဦး မေးမြန်းတဲ့ ရန်ကုန်မြို့လယ် (၆) မြို့နယ်နဲ့ မြို့နယ်အချို့မှာ ဖွင့်လှစ်ထားတဲ့ တရုတ်ဆေးခန်းတွေဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော် ပုဂ္ဂလိက ကျန်းမာရေးဆိုင်ရာ ဥပဒေနဲ့ အညီ လိုင်စင်ရထားပြီးမှဖွင့်လှစ်ခြင်း ဟုတ်-မဟုတ်၊ တရုတ်ဆေးဆရာတွေဟာ တရားဝင်ဆေးကုခွင့် လိုင်စင် ဆ/မ လက်မှတ် ရှိ-မရှိ သိရှိလိုတဲ့ ကြယ်ပွင့်ပြမေးခွန်းကို လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဖြေကြားရာမှာ ထည့်သွင်းပြောကြားလိုက်တာပါ။ တရုတ်ဆေးခန်းတွေနဲ့ တရုတ်ဆေးဆရာ တွေဟာ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းလိုင်စင်ကို ဥပဒေနဲ့အညီလျှောက်ထားခြင်းမရှိသလို လိုင်စင်ချထား ပေးခြင်းမျိုးလည်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကိုယ်တိုင် အဲဒီလိုဆေးခန်းနှစ်ခုကို စိစစ် ထားပြီးဖြစ်ရာ တစ်ပြေးညီ ညီမျှစွာအရေးယူဆောင်ရွက်နိုင်ဖို့အတွက် စုံစမ်းဆဲဖြစ်တယ်လို့ ဖြည့်စွက်ပြော ကြားခဲ့ပါတယ်။ အဲဒီဆေးခန်းတွေက လိပ်ခေါင်းရောဂါ၊ ဆီးချိုရောဂါ၊ အိမ်ထောင်ရေးသုခဆိုင်ရာ ရောဂါတွေ ကုသပေးနိုင်ကြောင်း ပုဂ္ဂလိကသတင်းစာတွေနဲ့ ဂျာနယ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့်ကြော်ငြာပြီး တစ်ချို့ ဆေးခန်းတွေမှာ ဆေးကုသစရိတ်နဲ့ ဆေးဖိုး ကျပ်သိန်းနဲ့ချီတောင်းခံတာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ပန်းဘဲတန်း၊ လသာ၊ ကြည့်မြင်တိုင်၊ ဗိုလ်တထောင်၊ စမ်းချောင်း၊ လမ်းမတော် အစရှိတဲ့မြို့နယ်တွေမှာ မြန်မာနိုင်ငံက ဆရာဝန်တစ်ယောက်ယောက်ရဲ့နာမည်နဲ့ ရိုးရိုးဆေးခန်း လိုင်စင်ရယူဖွင့်လှစ်ပြီး တရုတ်ဆေးဆရာတွေက ဝင်ရောက်ကုသကာ အကြီးအကျယ် ကြော်ညာရင်း ဆေးကုသစရိတ်နဲ့ ဆေးဖိုး အဆမတန်တောင်းခံလုပ်ကိုင်နေကြတာပါ။ အဲဒီလိုကုန်ကျ ပေမယ့် ရောဂါမပျောက်တဲ့အပြင် ဒီအပေါ်မှာတာဝန်ခံမှု တာဝန်ယူမှုမရှိသလို ကုသတဲ့ တရုတ်ဆေးဆရာ တွေဟာ အနောက်တိုင်းဆေးကုခွင့်လိုင်စင်လည်းမရှိ၊ တိုင်းရင်းဆေးကုခွင့်လိုင်စင်လည်း မရှိသူတွေ ဖြစ်တဲ့အတွက် ကုသမိတဲ့ပြည်သူတွေအဖို့ အလွန်အန္တရာယ်များတယ်လို့လည်း သိရပါတယ်။
ဒီကိစ္စအတွက် လူမှုရေးဝန်ကြီးရဲ့ဖြေကြားမှုအပေါ် ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ဦးက ကျေနပ်မှုရှိတယ်လို့ ပြောပါတယ်။
ပုဂ္ဂလိကကျန်းမာရေးဆိုင်ရာဥပဒေ အခန်း (၁၅) အပိုဒ် (၃၂၂) မှာ မည်သူမဆို ပုဂ္ဂလိကကျန်းမာရေး လုပ် ငန်းကို လိုင်စင်မရှိဘဲလုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက လုပ်ငန်းပိတ်သိမ်းခြင်း၊ ကျူးလွန်သူ ကို အနည်းဆုံး ထောင်ဒဏ် (၆) လမှ အများဆုံး ထောင်ဒဏ် (၃) နှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပါရှိပါတယ်။ ဒီသတင်းကို Central News Bureau က အာကာဒိုဒို ပေးပို့တာဖြစ်ပါတယ်။
Central News Bureau

No comments:
Post a Comment