Tuesday, January 6, 2015

တစ်ပင်တည်းအာရုံရောက် တစ်တောလုံးပျောက်

တစ်ပင်တည်းအာရုံရောက် တစ်တောလုံးပျောက်

၂၀၁၅ ဇန်နဝါရီလထုတ် စောင့်ကြည့်ဂျာနယ် အတွဲ (၉) အမှတ် (၃၃) မှာ ပါတဲ့ သရဝဏ် (ပြည်) ရဲ့ နိုင်ငံရေးမှာ ကြွေတလက် ကြက်တခုန် ဆောင်းပါးဖတ်ပြီး ကျွန်တော် တော်တော်လေး အံ့အားသင့်သွားမိတယ်။

သရဝဏ် (ပြည်) ဟာ ကျွန်တော်အနှစ်သက်ဆုံးစာရေးဆရာထဲမှာပါပါတယ်။ ဝါရင့်နိုင် ငံခြားသား ခရီးသွားလမ်းညွှန်တစ်ယောက် ဖြစ်တဲ့ သရဝဏ် (ပြည်) ဟာ အလုပ်တစ် ဖက်နဲ့ စာရေးလာတဲ့ သက်တမ်းလည်း အတော်ရင့်နေပြီလို့ ဆိုနိုင်ပါတယ်။ သူ့စာအရေး အသား၊ တင်ပြပုံတွေကို သဘောကျနှစ်ခြိုက်လို့ သူ့စာအုပ်တွေကို ကျွန်တော်မကြာ ခဏဆိုသလို ဝယ်ဖတ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီတစ်ခါ သူ့ဆောင်းပါးဖတ်ပြီး အတော်လေး စိတ်ပျက်သွားမိတယ်။

နိုင်ငံတကာအတွေ့အကြုံတွေရှိတဲ့ စာရေးကောင်းတဲ့ သူ့ရဲ့အတွေးအခေါ်ဟာ ဒီလောက်
တောင် သေးသိမ်သွားပြီလားဆိုပြီး အံ့ သြမိတယ်။ တစ်ဆက်တည်းမှာပဲ စစ်အာဏာ ရှင်တွေကို ကြည့်မရပေမဲ့ တိုင်းပြည်ကို မှန်မှန်ကန်ကန်ချစ်တတ်ပြီး အစွဲကင်းကင်း နဲ့ ပြုမူပြောဆိုဆက်ဆံလေ့ရှိတဲ့ ကိုငှက် (ထူးအိမ်သင်) ကိုလည်း သတိရမိတယ်။

၂၀၀၁/ ၂၀၀၂ မှာ မြန်မာနိုင်ငံနယ်စပ်မှာရှိတဲ့ တပ်မတော်စခန်းတွေကို SURA ရွက်ဆစ် အဖွဲ့နဲ့ ယိုးဒယားတပ်တွေပေါင်းပြီး တိုက်ခဲ့လို့ တပ်မတော်စခန်းတွေ စွန့်လွှတ်ခဲ့ ရပြီး နောက်ပိုင်းမှာ
ပြန်တိုက်ယူရတာ မှတ်မိကြမယ်ထင်ပါတယ်။

အဲဒီအချိန်တုန်းက နိုင်ငံရေးအရ အစိုးရကို ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်
စေ မြန်မာ့လူထုရဲ့ ငြိမ်သက်နေတဲ့ မျိုးချစ်စိတ်မီးတောက်ဟာ ဟုန်းခနဲထတောက် လာခဲ့တယ်။ တပ်မတော်ကို ထောက်ခံပြီး လိုအပ်ရင် အခုချက်ချင်း တပ်မတော်ထဲ ဝင်မယ်ဆိုတဲ့ လူငယ်တွေ က အနမတဂ္ဂ။

အဲဒီနယ်စပ်တိုက်ပွဲတွေဟာ ယိုးဒယားက သွေးတိုးစမ်းကျူးကျော်လို့ဖြစ် လာရတယ် ဆိုတာ လူတိုင်းအသိပါ။ ဒါကို သရဝဏ် (ပြည်) က နိုင်ငံရေးပြဿနာကို အာရုံလွှဲဖို့ တပ်မတော်အစိုးရကပဲ တမင်သက်သက် ဖန်တီးသယောင်ယောင် ဆောင်းပါးထဲမှာ ထည့်သွင်းရေးသားထားတာ တွေ့ရတယ်။ “ထိုစဉ်က စစ်အစိုးရသည် နိုင်ငံရေးပြဿနာ သောင်းခြောက်ထောင် ဝိုင်းရံနေရာ ထိုပြဿနာများကို အာရုံလွှဲဖို့ ထိုင်းနိုင်ငံ (ထိုစဉ်က အစိုးရအခေါ် ယိုးဒယားနိုင်ငံ) နှင့် တင်းမာသော ဆက်ဆံရေး များဖြစ်ပေါ်စေ ကာ ပြည်သူလူထုကို စည်းရုံးဆွဲဆောင်ခဲ့ပါသည်” တဲ့။ (စောင့်ကြည့် ဂျာနယ် အတွဲ (၉) အမှတ် (၃၃) စာ ၇)နယ်စပ်ပြဿနာဖြစ်တဲ့အချိန်မှာ သရဝဏ် (ပြည်) လည်း မြန်မာနိုင်ငံမှာရှိနေမယ်လို့ ထင်ပါတယ်။ ယိုးဒယားက ကျူးကျော်လို့ ဖြစ်ရတဲ့ တိုက်ပွဲဖြစ်စဉ်တွေကို သူကိုယ်တိုင် သိပါလျက်နဲ့ သရဝဏ် (ပြည်) ဘာ့ကြောင့် ဒီလိုရေးရသလဲဆိုတာ ကျွန်တော် စဉ်း စားလို့ မရပါဘူး။ ကျွန်တော်အထင်ကြီး
လေးစားတဲ့သူဟာ တခြား လုပ်စားဒီမိုတွေလို ခွင်ဖန်စာရေးဆရာတစ်ယောက် ဖြစ်သွား ပြီလား၊ ဒါမှမဟုတ် မှန်မှန်/ မမှန်မှန် ကိုယ်မုန်းတဲ့သူအကြောင်းရေးတာ ရေးချင်တာ ရေးသာရေးဆိုတဲ့ စည်းမရှိ ကမ်းမရှိ စာရေး ဆရာတစ်ယောက်ဖြစ်သွားပြီလား။

ဘယ်လိုပဲဖြစ်ဖြစ် အမှန်တရားကို သိလျက်နဲ့ အမှန်ကိုဖုံးကွယ်ပြီး ကိုယ်လိုရာကိုယ် ဆွဲရေး တယ်ဆိုတာ သိက္ခာရှိတဲ့ စာနယ်ဇင်း သမားတွေ မလုပ်ကြပါဘူး။ ကျွန်တော် ကတော့ သူ့ကို အထင်ကြီး လေးစားရင်းစွဲရှိနေတော့ကာ နှမြောမိတာ အမှန်ပါ။

၁၉၉၂ ခုနှစ်မှာ တပ်ကထွက်လာတဲ့ ကျွန်တော်ဟာ စစ်အုပ်ချုပ်ရေးခေတ်မှာ သာမန်
ပြည်သူတစ်ယောက်အနေနဲ့ စစ်အုပ်ချုပ်ရေး ဒဏ်ကို ခါးစည်းခံလာဖူးပြီး သားဖြစ်တဲ့ အတွက် ကျွန်တော်ကိုယ်တိုင် စစ်အုပ်ချုပ်ရေးကို မကြိုက်ဘူးဆိုတာ မကြာခဏပြောပြီး သားဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အုပ်ချုပ်ရေးကို မကြိုက်တာနဲ့ နိုင်ငံတော်လုံခြုံရေးအတွက် တပ်မတော်ရဲ့စီမံခန့်ခွဲမှုတွေကို သွားပုပ် လေလွင့် အမနာပပြောတာ တခြားစီပါ။

သရဝဏ် (ပြည်) ဟာ ဆရာမကြီးဒေါက်တာမတင်ဝင်းကိုလည်း အစိုးရအသုံးချခံသွား တဲ့ စာရေးဆရာမကြီးတစ်ယောက်အဖြစ် နာမည်မတပ်ဘဲ ဝေဖန်ပြောဆိုခဲ့ပါတယ်။ ဆရာမကြီးရဲ့ “ကျွန်မဖြစ်ပေမဲ့ ကျွန်စစ်တယ်” ဆိုတဲ့ ဆောင်းပါးကြောင့် ထိုင်း - မြန်မာ ဆက်ဆံရေး ဆိုးရွားခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီကာလက အစိုးရဘက်က ရေးသားခဲ့တဲ့ စာရေးဆရာတွေကို သရဝဏ် (ပြည်) က အိမ်စောင့်ခွေးဆိုပြီး ခိုင်းနှိုင်းပြောဆိုခဲ့ပါ တယ်။ “အိမ်စောင့်ခွေးတစ်ကောင် ကို ဟောင်
စေလို၍ ဟောင်သောအခါ ကျောသပ်ခေါင်းသပ် ချီးကျူးခံရမည်ဖြစ်သော်လည်း ထို ဧည့် သည်ပင် ဧည့်ကောင်းစောင်ကောင်း ဖြစ်သွားပြန်သောအခါ ယခင်လိုမှတ်ပြီး မာန်ဖီနေ ပါက သခင်၏ ဆော်ပလော်တီးခြင်း ကို ခံရပေလိမ့်မည်” ဆိုပြီး ရေးသားခဲ့ပါတယ်။

“နိုင်ငံရေးတွင် ကိုယ်ရပ်တည်သောဘက်သည် မှန်ကန်ဖို့လိုပါသည်။ အစိုးရအကြိုက် ဘက်လိုက်၍ ရပ်တည်သောအခါ မိမိ ရပ်တည်သောဘက်မှာ ကြွေတလက်ကြက် တ ခုန်ဆိုသလို ကာလအပိုင်းအခြားတစ်ခုအတွင်းမှာ ပင် ပြောင်းပြန်ဇောက်ထိုး ဖြစ် သွား တတ်ပါသည်။ ယခု သူရဲကောင်းကြီးဖြစ်သူသည် မနက်ဖြန် မြောင်းထဲရောက်သွားတတ် ပါသည်။ ကိုယ်ရပ်တည်သော ဘက်သည် မှန်ရဲ့လားဟု ကိုယ့်ကိုယ်ကိုယ်ရဲရဲကြီး ပြန်မေးကြ ရန်ဖြစ်သည်။ ယခုအခါ ထိုဆရာမကြီးမှာ အစိုးရကလဲ အဖက်မလုပ်၊ စာပေလောကကလည်း လူရာမသွင်းသည့်ဒဏ်ကို ခံနေရပေသည်” လို့ သရဝဏ် (ပြည်) ကရေးပါတယ်။

လူတိုင်း ကိုယ့်အယူအဆနဲ့ကိုယ် မှန်နေကြတာချည်းပါပဲ။ သမုတိအမှန်တရားမှာ စံထား ထားတဲ့ စံနှုန်းတွေဆိုတာလည်း အရာ ခပ်သိမ်း ပြောင်းလဲနေတာပါ။ ကျွန်တော်ဟာ သ ရဝဏ်တို့ပြောသလို စစ်အစိုးရလက်ထက်မှာ အစိုးရအကြိုက် ဖါးပြီးရေးနေတဲ့ လုပ် စား စာရေးဆရာတစ်ယောက်မဟုတ်ပါ။ အဲဒီအချိန်အခါက အစိုးရကိုဝေဖန်လွန်းလို့ ကျွန်တော့်နား မကပ်ရဲတဲ့သူတွေရှိသ လို တချို့ကလည်း လူထုကြားထဲမှာ သတင်း လိုက်နှိုက်နေတဲ့ သတင်းပေးလို့ ထင်တဲ့သူက ထင်ကြပါတယ်။ ထားပါတော့ ပြောချင် တာက ကျွန်တော် လုပ်စား ကလောင်ရှင်မဟုတ်ဘူး။ အခုရေးနေတာလည်း တပ်မတော်ကို တစ်ဖက်သတ် တိုက်ခိုက်နေတာ မြင်ရလို့ မနေနိုင်လွန်းလို့ ဝင်ရေးနေတာပါ။ ဘယ်အစိုး ရရဲ့ အထောက်အပံ့မှမရသလို ဘာခရိုနီရဲ့ လက်ကိုင်တုတ်မှလည်း မဟုတ်ပါဘူး။

ဆရာမကြီး ဒေါက်တာမတင်ဝင်းကို စာပေလောကက လူရာမသွင်းတဲ့ဒဏ် ခံနေရတယ် လို့ ရေးထားတာတွေ့ရတော့ ရယ်ချင်မိပါတယ်။ ဆရာမကြီးကတော့ ဘာမှပြန်ပြောနေ မှာ မဟုတ်ပါဘူး။ ဟုတ်ကဲ့ သရဝဏ် ခင်ဗျား၊ လူရာအသွင်းခံချင်နေတယ်ဆိုတာ ကိုယ့် ကိုယ်ကိုယ် လူရာမဝင်ဘူးလို့ ခံစားနေရတဲ့ သိမ်ငယ်စိတ်ရှိတဲ့ လူတွေရဲ့ ခံစားချက် တစ်မျိုးပါ။ သတ္တဝါတိုင်း အသိအမှတ်ပြု ခံချင်ကြတာ ဓမ္မတာပါ၊ ဒါပေမဲ့ အလွန်အကျွံ အသိအမှတ်ပြုခံချင်လာပြီဆိုရင်တော့ လောကအတွက် အန္တရာယ်ရှိပါတယ်။

လက်ရှိ စာပေလောကဆိုတာကလည်း တစ်ခါတုန်းက ကိုယ်တိုင်လက်နက်ဆွဲကိုင်ပြီး ဘာအကျိုးမှ မမျှော်ကိုးဘဲ တော်လှန်ရေး လုပ်ခဲ့တဲ့သူတွေက တိုင်းပြည်ရှေ့ရေး ကို မျှော်တွေးပြီး အလယ်အလတ်လမ်းစဉ်ကို သုံးရင်း အစိုးရနဲ့ အတိုက်အခံတွေကို မျှမျှ တတ ဝေဖန်ထောက်ပြနေတဲ့အချိန်မှာ စစ်အစိုးရခေတ်က အမြီးတောင်မလှုပ်ရဲပေမဲ့ လက်ရှိအချိန်မှာ အစိုးရဆန့်ကျင်ရေး အကြောင်းတွေကို အာဘောင်အာရင်းသန် သန် ရေးနေ၊ ဟောပြောနေတဲ့သူတွေ ကြီးစိုးနေတဲ့ လောကပါ။

အမှန်က အဲဒီအချိန်က ထိုင်းဝန်ကြီးချုပ် ချွန်လိပိုင်နဲ့ သူ့တပည့် အမှတ် ၃ စစ်ဒေသမှူး ဗိုလ်ချုပ်ဝပ်တနာချိုင်းတို့ကြောင့် နယ်စပ် ပြဿနာတွေ ဖြစ်ခဲ့ရတာပါ။ ဆရာကြီးကတော့ အမေရိကန်အစိုးရပေါ့။ ကော်ဘရာစစ်ဆင်ရေးနဲ့အတူတွဲပြီး ရောင်တော်ပြန်လွှတ် ဖို့ ဆရာကြီးစီစဉ်ခဲ့တာပါ။ ဒါဟာ နိုင်ငံရေး၊ စစ်ရေး စိတ်ဝင်စားသူတိုင်းသိပါတယ်။

သိသိကြီးနဲ့ မြန်မာစစ်အစိုးရက ဖန်တီးတာပါ လို့ ဖင်ပိတ်၊ ခြေကန် အငြင်းသန်နေရင် လည်း သဘောရှိ ကလောဟိပါပဲ။ ကျွန်တော်ကတော့ ကျွန်တော်လေးစားတဲ့ ကလောင် ဟောင်း တစ်လက် ဆုံးရှုံးသွားလိုက်ရတဲ့အတွက် နှမြောမိပါတယ်။

အင်း…ကျွန်တော်တို့အားလုံးပုထုဇဉ်တွေဆိုတော့ ရုပ်တွေရော စိတ်တွေပါ ဖေါက်ပြန်
နေကြ တာ မဟုတ်လား။ သရဝဏ် (ပြည်) မပြောနဲ့ ကျွန်တော်အင်မတန်လေးစားတဲ့ ဆရာကြီးတချို့တောင် ခေတ်အပြောင်းမှာ သိက္ခာတွေ ဟို့လို့ဟောင်းလောင်းဖြစ် ခဲ့ကြ သေးတာပဲ။ သိပ်အဆန်းတကျယ်ကြီးတော့လည်း မဟုတ်ပါဘူး။ ကျွန်တော် ကတော့ သိက္ခာရှိတဲ့သူတွေကို လေးစားချင်တာပါ။ မိတ်ဆွေတစ်ယောက်ပြောသလို ကျွန်တော်လောဘကြီး
နေတာလည်း ဖြစ်နိုင်ပါတယ်။

ခုနကပြောတဲ့ကာလမှာ ထိုင်းဝန်ကြီးချုပ် ချွန်လိပိုင်နဲ့ သူ့တပည့် ဝပ်တနာချိုင်းတို့ကြောင့် နယ်စပ်ပြဿနာတွေဖြစ်ခဲ့ရတဲ့အတွက် ပထမဦးဆုံး ဝပ်တနာချိုင်းကို စစ်ဒေသပြောင်း
ပေးလိုက်ပါတယ်။ ချွန်လိပိုင်လည်း နောက်ရွေးကောက်ပွဲမှာ မဲမရတော့ဘဲ မြန်မာ နဲ့အဆင်ပြေတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ချာဗလစ်ယောင်ချိုင်ယု ဝန်ကြီးချုပ်ဖြစ်လာပါတယ်။ ဒါဟာ ထိုင်းပြည်သူတွေက ရွေးချယ် လိုက်တာပါ။ စစ်လိုလားတဲ့ ဝန်ကြီးချုပ်ကို ထိုင်းပြည်သူတွေကိုယ်တိုင်က မရွေးချယ်တော့တာပါ။

စစ်အုပ်ချုပ်ရေးမကောင်းဘူးဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမဲ့ စစ်တပ်ကိုမုန်းတာနဲ့ ကိုယ့်မြေ ကိုယ့်ရေ အကျူးကျော်ခံရလို့ တိုင်းပြည်ကို အသက်ပေါင်းများစွာပေးပြီး ကာကွယ်ခဲ့ရတဲ့သမိုင်းကို ညစ်နွမ်းအောင် နိုင်ငံရေးပြဿနာတွေကို အာရုံလွှဲဖို့ အစိုးရ ကဖန်တီးတယ်လို့ အခြေအမြစ်မရှိ စွပ်စွဲပြောဆိုတာကတော့ အဆင်အခြင်မဲ့လွန်း အားကြီးတယ်လို့ပဲ ဆိုချင်ပါတယ်။

အတိုက်အခံတွေ ပြင်ပလောကက တပ်မတော်ကို မုန်းတီးသူတွေ အသိုင်းအဝိုင်းက စစ်ဗိုလ်တွေကို ငါသိ ငါတတ် လုပ်လွန်းအားကြီးတယ်လို့ အရင်တုန်း က တိုးတိုးတစ်ဖုံ အခု ကျယ်ကျယ်လောင်လောင် မကြာခဏပြောဆိုလေ့ရှိပါ တယ်။ ဟုတ်ကဲ့..... ကျွန်တော်မြင်တာကတော့ ကုလားဖြူစကားလေး နည်းနည်းပါးပါး တတ်၊ နိုင်ငံတကာ အတွေ့အကြုံလေး နည်း နည်းပါးပါးရှိလာရင်ပဲ ကျွန်တော်တို
့လူမျိုးတွေဟာ ငါသိ ငါတတ်တွေများတယ်ဆိုတာပါပဲ။

အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီတို့က ပြန်လာတဲ့ Ph, D ဘွဲ့ရ မြန်မာပညာရှင်
တွေနဲ့ တွဲပြီးအလုပ်လုပ်ဖူးပါတယ်။ အဲဒီထဲ က တချို့ဟာလည်း ငါသိ ငါတတ် ငါ သာမြတ်၊ ငါ့ထက်တော်သူမရှိ ဆိုတဲ့ လူမျိုးတွေတွေ့ရတတ်တာပါပဲ။ အကန်းတွေက မမြင် ပေမဲ့ အလင်းရောင်ဆိုတာရှိတယ်ဆိုတဲ့ တာရာမင်းဝေဝတ္ထုထဲက စာသားလေး တစ်ခုကို သတိရမိတယ်။

မြန်မာပြည်ရဲ့ ကံကြမ္မာအရ တပ်မတော်ဟာ နာမည်ဆိုးနဲ့ တိုင်းပြည်တာဝန်ထမ်း
ဆောင်နေ ရပါတယ်။ ခေတ်အဆက်ဆက် စစ် အုပ်ချုပ်ရေးကို အကြောင်းပြုပြီး ကြီးပွားချမ်းသာသွားကြတဲ့ ဗိုလ်ချုပ်ကြီးတွေရှိနေတာလည်း မငြင်းပါဘူး။ ဒါပေမဲ့ တိုင်းပြည် အတွက် အသက်တွေ၊ ကိုယ်လက် အင်္ဂါတွေစွန့်လွှတ်သွားတဲ့ အရာရှိ/ စစ်သည်တွေမျက်နှာကို ထောက်ထားပြီး ပုဂ္ဂိုလ်ရေး ခံစား ချက်ရှေ့တန်းတင် မဟုတ်တမ်းတရားတွေ မရေးစေ့ချင်ပါဘူး။

ခေတ်ပြောင်းပြီ ပြောချင်တာပြောမယ်ဆိုရင်လည်း နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေဟာ တိုင်းပြည်အတွက် အပြု သဘောဆောင်မလား/ အပျက်သဘောဆောင်မလား ဆိုတာလောက်က
လေးတော့ အရှည်မျှော်တွေး ချင့်ချိန်စဉ်းစားစေ့ ချင်ပါ တယ်။ ကျွန်တော်ရဲကျော်သူရပါ၊ စစ်အစိုးရလက်ထက်က ဘာစာမှ မရေးခဲ့ပါ။

ရဲကျော်သူရ

No comments: