Tuesday, January 6, 2015

KIA ၏ ဖမ်းဆီးခြင်းခံရသော ကလေးမိခင်၏ ရင်တွင်းခံစားချက်

KIA ၏ ဖမ်းဆီးခြင်းခံရသော ကလေးမိခင်၏ ရင်တွင်းခံစားချက်

6.1.2015 ဆုတာင်းပြည့်စေတီရင်ပြည်တော်ပေါ်မှာ KIA ဖမ်းဆီးခံ ရှမ်းလူငယ်များပြန်လည်လွတ်မြောက်ရေး ဆုတောင်းပွဲ လုပ် တော့ ကျွန်မ ရင်ကွဲမတတ် ခံစားရပါတယ်။ အဲဒီပွဲကို ကျွန်မ ရင်နာစွာနဲ့ တက်ဖြစ်ခဲ့တယ်။ ဘာလိုလိုနဲ့ ကျွန်မသားလေး ကို KIA ဖမ်းသွားတာ တစ်နှစ်တောင်ကျော်ပြီပဲ။ ကျွန်မသားလေး ပြန်လည်လွတ်မြောက်ခွင့်အတွက် ဆုတောင်းပွဲမှာ စိတ်ရောကိုယ်ပါနစ်ပြီး ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။ ကျွန်မသားကို KIA ဖမ်းသွားတယ်ဆိုတာ တစ်ပတ်လောက်ကြာမှ သိခဲ့ရပါတယ်။ လယ်သိမ်းချိန်ဆောင်းရာသီမှာ အဖမ်း ခံရတာပါ။ အနွေးထည်တောင်ပါ မသွားဘူး။ ငှက်ဖျားအခံကရှိနေတော့ ပိုပြီးစိုးရိမ်ရတာပေါ့။ အစားအသောက်ရော စားရရဲ့လား။ ရိုက်ပုတ်ညှဉ်းဆဲခံနေရပြီလားဆိုတဲ့ စိုးရိမ်စိတ်က ကျွန်မကို အမြဲတမ်းခြောက်လှန့်နေပါတယ်။ သားကိုဖမ်းသွားတော့ အားကိုးမရှိတော့တဲ့ ကျွန်မဟာ လုပ်ငန်းတစ်ပိုင်းတစ်စနဲ့ ဒုက္ခရောက်ရပါတော့တယ်။ KIA က လယ်ထဲထိ လာဖမ်းနေတော့ အငှားလိုက်မယ့်လူကိုမရှိဘူး။ ကျွန်မမှာ စပါးတွေလည်းပျက်စီး၊ သားကလည်း အဖမ်းခံရနဲ့ ဆောက်တည်ရာမရ ဖြစ်ခဲ့ပါတယ်။ ရွာမှာ လယ်မလုပ်ရဲတော့ ကျွဲ၊ နွား၊ အရောင်းအ၀ယ် လုပ်တဲ့သူတွေ များလာတယ်။ အဲဒီ ကျွဲ၊ နွားအရောင်းအ၀ယ်လုပ်နေတဲ့ သူတွေကတစ်ဆင့် လိုင်ဇာမှာ ကျွန်မသားလေး သင်တန်းတကက်နေရတယ် ဆိုတဲ့အကြောင်း သိလိုက်ရပါတယ်။ တွေ့ခဲ့တဲ့သူတိုင်း ကလေးကငိုပြီး ပြန်ချင်တဲ့အကြောင်းပြောတယ်လို့ ပြောကြ တယ်။ အဖမ်းခံရတဲ့သူ အချင်းချင်း ကချင်ကလေးဆိုရင် အစားအသောက် ကောင်းကောင်းကျွေးပြီး အခွင့်အရေးပေးခံ ရတယ်။ ဗုဒ္ခဘာသာ ရှမ်း/ဗမာ ကလေးတွေကိုတော့ ပစ်ထားပြီး ဘုရားကျောင်း အတင်းတက်ခိုင်းတယ်လို့ လည်း သိရ ပါတယ်။ KIA ကလေးတွေ ထွက်ပြေး အလင်းဝင်ကြတော့ ကျွန်မသားလေးပါလာ မလားဆိုပြီး နားစွင့်မိတယ်။ ဒါပေမယ့် ကျွန်မ ဆန္ဒတွေ မပြည့်ပါဘူးရှင်။ အလင်းဝင်လာတဲ့ ကလေးတွေရဲ့ ပြောပြချက်အရ ထွက်ပြေးတဲ့ကလေးတွေကို ပြန်ဖမ်းမိရင် ညှဉ်းပန်းနှိပ်စက်တယ်။ တစ်ချို့ဆိုရင် သတ်ပစ်တယ်လို့ကြား ရတော့ မတော်တဆ ကျွန်မသားလေး ထွက်ပြေးလို့ ပြန်ဖမ်းမိရင်ဆိုတဲ့ အတွေးကြောင့် စိတ်ခြောက်ခြားနေရပါတယ်။ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ဖမ်းဆီးခံကလေးတွေကို KIA ဆီမှာ လွှတ်ပေးဖို့ တောင်းဆိုတဲ့အကြောင်း သိရတော့ ၀မ်းသာမဆုံးဖြစ်မိတယ်။ ကျွန်မသားလေး ပြန်လာရတော့မယ်ဆိုပြီး မျှော်လင့်စိတ်နဲ့ ကြည်နူးမိတာ အမှန်ပါပဲ။ နောက်ဆုံး KIA က ဗိုလ်ချုပ် ဂွမ်မော်နဲ့ တိုက်ရိုက်တွေ့ပြီး တောင်းခံတော့ ပြန်လွှတ်ပေး မယ်ဆိုတဲ့ ကတိစကားကြောင့် သူ့ကို သူတော်ကောင်းဆိုတဲ့စိတ်နဲ့ မေတ္တာပို့မိပါသေးတယ်။ သူ့စကားကိုယုံပြီး ကျွန်မသားလေး ပြန်လွတ်မယ့်ရက်ကို လက်ချိုးရေတွက်နေမိတယ်။ ဒါပေမယ့်ရှင်။ KIA က ပြန်လွတ်ပေးဖို့ လမ်းမမြင်တော့ပါဘူး။ အစိုးရစစ်တပ်နဲ့ တိုက်ပွဲမဖြစ်ပါစေနဲ့လို့ ကြိတ်ပြီး ဆုတောင်းမိတယ်။ ကျွန်မသားလေး ရှေ့တန်းမှာ အသက်ပါသွားမှာ စိုးလို့ပါ။ အထူးသဖြင့် အခုလို ဆောင်းရာသီရောက် တိုင်း ကျွန်မဘယ်လိုမှ မေ့မရခဲ့ပါဘူးရှင်။ ဆောင်းရာသီစပါးသိမ်းချိန်ရောက်တိုင်း KIA က လူလာဖမ်းနေတုန်းပါပဲ။ အရင်က ဆက်ကြေးပေးရင် လူမဖမ်းဘူးဆိုပြီး KIA က ကတိပေးထားတယ်။ အခုသူတို့ ကတိမတည်ပါဘူး။ ဆက်ကြေး ကောက်။ လူဖမ်း၊ လိင်သရမ်းမှုလဲ ရှိသေးတယ်။ အခု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ဦးစီးပြီး မိခင်နေ့အကြို ဖမ်းဆီးခံ ရှမ်းလူငယ်တွေ လွတ်မြောက်ဖို့ ဆုတောင်းပွဲလုပ် တော့ ကျန်တဲ့မိခင်တွေလည်း ကျွန်မတို့လို ပူပင်သောက ရောက်နေကြတဲ့ မိခင်တွေအပေါ် ကရုဏာသက်၊ မေတ္တာစိတ် ထားပေကြမယ်လို့ ယုံကြည်မိတယ်။ ယုံကြည်တဲ့အလျောက် ဤကမ္ဘာမှ မိခင်များ ၀ိုင်းဝန်းဆုတောင်းပေးကြပါလို့ တောင်းဆိုချင်ပါ တယ်ရှင်….။ ဒေါ်နန်းမြအေး

No comments: