Friday, October 7, 2016

တပ်မတော်ထိုးစစ် ရပ်တန့်ရေး ဆန္ဒပြမှုအပြီး နောက်တစ်ရက် တွင် ကေအိုင်အေ Gidon စခန်းအား ဗုံးကြဲတိုက်ခိုက်

Posted: October 7, 2016

မြန်မာ့တပ်မတော်မှ ဂျက်တိုက်လေယာဉ် လေးစီးဖြင့် အောက်တိုဘာ ၇ ရက် နံနက်ပိုင်း ၈ နာရီ ကျော်မှစတင်ပြီး ကေအိုင်အေ၏ အမှတ် ၂၅၂ Gidon စခန်းအား ဗုံးကြဲတိုက်ခိုက်နေကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးနော်ဘူ က The Ladies သို့ နေ့ ၁၂ နာရီ ခန့်က အတည်ပြုပြောသည်။

 

“တိုက်တာတော့ မှန်ပါတယ်။ ဒီမနက် ၈ နာရီ ကျော်ကတည်းက တိုက်တယ်ဆိုတဲ့ သတင်းလောက်ပဲရပါတယ်။ မြေပြင်သတင်း အတိအကျတော့ မရသေးဘူး၊ အခုလောလောဆယ်ကတော့ ဘာမှ မပြောနိုင်သေးဘူး” ဟု ဒုတိယဗိုလ်မှူးကြီး နော်ဘူက အောက်တိုဘာ လ ၇ ရက်နေ့ မနက်ပိုင်းတွင် ပြောသည်။

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြည်သူလူထု နှစ်သောင်းကျော်ခန့်က ကချင်နှင့် ရှမ်းမြောက် တိုင်းရင်းသား ဒေသများသို့ ထိုးစစ်ဆင်နေမှုများအား ချက်ချင်းရပ်တန့်ပေးရန် အောက်တိုဘာ ၆ ရက်က စီတန်းလှည့်လည် ကာ တောင်းဆိုဆန္ဒပြခဲ့ကြသော်လည်း တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားလျက် ရှိနေသည်။

 

၂၁ ပင်လုံဖွင့်ပွဲပြီးချိန်မှစ၍ ကေအိုင်အေနှင့် တပ်မတော်အကြား ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နှစ် ဖက် သေကြေဒဏ်ရာရမှုများ ရှိခဲ့သည်။ လွန်ခဲ့သည့် အပတ်အတွင်းက ရှမ်းမြောက် မုန်းကိုး ဒေသရှိ ပူးဝန်ကျေးရွာအတွင်း လက်နက်ကြီးကျည်ဆံ ကျရောက်မှုကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး အခြားကလေးငယ် အချို့ ဒဏ်ရာရရှိခဲ့သည်။

 

လတ်တလော အတွင်းမှာ ပင် ၂၁ ရာစု ပင်လုံ အရပ်ဘက် အဖွဲ့အစည်းများ ဖိုရမ် ဖြစ်မြောက်ရေး ကော်မတီမှလည်း တိုင်းရင်းသား ဒေသများအတွင်း တပ်မတော်မှ ပြုလုပ်နေသည့် ထိုးစစ်ဆင်မှုများ ရပ်တန့်ပေးရန် အတွက် အောက်တိုဘာလ ၆ ရက်နေ့ နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့ပြီး အရပ်သားများ အကာကွယ်ပေးရေး၊ စစ်ဘေးရှောင်များအား လူသားချင်း စာနာမှုဆိုင်ရာ အကူညီများ ပိုမိုပေးရန် ၊ တိုက်ပွဲတွင် အသုံးပြုနေသည့် ဘတ်ဂျက် ပွင့်လင်းမြင်သာ မှုနှင့် သေကြေပျက်စီးမှုကို တရားဝင် ထုတ်ပြန်ပေးရန် တောင်းဆိုထားသည်။ တိုက်ပွဲများ ဖြစ်နေစဉ် အတောအတွင်းမှာပင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့မှာ တောင်အာဖရိကသို့ လေ့လာရေးခရီး သွားရောက်နေသည်။

 

ဇော်မင်းထွန်း

The Ladies News

No comments: