ရန်ကုန်၊ စက်တင်ဘာ ၂၃
ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) ဌာနချုပ် တည်ရှိရာ လိုင်ဇာ အနီးတွင် တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး တပ်မတော်က ရဟတ်ယာဉ်များ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း KIA အဖွဲ့မှ ဗိုလ်မှူးကြီး အဆင့်ရှိသူ တစ်ဦးက The Voice သို့ ပြောဆိုသည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ KIA ဗဟိုဌာနချုပ်၏ အရေးပါသော လုံခြုံရေး စခန်းများရှိရာ နေရာတွင် စက်တင်ဘာလ ၁၉ ရက်မှ စ၍ တိုက်ပွဲ ဖြစ်နေပြီး စက်တင်ဘာလ ၂၃ ရက်နေ့တွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် တပ်မတော်က ရဟတ်ယာဉ်များ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
“ကျွန်တော်တို့ ကာကင်းအချို့ ထိခိုက်မှု ရှိခဲ့တယ်”ဟု KIA အဖွဲ့မှ ဗိုလ်မှူးကြီး နော်လီက ဆိုသည်။
ကချင်ပြည်နယ်အတွင်း လက်နက်ကိုင်အဖွဲ့က မိုင်းခွဲ တိုက်ခိုက်သဖြင့် စက်တင်ဘာလ ၂၃ ရက်မှ စကာ နယ်မြေ ရှင်းလင်းနေခြင်း ဖြစ်ကြောင်း တိုက်ပွဲသတင်းများအပေါ် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တာဝန်ရှိသူ တစ်ဦးက ပြန်လည် ဖြေကြားသည်။
စက်တင်ဘာလ ၂၁ ရက်နေ့က ကေအိုင်အေ လက်နက်ကိုင်အင်အား ၂ဝ ခန့်သည် တပ်မတော် စစ်ကြောင်းကို ကဇူး ကျေးရွာ အရှေ့မြောက်ဘက်တွင် ဆွဲမိုင်း နှစ်လုံး ဖောက်ခွဲ၍ လမ်း ဘယ်/ညာမှ ပစ်ခတ်ခဲ့သည့်အတွက် တပ်မတော်က ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုအတွင်း တပ်မတော်ဘက်မှ ထိခိုက် ကျဆုံးမှု ရှိခဲ့ကြောင်း စက်တင်ဘာလ ၂၂ ရက်နေ့တွင် တပ်မတော်က သတင်းထုတ်ပြန်သည်။
No comments:
Post a Comment