ရန်ကုန်၊ စက်တင်ဘာ ၂၃
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်၌ လာမည့် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေး မူဝါဒအတွက် တွေ့ဆုံမည်ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းရှင်များထံမှ သိရ သည်။
ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက အစိုးရသစ်၏ ယေဘုယျဆန်သော စီးပွားရေး မူဝါဒများ ထွက်ပေါ်လာပြီး ယခုလအတွင်း စီးပွားရေး မူဝါဒ အသေးစိတ်များ ထွက်ပေါ်မည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြား ထားသည်။
“ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရမယ်ဆိုတာ။ စီးပွားရေး Policy တွေ ချပြမယ် ပြောတာပဲ။ ဖိတ်ကြားထားတာလည်း များတယ် ပြောတာပဲ”ဟု ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။
လာမည့် စက်တင်ဘာလ ၂၈ ရက်နေ့ တွေ့ဆုံပွဲ၌ စီးပွားရေး မူဝါဒ ကိစ္စကိုသာ ဆွေးနွေးမည်ဟု ကြားသိရကြောင်း ကမ္ဘောဇဘဏ် အကြီးတန်း အကြံပေး ဦးသန်းလွင်ကလည်း ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ခရီးစဉ်အတွင်း အမေရိကန် သမ္မတ အိုဘားမားနှင့် တွေ့ဆုံပြီးနောက် မြန်မာအပေါ် ထားရှိသည့် အမေရိကန် စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရန် လုပ်ဆောင်နိုင်ခဲ့သည်။
လက်ရှိ အစိုးရသည် ပြည်တွင်းစီးပွားရေး ကဏ္ဍကို အာရုံ မစိုက်ဟူသည့် ဝေဖန်မှုများ ထွက်လာပြီးနောက် ပထမ ခြေလှမ်းအဖြစ် စီးပွားရေး မူဝါဒ ၁၂ ရပ် ထုတ်ပြန်ခြင်းဖြင့်လည်းကောင်း၊ ဒုတိယခြေလှမ်းအဖြစ် အမေရိကန် စီးပွားရေး ပိတ်ဆို့မှု မကြာမီ ရုပ်သိမ်းရန် လုပ်ဆောင်ခဲ့ခြင်းဖြင့်လည်းကောင်း အစိုးရ၏ စီးပွားရေးအပေါ် အာရုံ စိုက်မှုကို ပြသခဲ့သည်
No comments:
Post a Comment