Friday, January 16, 2015

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုံးဝအယုံအကြည် မရှိဟု ကေအိုင်အိုမှ ပြောကြား

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုံးဝအယုံအကြည် မရှိဟု ကေအိုင်အိုမှ ပြောကြား

တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်ကာ စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲ နေသောကြောင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲနိုင်ရေး ဆောင်ရွက်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လုံးဝအယုံအကြည်မရှိဟု KIA/KIO နည်းပညာ အထောက်အကူပြု အဖွဲ့ဝင် ဦးဒေါင်ခါး က ပြောဆိုသည်။ မြန်မာ့တပ်မတော် ခြေမြန်တပ်မ (၆၆)၏ လက်အောက်ခံ တပ်ရင်းများက ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်သည့် ဖားကန့်၊ ကန်စီးဒေသကို ဇန်န၀ါရီ ၁၅ရက် နံနက် ၆ နာရီခွဲတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ကာ ဇန်န၀ါရီ ၁၂ ရက်ကလည်း တပ်မတော်က ကေအိုင်အေ တပ်မဟာ(၄) လက်အောက်ခံ တပ်များကို စခန်း သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့သည်။ "တခြားပြည်နယ် တွေမှာတော့ မပြောတတ်ဘူး။ ကချင်ပြည်နယ်မှာကတော့ ငြိမ်းချမ်းရေးကို သူတို့ ဦးတည်တဲ့ပုံတော့ မပေါ်ဘူးဗျ။ ငြိမ်းချမ်းရေးအပေါ် ယုံကြည်မှုကတော့ သုညပဲ။ အခုဟာက လိုအပ်လို့ ဆွေးနွေးတာပဲရှိတယ်။ ယုံကြည်လို့ ဆွေးနွေးတဲ့အပိုင်းက မရှိတော့ဘူး။ အားလုံးပျက်ပြားသွားပြီ"ဟု ဦးဒေါင်ခါး က ပြောဆိုသည်။ ကချင်ပြည်နယ်ဝန်ကြီး၏ လုံခြုံရေးတပ်ဖွဲ့ဝင် ရဲသုံးဦးကို ကေအိုင်အေက ဖမ်းဆီးထားခြင်းကြောင့် တပ်မတော်က ကေအိုင်အေ တပ်ရင်း(၆)ကို ဇန်န၀ါရီ ၁၅ရက် နံနက် ၆ နာရီခန့်မှ စတင်ကာ လက်နက်ကြီးများနှင့် စတင်ပစ်ခတ် လျက်ရှိသည်ဟု ကေအိုင်အေ/ ကေအိုင်အို နည်းပညာ အထောက်အကူပြု အဖွဲ့မှ သိရသည်။ ကချင်ပြည်နယ် ဖားကန့်နှင့် ကာမိုင်း လမ်းခုလတ်တွင် ဇန်န၀ါရီ ၁၄ ရက်က လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော် က မိုးကောင်း-ကာမိုင်း-ဖားကန့် လမ်းကြောင်းကို စစ်ဆေးကြည့်ရှုနေစဉ် ကေအိုင် အေအဖွဲ့က တားဆီးစစ်ဆေးခဲ့ပြီး အနီးကပ် လုံခြုံရေး လိုက်ပါခဲ့သည့် ရဲတပ်ဖွဲ့ဝင် သုံးဦးအား ဆက်လက်ဖမ်းဆီး ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။ "အပြင်မှာက ဖမ်းဆီးတယ်ဆိုပြီးတော့ ကောလာဟလတွေ ထွက်ပေါ်နေတာပါ။ ဖမ်းဆီးထိန်းသိမ်းခြင်း မရှိပါဘူး။ နာရီဝက်လောက် စစ်ဆေးပြီးတော့ ၀န်ကြီး မှန်း သိလို့ သွားခွင့်ပေးခဲ့ပါတယ်။ ဒါကိုအကြောင်းပြုပြီးတော့ လက်နက်ကြီး တွေနဲ့ ပစ်ခတ်တာကတော့ မကောင်းပါဘူး။ မြန်မာတပ်မတော်အနေနဲ့ အေးအေးဆေးဆေး နေဖို့ကောင်းတယ်။ ၀န်ကြီးဆိုတာလည်း ကချင်တိုင်းရင်း သားပဲလေ။ ဆွေမျိုးတွေ၊ ကျောင်းနေဖက်တွေပဲ၊ ဖုန်းနဲ့ပြောလိုက်ရင် ဒါက ပြီးနေတဲ့ ကိစ္စတွေပါ"ဟု ဦးဒေါင်ခါး က ပြောဆိုသည်။ "ဗဟိုကလည်း ရဲတပ်ဖွဲ့ဝင်တွေကို ပြန်လည်လွှတ်ပေးဖို့ ညွှန်ကြားထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်နေတော့ ပြဿနာကို မကြီးထွားစေချင်ဘူး။ ပြည်ထောင်စုနေ့မှာလည်း အပစ်ရပ်စာချုပ်က သမ္မတ အပါအ၀င် အားလုံးလက်မှတ် ရေးထိုးဖို့ရှိနေတယ်"ဟု ဦးဒေါင်ခါး က ပြောသည်။ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ကို ပြည်ထောင်စုနေ့တွင် လက်မှတ် ရေးထိုးရန် သမ္မတက အဆိုပြုထားသည့်အတွက် တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး စာချုပ်မူကြမ်း ဆက်လက်ညှိနှိုင်းရန် NCCT နှင့် UPWC တို့က ဇန်န၀ါရီ ၂၀ ရက်နောက်ပိုင်းတွင် တွေ့ဆုံမည်ဆိုသော်လည်း မသေချာနိုင် သေးဟု နှစ်ဖက်အသိုင်းအ၀ိုင်းမှ သိရသည်။ "အခုကြည့်ရတာက သမ္မတ ဦးသိန်းစိန်ပဲ ငြိမ်းချမ်းရေးကြိုက်ပြီးတော့ တပ်မတော်ကတော့ ငြိမ်းချမ်းရေးကို မလိုလားတဲ့ သဘောတွေ့ရတယ်။ ကချင်ပြည်နယ်ရဲ့ အနေအထားအရပေါ့။ ငြိမ်းချမ်းရေးလိုချင်တယ် ဆိုရင်တော့ စစ်တပ်အနေနဲ့ ငြိမ်ငြိမ်လေး နေတာကကောင်းမယ်" ဟု ကေအိုင်အေ နည်းပညာ အထောက်အကူပြုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါး က အကြံပြု ပြောကြားသည်။ စံတော်ချိန် 

No comments: