Saturday, January 17, 2015

KIA အဖွဲ့မှ လုံးခင်းရဲစခန်းအား မိုင်းခွဲတိုက်ခိုက်မှုအပါအ၀င် ဖားကန့်မြို့နယ် အတွင်း မိုင်းထောင်ဖောက်ခွဲမှုများ ဆက်တိုက်ပြုလုပ်လာ

KIA အဖွဲ့မှ လုံးခင်းရဲစခန်းအား မိုင်းခွဲတိုက်ခိုက်မှုအပါအ၀င် ဖားကန့်မြို့နယ် အတွင်း မိုင်းထောင်ဖောက်ခွဲမှုများ ဆက်တိုက်ပြုလုပ်လာ

Friday, January 16, 2015 ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ရပ်ကွက်(၁)ရှိ လုံးခင်းရဲစခန်းအား ဇန်န၀ါရီ ၁၅ ရက် ညနေ ၆ နာရီ ၃၅ မိနစ်ချိန်ခန့်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်မိသားစု ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါဖြစ်စဉ်မှာ ရဲစခန်းရှေ့လမ်းမပေါ်မှ ဆိုင်ကယ်စီးနင်းလာသော KIA တပ်ဖွဲ့ဝင်တစ်ဦးက ရဲစခန်းအတွင်းသို့ ပစ်ပေါက်ခဲ့ရာ မိုင်းပေါက်ကွဲခဲ့ပြီး ယင်းကဲ့သို့ ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း တာဝန်ကျရဲအရာရှိ တစ်ဦးက ပြောသည်။ KIA အဖွဲ့၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ရဲတပ်ကြပ်ကြီး ကူရှင်ဖုန်ဆားရ်၏ ဇနီး ဒေါ်နန်းဆိုင်၊ သား ဖုန်ဆိုင်ဖုန်ဆားရ် နှင့် တူဖြစ်သော ဖုန်ဒီးအောင်၊ ရဲတပ်ကြပ် စောထွန်းအောင်၏ ဇနီး ဒေါ်ခိုင်ဇာမြင့်တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ အလားတူ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာအနီးရှိ ဂျိတ်ပါဝါကျောက်မျက်တူးဖော်ရေး ကုမ္ပဏီမှ စက်ပြင်လုပ်သား သီဟအောင် သည် ဇန်န၀ါရီ ၁၅ ရက် နေ့လည် ၂ နာရီအချိန် ကုမ္ပဏီဝင်းအတွင်း ဂိတ်အဆောင်၌ ထိုင်နေစဉ် KIA အဖွဲ့ဝင်တစ်ဦးသည် လက်လုပ်မိုင်း ၂ လုံးအား ဆိုင်ကယ်ပေါ်မှတစ်ဆင့် ပစ်ပေါက် ထွက်ပြေးခဲ့ကြောင်း ၎င်း၏မျက်မြင် ကိုယ်တွေ့ပြောပြချက်အရ သိရသည်။ “ မိုင်းက နှစ်လုံးတောင် ပစ်ထည့်တာ၊ လူကို မမှန်လို့ တော်သေးတာပေါ့၊ ဂိတ်အဆောင်နဲ့ အဆောင်ဘေးမှာ ကျရောက် ပေမယ့် မိုင်းတွေက မကွဲဘူး၊ KIA အဖွဲ့ရဲ့ လုပ်ရပ်က တော်တော်လေး အောက်တန်းကျလွန်းတယ်ဗျာ” ဟု ယင်းကုမ္ပဏီမှ လုပ်သားတစ်ဦးက ပြောသည်။ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ငြိမ်းချမ်းသာယာရပ်ကွက်၊ လမ်းဆုံနေရာ၌ ဇန်န၀ါရီ ၁၅ ရက် ည ၇ နာရီ မိနစ် ၂၀ ခန့် တွင် မိုင်းတစ်လုံးအား လည်းကောင်း၊ အောင်ရာရပ်ကွက် လမ်းဘေးနေရာ၌ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် မိုင်းတစ်လုံး အားလည်းကောင်း KIA အဖွဲ့မှ ဖောက်ခွဲခဲ့ရာ မြို့ခံများလည်း အထိတ်တလန့်ဖြစ်နေကြကြောင်း မြို့ခံရပ်မိရပ်ဖတစ်ဦး ၏ ပြောပြချက်အရ သိရသည်။ ထို့နောက် ည ၁၁ နာရီချိန်ခန့်တွင်လည်း ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ အုပ်စု၊ ကောင်ဆန်ကျေးရွာရှိ ထူးကျောက်မျက် တူးဖော်ရေးကုမ္ပဏီအနီးတွင် KIA အဖွဲ့မှ မိုင်းတစ်လုံးထပ်မံဖောက်ခွဲခဲ့ကြောင်း ယင်းကုမ္ပဏီတာဝန်ခံ၏ အတည်ပြု ပြောကြားချက်အရ သိရသည်။ အဆိုပါ မိုင်းပေါက်ကွဲမှုများကြောင့် လူ၊ တိရစ္ဆာန်များနှင့် အဆောက်အဦများ ထိခိုက်ပျက်စီးခြင်းမရှိသော်လည်း KIA အဖွဲ့၏ ယခုကဲ့သို့ အကြမ်းဖက် လုပ်ရပ်များကြောင့် ဒေသခံပြည်သူများမှာ စိုးရိမ်ထိတ်လန့်နေကြပြီး ၎င်းတို့၏ အသက် အန္တရာယ်လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက် မှုများပြုလုပ် ရန် လိုအပ်နေပြီဖြစ်ကြောင်း ဖားကန့်မြို့ခံ ကျောက်မျက် လုပ်ငန်းရှင်တစ်ဦး မှ ပြောကြားသွားသည်။ ထွန်းနေအောင် (ဖားကန့်) Kachin Daily News 

No comments: