Friday, January 2, 2015

အပစ်မရပ်ခြင်းက KIA ကို အပယ်ခံ ဖြစ်စေပြီလား ?


အပစ်မရပ်ခြင်းက KIA ကို အပယ်ခံ ဖြစ်စေပြီလား ?


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည် ကျင်းပသည့် ဗိုလ်ရှုခံအခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့ကို တက်ရောက်ရန် ဖိတ်ကြားထားကြောင်း သိရပါ သည်။ သို့သော် ထိုအဖွဲ့ ၁၄ ဖွဲ့တွင် ကချင်လွတ်မြောက်
ရေးတပ်မတော်(KIA)အဖွဲ့ မပါဝင်သည်ကို တွေ့ရပါသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်လက်ထက်တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့မှာ ကရင်အမျိုးသား
အစည်းအရုံး(KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ “ ၀ ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်အဖွဲ့ NDAA(မိုင်းလား)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော်(DKBA)၊ ကရင် အမျိုးသားအစည်း/ကရင်အမျိုးသား
လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ)KNU/KNLA(PC)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား
များဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-K)၊ ရခိုင်ပြည်လွတ်မြောက်
ရေးပါတီ(ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး
အဖွဲ့(PNLO)၊ မွန်ပြည်သစ်ပါတီ(NMSP)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) တို့ဖြစ်ကြပြီး လွတ်လပ်ရေးနေ့ အခမ်းအနားကို ဖိတ်ကြားထားခြင်း ခံရသည်။

(၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ဗိုလ်ရှုခံအခမ်းအနားသို့ တက်ရောက်လာ မည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၄ ဖွဲ့တို့ကို နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်တို့နှင့် သီးခြားတွေ့ဆုံမည့် အစီအစဉ် လည်း ပါဝင်ကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ နိုင်ငံတော်သမ္မတနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့အား တွေ့ဆုံခွင့်ရခြင်းသည် အမှန်ကတယ်ပင် ထူးခြားလေးနက်နေပါသည်။

ထိုတွေ့ဆုံဆွေးနွေးမှုတွင် KIA အဖွဲ့ ပါဝင်ခွင့်မရခြင်းသည် ရတောင့်ရခဲအခွင့် အရေးကို လက်လွတ်
လိုက်ရခြင်း ဖြစ်ပါ သည်။ နိုင်ငံတော်အကြီးအကဲ၊ တပ်မတော်အကြီးအကဲတို့မှ လက်ခံတွေ့ဆုံခြင်းသည် တိုင်းရင်းသား လက်နက်ကိုင်များအတွက် မိမိတို့၏ လိုလားချက်များ၊ အခက်အခဲများကိုလည်း ပွင့်လင်းစွာ တောင်းဆိုဆွေးနွေးခွင့်ရ မည်ဖြစ်ပါသည်။ သို့သော် ထိုအခွင့်အရေးမျိုးကို KIA ဆုံးရှုံးခြင်းသည် အကြောင်းပြချက်တစ်ခုသာ ရှိပါသည်။ ထိုအကြောင်းပြချက်သည်ကား KIA အဖွဲ့သည် နိုင်ငံ
တော်အစိုးရနှင့် ယနေ့အချိန်ထိ ပြည်နယ်အဆင့်ကိုပင် အပစ်ရပ် လက်မှတ်မထိုးနိုင်
သောကြောင့် ဖြစ်ပါသည်။

သို့ဆိုလျှင် အပစ်မရပ်ခြင်းကြောင့် KIA အပယ်ခံဖြစ်သွားပြီလား ဟူသော မေးခွန်း ကလဲ ဒွိဟဖြစ်စရာ ကောင်းနေ ပါသည်။ ပြုပြင်ပြောင်း လဲလာသော လက်ရှိနိုင်ငံတော်အခင်းအကျင်းတွင် အခြားတိုင်းရင်းသား လက်နက်ကိုင်များက အစိုးရ အဖွဲ့နှင့် ငြိမ်းချမ်းရေးယူပြီးချိန် KIA အဖွဲ့ကတော့ အကြောင်းပြချက်မျိုးစုံဖြင့် ငြင်းပယ်ခဲ့သည်။ တိုက်ပွဲ များ ပြန် လည် ဖြစ်ပွား လာမှုနှင့်အတူ ကချင်ငြိမ်းချမ်းရေးက ခပ်လှုပ်လှုပ်ဖြစ်လာပြန်ပါ သည်။ ဒေသခံပြည်သူများ၏ စိုးရိမ်သောကများ တိုးပွားလာခဲ့ရသလို KIA အဖွဲ့ ၏ လုပ်ရပ်အပေါ်တွင်လည်း နားမလည်နိုင်ဖြစ်နေကြရသည်။

အချုပ်အားဖြင့်ဆိုသော် KIA အဖွဲ့အနေဖြင့် သူများမိုးခါးရေသောက်ချိန်တွင် လိုက်သောက်ရန် လိုပါသည်။ ထိုသို့ မဟုတ်ဘဲ တစ်ဖွဲ့တည်းကွဲထွက်နေပါက သင်းကွဲအဖြစ် သတ်မှတ်ခံရတော့မည် ဖြစ်ပါသည်။ ဗိုလ်ရှုခံအခမ်းအနားသို့ တက်ရောက်ရန် KIA ကို မဖိတ်ခြင်းက အနီးကပ်ဆုံးသင်ခန်းစာ ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ အစိုးရအဖွဲ့နှင့် အပစ် မရပ်ခြင်းက KIA ကို အပယ် ခံဖြစ်စေပြီ လား ဟူ၍သာ ဆိုရပါတော့မည်။

No comments: