Wednesday, January 14, 2015

လောကဓံ ဘဝ နှစ်ခုကြားက ရတနာနတ်မယ်" ---------------------------------------------------

လောကဓံ ဘဝ နှစ်ခုကြားက ရတနာနတ်မယ်" ------------------------------------------------------ (ဤဆောင်းပါးအား အများတောင်းဆိုကြောင့် ပြန်လည် ရေးသား ဖော်ပြဖြစ်ပါတယ်)။ June Rose Bellamy ( သို့ ) ရတနာနတ်မယ်ကို ၁၉၃၂ ခုနှစ်၊ ဩစတြေးလျားမှာ မွေးဖွားပါတယ်။ သူမ အသက် (၁၄) နှစ်သမီးမှာ မိဘများနှင့် အတူ မေမြို့သို့ပြောင်းရွှေ့ နေထိုင်ကြပြီး စိန့်မိုက်ကယ် အမျိုးသမီး အထက်တန်းကျောင်းမှာ အထက်တန်း ထိ ပညာသင်ကြားခဲ့ပါတယ်။ မြင်းစီးခြင်း၊ တန်းနစ် ရိုက်ခြင်းတို့တွင် ထူးချွန်သူ ဖြစ်ပါသည်။ မိခင်မှာ ငယ်နံမည် မောင်ခင် (ခ) သာယာဝတီမင်း၏ သားဖြစ်သူ မင်းတုန်းမင်း၏ညီတော် ကနောင်မင်းသား ၏ မြေး ဖြစ်ပြီး လင်းပင်း မင်းသားကြီးရဲ့ သမီးတော် ထိပ်တင်မလတ် ဖြစ်ပါတယ်။ ဖခင်မှာ ဩစတြေးလျား နိုင်ငံသား သစ်ခွပန်း စုဆောင်း သူ ပညာရှင်ဖြစ်ပြီး မြန်မာပြည်တွင် အနေကြာသူ ဖြစ်ပါ တယ်။ မြန်မာပြည်တွင်နေစဉ် ဘွက်ကီ မြင်းပွဲဒိုင်ဖွင့်စား သည့် Mr. Herbert Bellamy ဆိုသူ ဖြစ်သည်။ ကပြားဖြစ်တာကြောင့် အရပ်အမောင်းကောင်းပြီး ချောမောလှပသည့်အပြင် မင်းမျိုးမင်းနွယ်လည်း ဖြစ်တာမို့သူ့ခေတ်သူ့အခါမှာလွန်စွာကျော်ကြား သူလို့ သိရပါတယ်။ စစ်ပြီးခေတ် ဗမာပြည်မှာ ဟိုးလေးတကြော် စိတ်ဝင် စားခဲ့ကြတဲ့ Purple Plain ရုပ်ရှင်မှာ ဟောလိဝုဒ် မင်း သား ဂရေဂရီပက်ခ် (Gregory Peck) နှင့် တွဲဖက် သရုပ်ဆောင်ဖို့ ဦးစွာ သဘောတူခဲ့သော်လည်း ဗမာ့ ယဉ်ကျေးမှုနဲ့ မဆီလျော်တဲ့ ထုတ်လုပ်သူတွေဘက်က တောင်းဆိုချက်တွေကြောင့် သူမဘက်ကဖျက်သိမ်းခဲ့ တယ်လို့ ဆိုပါတယ်။ အဲဒီ နောက်မှသာ ဝင်းမင်းသန်း နဲ့ သဘောတူပြီး ရုပ်ရှင်ကို ဆက်လက် ရိုက်ကူးခဲ့ခြင်း ဖြစ်ပါတယ်။ သို့သော် အသက် (၂၂) အရွယ်တွင် ဗမာပြည်မှာ တာဝန်ကျ နေသော WHO ဝန်ထမ်း အီတာလျံလူမျိုး ဆရာဝန်နှင့် အိမ်ထောင်ကျရင်း လွတ်လပ်ရေး ရခါစ မြန်မာ့နိုင်ငံရေး မငြိမ်မသက်လှိုင်းတွေကြား ကွန်မြူနစ် တွေက သူ့ အမျိုးသားကို ပြန်ပေး ဆွဲတာ ခံရပါသေး တယ်။ ပြန်ပေးသမား ကွန်မြူနစ်တွေဟာ ခေတ်ပညာတတ် ကျောင်းသားဟောင်းတွေ ဖြစ်တာကြောင့်၊ သူတို့ မိ သားစုကို ကောင်းကောင်း မွန်မွန် ဆက်ဆံခဲ့တာ၊ နောက်တော့ သူ့အမျိုးသား ပြန်လွတ်လာပြီး မြန်မာ အစိုးရကလည်း သူတို့ကို နိုင်ငံက ထွက်ခွာဖို့ အကြံ ပေးခဲ့တာ ကြောင့် သူ့အမျိုးသား တာဝန်ကျရာ နိုင်ငံ ရပ်ခြားတွေမှာ လိုက်ပါ နေထိုင်ရင်း အီတလီမှာ အခြေချ နေထိုင်ခဲ့ကြပါတယ်။ သူနှင့် သူ့အမျိုးသား ကွာရှင်း ပြတ်စဲလိုက်ပြီးနောက် သားလေး (၂) ယောက်နှင့်အတူ အီတလီမှာပဲနေထိုင် ခဲ့ပါတယ်။ သားကြီးမှာ မိုက်ကယ်ဖြစ်ပြီး၊ သားအငယ်မှာ မောရစ် ဆိုသူ ဖြစ်ပါတယ်။ သားငယ်မှာမော်တော်ယဉ် မတော် တဆမှုနှင့် သေဆုံးခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် နောက်ပိုင်း ဦးနေဝင်းလက်ထက် မြန်မာ ပြည်ဟာ အထီးကျန် ဆန်လာတာ ဆင်းရဲလာတာ တွေကို မျက်ခြေမပြတ် သိမြင်နေခဲ့ပြီး သူ့ဖခင် ဆုံး တော့ မေမြို့ကို ခေတ္တခဏ ပြန်လာခဲ့ပါသေးတယ်။ ဒါပေမဲ့ နောက်တခေါက် သူ့မိခင် နာမကျန်း ဖြစ်တဲ့ အချိန်မှာတော့ မြန်မာသံရုံးက ဗီဇာထုတ်မပေးတော့ ပါ။ အဲဒီမှာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဦးနေဝင်းရဲ့ဇနီး ကစ်တီ ဘသန်းနဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်း တစ်ခွင် ရင်းနှီးခဲ့ဖူးတဲ့ အလျောက် ဦးနေဝင်းဆီကို သံကြိုးရိုက် အကူအညီ တောင်းရာကနေ အဆက် အသွယ် ရခဲ့ပြီး သိပ်မကြာခင် ၁၉၇၆ မှာ ဗိုလ်နေဝင်း ရဲ့ (၅) ယောက်မြောက် တရားဝင် ဇနီး အဖြစ် လက် ထပ် လိုက်ကြပါတယ်။ အဲဒီ လက်ထပ်ပွဲက ခပ်ရိုးရိုးသာ ဖြစ်ခဲ့ကြောင်း ‘It was not one of those lavish things’ လို့ သူမက ဆိုတယ်။ ဒါပေမဲ့ အိမ်ထောင်သက် ၅-လသာ ခံပြီး ဗိုလ်နေဝင်း နဲ့ ကွာရှင်း ပြတ်စဲခဲ့ပါတယ်။ ကွဲရတဲ့ဇတ်လမ်းတွေထဲမှာ လူပြောသူပြော များခဲ့တာ ကတော့ သူမဟာ အမေရိကန် စီအိုင်အေ စပိုင် ဖြစ်ပြီး စစ်အေးကာလလည်း ဖြစ်တာမို့ ဗိုလ်နေဝင်း နဲ့တရုတ် ပြည်က ဖိတ်ကြားလို့ သမ္မတကတော် အနေနဲ့ အတူ သွားရောက်တဲ့အခါ တရုတ် အဏုမြူဓတ်ပေါင်းဖိုကို လှည့်လည် ကြည့်ရှုယင်း လည်ပင်းမှာ ဆွဲထားတဲ့ ကျောက်စိမ်း လော့ကတ်သီး ကင်မရာကနေ တဆင့် ဓတ်ပုံ ခိုးရိုက်တာကို တရုတ် ဝန်ကြီးချုပ် ချူအင်လိုင်း က သိရှိပြီး ဗိုလ်နေဝင်းကို အိမ်အပြန် လေယဉ်ပေါ် တက်စဉ် တရုတ်ထောက်လှမ်းရေးက သူမကိုတန်ပြန် ရိုက်ထားတဲ့ဓတ်ပုံတွေပေးလိုက်တာကြောင့် အိမ်တော် ပြန်ရောက်တဲ့အခါ ခွန်းကြီးခွန်းငယ်စကားများကြရာမှ ရတနာနတ်မယ်ကို ဗိုလ်နေဝင်းက ဆေးလိပ်ခွက်နဲ့ ကောက်ပေါက်သလို သူမကလည်း တော်ဝင်သွေး ပါသူ ပီပီ ပါးပြန်ရိုက်တယ်လို့ မှတ်သားရပါတယ်။ နောက်တ နေ့မှာပဲ သူမပိုင်သေတ္တာအလုံး ၅၀ ကျော်ပိုက်ပြီး စင်းလုံး ငှါးလေယဉ်နှင့် ဥရောပကို ပြန်လာတယ်လို့ ကြားခဲ့ဘူး ပါတယ်။ ဘယ်လောက် သေချာသလဲ၊ အဖြစ်မှန်လား ဆိုတာ တော့ ကာယကံရှင်နှစ်ဦးမှလွဲ၍ မသိနိုင်ပါ။ ဥရောပ ပြန်ရောက်ပြီးနောက် ကျမသိသော ဗမာပြည် မှ နေဝင်း ( The man who I know from Buma,Ne Win ) ( သို့ ) နေဝင်းနှင့် ရက်ပေါင်း ၁၀၀ (100 days with Ne Win ) ဆိုတဲ့ စာအုပ်ရေးပြီး ထုတ်ဖို့ ကြံတာ ကို ဗိုလ်နေဝင်းက သိရှိပြီး သူ့အရှုပ်ထုပ်တွေ ပေါ်ကာ အရှက်ကွဲရမှာမို့ နှိုင်ငံခြားရေး ဝန်ကြီး လွှတ်ပြီး နှုတ် ပိတ်ခ အနေနဲ့ ဒေါ်လာ သန်းချီ ပေးလိုက်ရတယ်လို့ လည်း နောက်ဆက်တွဲ ကြားခဲ့ဖူးပါတယ်။ အတည်ပြုလို့မရတဲ့ စစ်တပ် အသိုင်းအဝိုင်းက ထွက် လာတဲ့ သတင်းတွေထဲမှာ ၁၉၅၄ ခုနှစ် မန္တလေးသင်္ကြန် မှာ ပြည်ထောင်စု အလံကို ဖက်ရှင်ထွင်ပြီး ထမိန်ချုပ် ၀တ်သည့်အတွက် ဒဏ်ငွေရိုက်ခြင်း ခံခဲ့ရသလို အဲဒီ ကာလက ရတနာနတ်မယ်ရဲ့ အလှမှာ ယစ်မှုးခဲ့သော ဗိုလ်ချုပ်ကြီး နေ၀င်း၏ ကိုယ်ရံတော် တစ်ဦးဖြစ်သူ ဗိုလ်ကြီးတင်ဦး ဆိုသူဟာ ရတနာ နတ်မယ်ကို မရရှိ တာကြောင့် ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တယ်လို့ လည်း သိရပါတယ်။ ထိုစဉ်အခါက ရတနာနတ်မယ်နှင့် အတွဲဆုံးသူမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်သော ဗိုလ်မှူးကြီး ကြည်မောင် ဖြစ်ပါတယ်။ ကျန်းမားရေးဝန်ကြီး၊ ဗြိတိသျှ သံအမတ် ကြီး စသဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်တယ်။ ကာနယ် ကြည်မောင်မှာ ဥပဓိရုပ် အလွန်ကောင်းပြီး၊ မိန်းမများ သဘောကျသော ရုပ်ဖြစ်ပါသည်။ Ball Dance ကရာတွင် ၄င်းတို့နှစ်ဦးမှာ အလွန် လိုက် ဖက်သည်ဟု ပြောကြပါသည်။ လက်ရှိ အီတလီနှိုင်ငံ ဖလောရင့် ( Florence ) မြို့မှာ မြန်မာအစားအစာနှင့် အီတလီ အစား အစာ ချက်ပြုတ် နည်း Associazione Culturale Arte Gastronomia Orientale သင်တန်းဖွင့်လှစ် သင်ကြားရင်း အသက် (၈၀) ကျော် သက်ကြီး ဘဝကို စိတ်အေးချမ်းသာစွာဖြင့် ကျော်ဖြတ်၍ ပျော်ရွှင်စွာ နေထိုင်လျှက်ရှိတယ်လို့လည်း သိရပါတော့သတည်း။ Andrew Soe ၁၃ ဇန်နဝါရီ ၂၀၁၅။ *( အောက်ပါ လင့်ခ် ကတော့ သူမ၏ ဖဘ အကောင့် တခုနှင့် ယူကျုလင့်ခ် ဖြစ်ပါတယ်။ https://www.facebook.com/Rhapsody.in.June https://www.youtube.com/watch?v=l5n72whDsdY)။ #( ပထမဆုံး ဓတ်ပုံမှာ မိခင် ဖြစ်သူ လင်းပင်မြို့စားကြီး ၏ သမီး ထိပ်တင်မလတ်နှင့် တွဲရိုက်ထားသော ရှားပါး ဓတ်ပုံ ဖြစ်၏)။

No comments: