Tuesday, January 6, 2015

(၆၇) နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်အမှတ် မနောပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

(၆၇) နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်အမှတ် မနောပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ===============================

မြစ်ကြီးနား ဇန်နဝါရီ ၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသောကချင်ပြည်နယ်နေ့ကို အလေးထားဂုဏ်ပြုသောအားဖြင့် ကချင် ပြည်နယ်သူ၊ ပြည်နယ်သားများ၏ ဆန္ဒအရ မနောပွဲတော်ဖြစ်မြောက်ရေး ကော်မတီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် (၆၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်မနောပွဲတော်ကြီးကို ပြည်နယ်သူ ပြည်နယ်သားများ၏ ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းဖော်ထုတ်ပြသသွားနိုင်ရန်၊ ပြည်နယ် သူ ပြည်နယ်သား မျိုးဆက်သစ်လူငယ်များအနေဖြင့် ကချင်ပြည်နယ်နေ့ကို အစဉ်အလာမပျက် ကျင်းပသွားနိုင်ရန်၊ ရိုးရာယဉ်ကျေးမှုအဆိုအကများနှင့် ဘက်စုံအားကစားဖွံ့ဖြိုးမှုအတွက်အထောက်အကူပြုဆောင်ရွက်နိုင်ရန်၊ ကချင် ပြည်နယ် ငြိမ်းချမ်းသာယာဝပြော၍ ကောင်းမြတ်သောသွေးချင်းညီနောင် ဆက်ဆံရေးအနှစ်သာရများကိုသားစဉ်မြေးဆက် ဆက်လက်ထိန်းသိမ်းသွားရန်ဟူသောရည်ရွယ်ချက်များဖြင့် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းကြီး ၌ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၅ ရက်မှ ၁၁ ရက်အထိ ၇ ရက်တိုင်အောင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။

အဆိုပါအခမ်းအနားကြီးကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒေသခံတိုင်းရင်းသားမျိုးနွယ်စုအားလုံးပါဝင်သော မနောပွဲတော်ဖြစ်မြောက်ရေး ကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီ (၂၃)ဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာဝန်ကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ကချင်ပြည်နယ် စစ်ဘက် နယ်ဘက်ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ၊နိုင်ငံခြားသံတမန်များ၊ နယ်စပ်ဒေသသွေးချင်း များ၊ ဇုန်နယ်အသီးသီးမှကချင်ရိုးရာယဉ်ကျေးမှု ကော်မတီ ဝင်များ၊ ရပ်မိရပ်ဖများ၊ ဘာသာရေးဆိုင်ရာဂိုဏ်းဂဏပေါင်းစုံမှ ဆရာတော်ကြီးများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အလှူရှင်များ၊ အခြားဖိတ်ကြားသင့်သော ပုဂ္ဂိုလ်များ စုစုပေါင်းအင်အား ၅ဝဝဝ ခန့် ဖိတ်ကြားထားကြောင်းကိုလည်းသိရှိရသည်။
ပွဲတော်ကျင်းပရေးနှင့်စပ်လျဉ်း၍ မနောပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌဦးလခရိလအောင်က '' ဒီမနော ပွဲတော်ကို ကချင်ပြည်နယ်နေ့အထိမ်း အမှတ်ရယ်၊ အဲဒီမှာ လူထုအခမ်း အနားအပြင် မနောပွဲတော်ပါတော့ ကျွန်တော်တို့ ကချင်ရိုးရာယဉ်ကျေးမှု မျိုးနွယ်စုတွေကိုလည်း ဖိတ်ခေါ်ပြီးတော့ ဒီအစီအစဉ်ကို လုပ်တာပေါ့။ ကျွန်တော်တို့ ဒီမနောပွဲတော်မှာ လာတဲ့လူတွေကို နေရာထိုင်ခင်းက အစစီစဉ်ပေးရတယ်။ ကျွေးမွေးဖို့ အတွက်လည်းစီစဉ်ပေးရတယ်။ ဖျော်ဖြေရေးအနေနဲ့ ခမ်းခမ်းနားနား ဖြစ်အောင် ကျွန်တော်တို့ စီစဉ်ထား ပါတယ်။ ကျွန်တော်တို့သုံးတဲ့စက်တွေ ကိုလည်း နောက်ဆုံးပေါ်စက်တွေကို သုံးတယ်။ ပြီးတော့ ကျွန်တော်တို့ စင်မြင့်မှာ ရိုးရာယဉ်ကျေးမှု ဖျော်ဖြေ ရေးပြိုင်ပွဲတွေ အဲဒါတွေကိုလည်း လုပ်တယ်။ ကျွန်တော်တို့ မနောပွဲတော်ဖွင့်ပွဲ ဂုဏ်ပြုညစာစားပွဲရှိမှာ ဖြစ်သလို ကချင်ပြည်နယ်ရဲ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲလည်းရှိမှာ ဖြစ်ပါတယ်။

ပြီးတော့ နိုင်ငံခြားကရောက်လာတဲ့ ဧည့်သည်တော်တွေအတွက် နေရာထိုင်ခင်းကအစ ပြင်ဆင်ထား တာရှိပါတယ်။ အဲဒါတွေအပြင် အားကစားပြိုင်ပွဲ၊ မာရသွန်ပြိုင်ပွဲ၊ ဘော်လီဘော၊ ဘောလုံးပြိုင်ပွဲတွေ ကိုလည်း စီစဉ်ထားတယ်။ ကျွန်တော်တို့နဲ့ နယ်စပ်ချင်း ထိစပ် နေတဲ့ ပြည်နယ်ခွဲ သုံးခုကိုလည်း ဖိတ်ထားပါတယ်။ပြီးတော့ အိန္ဒိယမှာနေတဲ့ ကျွန်တော်တို့ ကချင်လူမျိုး တွေကို ဖိတ်ထားတာရှိပါတယ်။ ကချင်လူမျိုးတွေဟာ တချို့တရုတ် ပြည်မှာနေတယ်။ တချို့ကတော့အိန္ဒိယမှာနေတယ်။ မနောပွဲဆိုတာ ဒီတိုင်းပဲ သူတို့ဆီမှာ မနောပွဲလုပ်ရင် ကျွန်တော်တို့ကို ဖိတ်သလိုပဲ ကျွန်တော်တို့ဆီလည်း မနောပွဲရှိ တယ်ဆိုရင်သူတို့ကို ဖိတ်ရပါတယ်။ တရုတ်ပြည်ကတော့ ကချင် မျိုးနွယ်စုရဲ့ ဧည့်သည်စာရင်းအရ ၂ဝဝ ကျော်လောက်တက်မှာ ဖြစ်ပါတယ်။ အိန္ဒိယမှာရှိတဲ့ ၃၅ ဦး တက်မယ်လို့ ပြောထားပါတယ်'' ဟု ရှင်းပြသည်။
လီဆူးလူမျိုး မလီမဆီးက '' သမီး အနေနဲ့ ဝမ်းသာဂုဏ်ယူမိပါတယ်။ တိုင်းရင်းသား တိုင်းရင်းသူ ညီအစ်ကို မောင်နှမတွေအတူတကွတွေ့ဆုံ ခွင့်ရတယ်။ အတူတကွ ကပွဲတွေ ဆင်နွှဲရတဲ့အတွက်ကြောင့်မို့လို့ အထူး ပဲ ကျေးဇူးတင်မိပါတယ်'' ဟု ပြောပြသည်။

ထို့အပြင် ခခူးလူမျိုး မလုလုအောင်က ''ကချင်တိုင်းရင်းသူ တစ်ယောက်အနေနဲ့ အလွန်ပဲ ဂုဏ်ယူဝမ်းသာမိပါတယ်။ သမီးတို့ တိုင်းရင်းသားတွေစုံစုံညီညီနဲ့ အတူတကွ စည်းလုံးညီညွတ်စွာနဲ့ ကခွင့်ရလို့ ကျေးဇူးတင်ပါတယ်'' ဟု ပြောသည်။

ယခုပွဲတော်ကြီးသို့ နိုင်ငံတကာ သံတမန်များ၊ အိမ်နီးနားချင်း နိုင်ငံများမှဧည့်သည်တော်များ တက်ရောက်ကြမည်ဖြစ်ပြီး ကချင်ပြည်နယ်၏ဂုဏ်သိက္ခာကို မြှင့်တင်ပေးမည့်အခမ်းအနားဖြစ်သည့် အတွက် ပြည်နယ်သူ ပြည်နယ်သား များအနေဖြင့် စည်းလုံးညီညွတ်မှု၊ မိမိ ယဉ်ကျေးမှုကို မြတ်နိုးလိုသော စိတ်တို့ဖြင့် စိတ်တူကိုယ်တူ လက်တွဲ ညီညီ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါသည်။
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၁ဝ ရက်နေ့သည်ကချင်ပြည်နယ် ကောင်စီညီလာခံကြီးကိုပထမဦးဆုံး ကျင်းပသောနေ့ရက်ဖြစ်သည်။ ယင်းကောင်စီ အစည်း အဝေးမှကချင်ပြည်နယ် အစိုးရအဖွဲ့ကို ရှေးဦးစွာ ဖွဲ့စည်းလိုက်သောရက် ဖြစ်ကာ ကချင်ပြည်နယ်၏ ကောင်းကျိုးဆိုးကျိုးကို ဖန်တီးမည့် ကချင်ပြည်နယ်ကောင်စီနှင့် ကချင် ပြည်နယ်အစိုးရ ပထမဦးဆုံးထွက်ပေါ်လာသောရက်ကို ကချင်ပြည်နယ်နေ့ဟု သတ်မှတ်ပြဋ္ဌာန်း ခဲ့သည်။

No comments: