Tuesday, January 6, 2015

မေ့၍မရသော “ ၀င်းဖိုင် “ သို့မဟုတ် ပွိုင့် ၄၉၃၅ ******************************************

မေ့၍မရသော “ ၀င်းဖိုင် “ သို့မဟုတ် ပွိုင့် ၄၉၃၅
******************************************

၁၉၈၅ ခုနှစ်၊ မိုးဦးကျကာလအချိန်ဖြစ်သည်။ ယာယီတပ်ခွဲမှူး(ဗိုလ်မှူး) ဗိုလ်ကြီးမောင်စိုးသည် ပုသိမ်ကြီးမြို့တပ်ရင်းဌာနချုပ်ရှိသူ၏တပ်ခွဲရုံးတွင် အလုပ်များလျက်ရှိသည်။ မကြာမီ စစ်ဆင်ရေးပြန် ထွက်ရတော့မည်ဖြစ်သဖြင့် သူ့တပ်ခွဲအတွက် လူ၊လက်နက်၊ ခဲယမ်း၊ ရိက္ခာ၊ စစ်ဝတ်၊ ဆေးဝါး စသည် ဖြင့်လိုအပ်ချက်မှန်သမျှကို အသေးစိတ်တွက်ချက်လုပ်ကိုင်ဖြည့်ဆည်းဆောင်ရွက်ချက်ရှိသည်။
သည်တစ်ခေါက် စစ်ဆင်ရေးတွင် စခန်းထိုင်တာဝန်ကို ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း သိထား ပြီးဖြစ်သဖြင့် ၀မ်းသာသလိုရှိသော်လည်း အရှေ့မြောက်ဒေသလိုနေရာမျိုးတွင် တပ်စခန်းများမှာ တောင်ထိပ်များပေါ်တွင်သာ အများဆုံးရှိကြပေရာ တောင်ထိပ်စခန်းပေါ်တွင်ထိုင်နေရသောအလုပ် သည်လှုပ်ရှားသွားလာ၍ရောက်ရာနေရာတွင် စခန်းချလှုပ်ရှားရသော စစ်ဆင်ရေးတာဝန်ကဲ့သို့ ပျော်စရာ ကောင်းမည်ဟု လုံးဝမထင်မိပေ။
သို့ရာတွင် မိမိတို့တပ်ရင်းမှာ ပြီးခဲ့သောစစ်ဆင်ရေးပတ်က လှုပ်ရှားစစ်ဆင်ရေးတာဝန်ကို ထမ်းဆောင်ခဲ့ပြီးဖြစ်သဖြင့် အလှည့်ကျသဘောအရ ယခုတစ်ခေါက်တွင် စခန်းထိုင်နယ်မြေထိန်းတာဝန် ကို မဖြစ်မနေထမ်းဆောင်ရမည်ဖြစ်ရာ လိုအပ်သည်များကို ကြိုတင်ပြင်ဆင်စုဆောင်းယူဆောင်သွား ရန်သာ အရေးကြီးကြောင်း သူကောင်းစွာနားလည်သဘောပေါက်မိပါသည်။
ထိုစဉ်တွင် တပ်ခွဲတပ်ကြပ်ကြီးစိန်ထူးရောက်လာပြီးတင်ပြသည်။ “ ဗိုလ်မှူးမိုးတွင်းကြီးမှာ စခန်း ထိုင်ရမှာဆိုတော့ သီးပင်စားပင်စိုက်ပျိုးစားနိုင်အောင် သင့်တော်တဲ့မျိုးစေ့တွေဝယ်သွားရင် ကောင်း မယ်ထင်ပါတယ် ”
“ ခင်ဗျား အကြံကောင်းတယ်၊ အရင်က အဲဒီလိုယူသွားဖူးလား၊ စိုက်ပျိုးရတာကောအဆင်ပြေရဲ့ လား။ ” “ ယူသွားဖူးတယ်ဗိုလ်မှူး၊ စိုက်တာလည်းအောင်မြင်ပါတယ်။ တစ်နေ့တာ စားဖို့သောက်ဖို့ အတွက် အခြားဘာမှရှာမရရင်တောင် ကိုယ့်စိုက်ခင်းလေးထဲက လိုအပ်သလိုခူးဆွတ်ပြီး ချက်စားရုံပဲ၊ အင်မတန်အဆင်ပြေပါတယ်။ ”
“ အဲဒါဆိုရင် ၀ယ်သွားမယ်ဗျာ၊ ဆရာကြီးပဲ ၀ယ်သွားသင့်တဲ့မျိုးစေ့အမျိုးအစားနဲ့ အရေအတွက် ကို စာရင်းလေးလုပ်ပြီး ကျွန်တော့်ကို အမြန်တင်ပြပေးပါ။ တပ်စုလိုက်ခွဲပြီး စခန်းထိုင်ကြရမှာမို့ မျိုးစေ့တွေ ကို တပ်စုလိုက်ခွဲဝေပေးနိုင်အောင် လုပ်ထားပေးပါ ”
“ ဟုတ်ကဲ့ဗိုလ်မှူး ”
တပ်ခွဲတပ်ကြပ်ကြီးစိန်ထူး၏အကြံပြုတင်ပြချက်မှာ လက်တွေ့ကျပြီး တာဝန်ထမ်းဆောင်ရာတွင် သေချာပေါက်အကျိုးပြုမည်ဖြစ်ကြောင်း၊ ဗိုလ်မှူး / ဗိုလ်ကြီးမောင်စိုးကောင်းစွာ ယုံကြည်မိပါသည်။ ထိုနေ့က တပ်ခွဲရုံးသို့ ကိစ္စအမျိုးမျိုးဖြင့်ရောက်လာကြသော စစ်သည်များအား ရှေ့တန်းသို့ မည်သည့် မျိုးစေ့များဝယ်သွားလျှင်ကောင်းမည်ကို မေးကြည့်ရာ ဂေါ်ရခါးသီး၊ ဘူးသီး၊ ရွှေဖရုံသီး၊ ခရမ်းချဉ်သီး၊ ရုံးပတီသီး၊ ခ၀ဲသီး၊ ငရုတ်သီး စသည်ဖြင့် သီးနှံမျိုးစုံကို အကြံပြုတင်ပြကြသဖြင့် ၀မ်းသာအားရရှိလှပါ သည်။ သွားရောက်တာဝန်ထမ်းဆောင်ရမည့်နယ်မြေဒေသမှာ မြေဆီသြဇာအလွန်ကောင်းပြီး မည်သည့် သီးနှံကိုစိုက်သည်ဖြစ်စေ၊အောင်မြင်ကြောင်းကြားသိရသဖြင့်လည်းဗိုလ်မှူး/ ဗိုလ်ကြီးမောင်စိုးဝမ်းသာ ကျေနပ်ဖြစ်နေမိပါသည်။
ထိုသို့ သီးနှံမျိုးစေ့များကိစ္စကို စဉ်းစားနေရင်းမှ ယခုတစ်ပတ်စစ်ဆင်ရေးကာလအတွင်း၌ ယာယီ တပ်ခွဲမှူး(ဗိုလ်မှူး) အဖြစ်တာဝန်ထမ်းဆောင်သက်တစ်နှစ်ပြည့်မည်ကို စဉ်းစားလာမိသောအခါ အဆင့် ရာထူးတိုးမြှင့်ခါနီးကာလတွင် လှုပ်ရှားစစ်ဆင်ရေးတာဝန်ထက် ယခုထမ်းဆောင်ရမည့် စခန်းထိုင် တာဝန်က ပိုမိုသင့်မြတ်ကောင်းမွန်သည်ဟု ပြောင်းလဲရှုမြင်လာမိပါတော့သည်။
(၂)
ဗိုလ်မှူး/ဗိုလ်ကြီးမောင်စိုးတို့တပ်ရင်းသည် ယာဉ်တန်းဖြင့် ပုသိမ်ကြီးမြို့မှလားရှိုးမြို့သို့ စတင်ချီ တက်၍ လားရှိုး၌ တိုင်းမှူး၏သြ၀ါဒကို ခံယူပြီးနောက် ဆက်လက်ထွက်ခွာကြရာ နောက်တစ်နေ့ညနေတွင်ကွတ်ခိုင်မြို့သို့ရောက်ရှိကြပါသည်။ ကွတ်ခိုင်မြို့မှာရှေ့တန်းတပ်မဌာနချုပ် အခြေပြုထားသော နေရာဖြစ်ရာ နောက်နေ့နံနက်တွင် တပ်မမှူး၏သြ၀ါဒကိုခံယူ၍ စစ်ဆင်ရေးညွှန်ကြား ချက်အား နာခံကာ တာဝန်ထမ်းဆောင်ရမည့်နယ်မြေသို့ ဆက်လက်ထွက်ခွာခဲ့ကြပါသည်။
ဗိုလ်မှူး/ ဗိုလ်ကြီးမောင်စိုးတို့ တပ်ရင်းတာဝန်ထမ်းဆောင်ရမည့်နယ်မြေမှာ မူဆယ်ခွင်ဖြစ်ရာ နာမည်ကြီးစီစီဝမ်-တာပန်နှင့် ကပ်လျက်တည်ရှိသော ၀င်းဟွိုင်၊ ၀င်းဖိုင်ဒေသတွင် စခန်းထိုင်တာဝန်ကိုထမ်းဆောင်ရမည်ဖြစ်ပါသည်။
တပ်ရင်းမှူး၏ စစ်ဆင်ရေးညွှန်ကြားချက်အရ တပ်ခွဲရုံးနှင့် တပ်စိတ်လေးစိတ်သည် ပွိုင့် ၄၉၃၅ တွင်လည်းကောင်း၊ တပ်စုတစ်စုသည် ၀င်းဟွိုင်လည်းကောင်း၊ တပ်စုရုံးနှင့် တပ်စိတ်နှစ်စိတ်သည် ကျောက်ကလပ်တွင်လည်းကောင်း အခြေပြုတာဝန်ထမ်းဆောင်ကြရဖြစ်ပါသည်။
တပ်ရင်းမှူးဦးစီး၍ စစ်ကြောင်း(၁)၊ (၂) ဌာနချုပ်နှင့် တပ်ခွဲ(၅)ခွဲတို့သည်။ ကွတ်ခိုင်မှယာဉ်တန်း ဖြင့် ဆက်လက်ထွက်ခွာလာကြပြီးနောက် သတ်မှတ်ထားသောယာဉ်ဆင်းရပ်တွင် ဗိုလ်မှူး/ ဗိုလ်ကြီး မောင်စိုးဦးဆောင်သော တပ်ခွဲယာဉ်ပေါ်မှဆင်း၍ တပ်လဲလှယ်ရေးစီမံချက်ပါလမ်းကြောင်းအတိုင်း ဆက်လက်ချီတက်ကြပါသည်။ ၀င်းဟွိုင်၊ ၀င်းဖိုင်လမ်းခွဲသို့ ရောက်ခါနီးတွင် ဗိုလ်မှူး/ ဗိုလ်ကြီးမောင်စိုးက သူ့တပ်ခွဲအား ညွှန်ကြားလိုက်ပါသည်။
ရှေ့လမ်းခွဲရောက်ရင် ပွိုင့်တပ်စု ခဏစောင့် ”
ပွိုင့်တပ်စုဆိုသည်မှာ ၀င်းဟွိုင်သို့သွားရောက်တာန်လဲလှယ်ရမည့် ဒုတိယဗိုလ်ဇော်ခင်၏ တပ်စု ဖြစ်ပါသည်။ ၀င်းဟွိုင်သို့ ဆက်လက်မထွက်ခွာမီ မှာကြားရန်ရှိသည်များကို အပြီးသတ်မှာကြားနိုင်ရန် စောင့်ခိုင်းခြင်းဖြစ်ပါသည်။
မင်းတပ်စုဝင်းဟွိုင်ကိုရောက်တဲ့အချိန်နဲ့ တာဝန်လွှဲပြီးတဲ့အချိန်ကို သတ်မှတ်ထားတဲ့စကားဝှက် နဲ့ငါ့ဆီအမြန်ဆုံးသတင်းပို့၊ တပ်ဟောင်းက လမ်းကင်းယူထားတာရှိတယ်၊ လူချင်းမမှားစေနဲ့၊ မေး/ ဖြေ စကားဝှက်က အမေး “ ကျားမင်း”၊ အခြေ “ ဆင်ပေါက် ” ရပြီလား”
“ ဟုတ်ကဲ့ရပါပြီဗိုလ်မှူး ”
“ မင်းတာဝန်ယူရမယ့်စခန်းက စီစီဝမ်-တာပန် တောင်ကြောပေါ်မှာရှိတဲ့ မိကျောင်းစခန်းတွေနဲ့ နီးသလို မုန်းပေါ်ခွင်ရဲ့အပေါက်ဝမှာ တည်ရှိနေတာကြောင့် သိပ်အရေးကြီးတယ်၊ တပ်ဟောင်းပြန်ထွက် မသွားမီ နယ်မြေအခြေအနေနဲ့ပတ်သက်ပြီး သေသေချာချာမေးမြန်းမှတ်သားထားဖို့လိုမယ် ”
“ ဟုတ်ကဲ့ဗိုလ်မှူး ”
“ ပြီးတော့ လောလောဆယ် တို့အချင်းချင်း စာနဲ့ဆက်သွယ်ရင်ပဲဖြစ်ဖြစ်၊ ၀ိုင်ယာလက်စက်ပေါ် မှာပြောကြရင်ပဲဖြစ်ဖြစ်၊ အင်္ဂလိပ်လိုပဲရေးကြပြောကြစို့ကွာ၊ မြန်မာလိုပြောဆိုရေးသားကြတာနဲ့စာရင် အတိုင်းအတာတစ်ခုထိ လုံခြုံမှုရှိတာပေါ့၊ နောက်ပိုင်းကျရင်တော့ တပ်ခွဲအတွင်းမှာသုံးဖို့ သီးသန့်စကား ၀ှက်အတိုတွေ ငါလုပ်ပေးထားမယ် ”
“ ဟုတ်ကဲ့ဗိုလ်မှူး ”
“ ဘာမေးစရာရှိသေးလဲ ”
“ မရှိတော့ပါဘူးဗိုလ်မှူး ”
“ မရှိရင်ဆက်ထွက်တော့ ”
ဒုတိယဗိုလ်ဇော်ခင်တို့တပ်စုထွက်ခွာသွားပြီးနောက် ဗိုလ်မှူး/ ဗိုလ်ကြီးမောင်စိုးသည် ကျောက်ကလပ်စခန်းသို့ သွားရောက်တာဝန်လဲလှယ်ရမည့်တပ်ကြပ်ကြီးမြင့်သောင်းဦးစီးသော တပ်စု ရုံးနှင့်တပ်စိတ်နှစ်စိတ်ကိုလည်း လိုအပ်သည်များ အပြီးသတ်မှာကြားပြီးနောက် မိမိတို့နှင့်သက်ဆိုင်ရာ လမ်းကြောင်းများအတိုင်း ဆက်လက်ချီတက်ကြရာ ပွိုင့် ၄၉၃၅ ခေါ် ၀င်းဖိုင်စခန်းသို့ မွန်းလွဲပိုင်းတွင် ချောမောစွာရောက်ရှိပြီး တပ်သစ်နှင့်တပ်ဟောင်းတို့ စနစ်တကျတာဝန်လွှဲပြောင်းလက်ခံကြပါသည်။
(၃)
ပွိုင့် ၄၉၃၅ ၀င်းဖိုင်စခန်းတာဝန်ကိုလွှဲပြောင်းယူပြီး နောက်တစ်နေ့တွင်ဖြစ်သည်။ ဗိုလ်မှူး/ ဗိုလ် ကြီးမောင်စိုးသည် တပ်ခွဲအရာခံဗိုလ်နှင့် တပ်ခွဲတပ်ကြပ်ကြီးတို့အားခေါ်၍ -
“ စခန်းအခြေအနေက ကောင်းပေမယ့် အရန်ရေမရှိဘူး၊ မိုးရေကိုလှောင်ထားဖို့ ခြောက်ပေပတ် လည်လောက်ရှိတဲ့ ရေကန်တစ်ကန်တူးချင်တယ်၊ တူးထားတဲ့မြေသားကန်ထဲမှာ ပလတ်စတစ်အစနဲ့ ပတ်လည်ကာပြီး ရေလှောင်ထားရမယ် ” ဟုညွှန်ကြားလိုက်သောအခါ တပ်ခွဲအရာခံဗိုလ်က -
“ ဗိုလ်မှူးပြပေးတဲ့နေရာမှာ ရေကန်တူးဖို့ ကျွန်တော်စီစဉ်လိုက်ပါမယ် ” ဟုပြော၏။ “ နောက်ပြီး ရေထဲမှာသဘာဝအလျောက်ဖြစ်လာမယ့် ပိုးလောက်လန်းတွေကို သုတ်သင်ပေးဖို့ ရေပုတ်သင်တစ် ကောင်၊ နှစ်ကောင်လောက်ထည့်မွေးထားဖို့လိုတယ်၊ ဆရာကြီး ဒီနေ့ နယ်မြေလေ့လာရေးတိုက်ကင်းထွက်ရင်းနဲ့ လျှိုမြောင်ထဲမှာရှိတဲ့ ချောင်းငယ်၊ မြောင်းငယ်ထဲက ရေပုတ် သင်ရသလောက် ဖမ်းယူလာပေးပါ ”
“ ဟုတ်ကဲ့ဗိုလ်မှူး၊ ကျွန်တော်ရနိုင်သလောက်ရှာဖမ်းခဲ့ပါမယ် “
ထို့နောက် ဗိုလ်မှူး/ ဗိုလ်ကြီးမောင်စိုးသည် တပ်ခွဲတပ်ကြပ်ကြီးစိန်ထူးဘက်သို့ လှည့်ပြောသည်။
“ ဆရာကြီးစီကြူကတော့ ယူလာတဲ့မျိုးစေ့တွေ အမြန်စိုက်နိုင်အောင်လုပ်ပေတော့၊ တပ်ဟောင်း ကစိုက်ခဲ့လို့ ကျန်ခဲ့တဲ့အသီးအနှံတွေ စားလို့ကုန်တာနဲ့ ကိုယ်အသစ်စိုက်တဲ့အပင်က အသီးအပွင့်တွေ ဆက်စားနိုင်အောင်လုပ်ရမယ်၊ မြန်မြန်အကောင်အထည်ဖော်ပေတော့ ”
“ ဟုတ်ကဲ့ဗိုလ်မှူး ”
“ စိုက်ခင်းလုပ်တဲ့ကိစ္စမှာ ၀ါသနာပါပြီး စိတ်ဝင်စားတဲ့လူနဲ့စတင်တာဝန်ပေးဖို့လိုတယ်၊ အလှည့်ကျ သဘောနဲ့ ခိုင်းရင်မလုပ်တတ်လုပ်တတ်နဲ့ စိုက်ခင်းပါပျက်သွားမှာစိုးရတယ်၊ နောက်ပိုင်းကျမှ အလှည့်ကျ တာဝန်ပေးရင်း စိုက်တတ်၊ ပျိုးတတ်၊ လုပ်တတ်၊ ကိုင်တတ်အောင်သင်ပေးရမယ် ”
“ဟုတ်ကဲ့ဗိုလ်မှူး ”
“ စိုက်ခင်းအောင်မြင်ဖြစ်ထွန်းလာမှ တစ်မိုးတွင်းလုံးကျွန်တော်တို့အဆင်ပြေသွားမယ်ဆိုတာ ရဲဘော်တွေကို အသေအချာရှင်းပြပြီးတာဝန်ပေးပါ ”
“ ဟုတ်ကဲ့ဗိုလ်မှူး ”
“ ဘာမေးစရာရှိသေးလဲ ”
“ မရှိတော့ပါဘူးဗိုလ်မှူး ”
“ မရှိရင် အခုပဲဆက်လုပ်ပေတော့ ”
တပ်ခွဲအရာခံဗိုလ်နှင့် တပ်ခွဲတပ်ကြပ်ကြီးတို့အား ပြောဆိုမှာကြားပြီးနောက် ဗိုလ်မှူး/ ဗိုလ်ကြီး မောင်စိုးသည် အကူရဲဘော်တပ်သားမြင့်နိုင်အားခေါ်၍ စခန်းကို အသေးစိတ်လှည့်လည်ကြည့်ရှုစစ်ဆေး ပါတော့သည်။
(၄)
“ ၀ုန်း ”
အချိန်အားဖြင့် နံနက်(၃)နာရီခန့်တွင် မိုင်းကွင်းအစပ်မှ ရုတ်တရက်ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသဖြင့် ဗိုလ်မှူး/ဗိုလ်ကြီးမောင်စိုးသည် ချက်ချင်းပင် တဲအပြင်သို့ပြေးထွက်လာပြီး အော် ဟစ်အမိန့်ပေးလိုက်သည်။
“ နေရာယူ ”
သို့ရာတွင် ပေါက်ကွဲသံကြားရပြီး အတန်ကြာသည်အထိ လက်နက်ကြီး၊ လက်နက်ငယ်သံများ ကြားရခြင်းမရှိသဖြင့် ပစ်မိန့်ဆက်မပေးသေးဘဲ အခြေအနေကိုစောင့်ကြည့်အကဲခတ်လျက်ရှိသည်။
တကယ်တော့ ရန်သူလှုပ်ရှားမှုသတင်းများ ယခုရက်ပိုင်းအတွင်းဆက်တိုက်ရထားသဖြင့် ရှေ့တန်း တပ်ရင်းဌာနချုပ်သို့ စဉ်ဆက်မပြတ်သတင်းပို့တင်ပြထားပြီး စခန်းလုံခြုံရေးအတွက် “ တစ်ဝက်အိပ်၊ တစ်ဝက်နိုး ” စနစ်ကို ကျင့်သုံးနေသည်မှာ သုံးရက်ခန့်ရှိနေပြီဖြစ်ပါသည်။
ရန်သူအလစ်အငိုက် တိုက်ခိုက်လာမည့် အန္တရာယ်ကို စိုးရိမ်ရလောက်သောအခြေအနေတွင် မရှိသော်လည်း စစ်ရေးသတိရှိရှိဖြင့် စောင့်ကြည့်အကဲခတ်နေရပါတော့သည်။
မိုင်းကွဲသည့်မျက်နှာစာကို ချဉ်းကပ်ကြည့်ရှုထောက်လှမ်းသောအခါ အမှောင်ထုနှင့်မြူနှင်းများ ဆိုင်းနေမှုကြောင့် ဘာမျှကောင်းစွာမမြင်ရဘဲဖြစ်နေပါသည်။
ထိုစဉ်တွင် တပ်ခွဲအရာခံဗိုလ် ဆရာကြီးလှဒင်က တင်ပြသည်။ “ ဗိုလ်မှူး - တောကောင်တစ် ကောင်ကောင် မိုင်းကွင်းထဲဝင်တိုးမိပြီး ပေါက်ကွဲတာလို့ထင်ပါတယ် ”
“ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ အလင်းရောင်သန်းလာတဲ့အချိန်ထိတော့ ဒီအတိုင်းနေရာယူထားပြီး အခြေအနေကို စောင့်ကြည့်နေဖို့လိုမယ် ”
“ ဟုတ်ကဲ့ဗိုလ်မှူး ”
မိုင်းပေါက်ကွဲသံကြားရသည်နှင့် ဆက်သွယ်ရေးတပ်သားကလည်း ၎င်း၏ TRA 906 ဆက်သွယ် ရေးစက်ကိုဖွင့်၍ အသင့်စောင့်နားထောင်နေရာ မကြာမီရှေ့တန်းရုံးမှ မေးမြန်းစုံစမ်းလာပါတော့သည်။
ဗိုလ်မှူး/ ဗိုလ်ကြီးမောင်စိုးသည် ဆက်သွယ်ရေးတပ်သားအား မိုင်းကွင်းထဲ သားကောင်တစ် ကောင်ကောင်ဝင်၍ မိုင်းနင်းမိပြီး ပေါက်ကွဲသွားခြင်းဖြစ်နိုင်ကြောင်း၊ အခြားထူးခြားချက်တစ်စုံတစ်ရာမရှိ ပါကြောင်းနှင့် တပ်အသင့်နေရာယူထားပြီးဖြစ်ကြောင်း တင်ပြစေလိုက်ပါသည်။
နံနက်မိုးလင်းပြီး မြင်ကွင်းကောင်းလာသောအခါ မိုင်းကွင်းအစပ်၌ မျောက်တစ်ကောင်လဲကျသေဆုံးနေသည်ကို လှမ်းတွေ့ရသဖြင့် ရှေ့တန်းရုံးသို့ သတင်းပို့တင်ပြလိုက် ပါသည်။
ဗိုလ်မှူး/ဗိုလ်ကြီးမောင်စိုးတို့ ပွိုင့် ၄၉၃၅ တွင် စခန်းထိုင်၍ တာဝန်ထမ်းဆောင်နေသည်မှာ သုံးလ ကျော်ခဲ့ပြီဖြစ်ပါသည်။ တပ်စခန်းကုန်းပေါ်တွင် တူးထားသောရေကန်မှာ ကြည်လင်သန့်ရှင်းသောရေ များနှင့် ပြည့်နေသလို စိုက်ခင်းအတွင်းမှာလည်း သီးနှံများညွှတ်နေအောင်သီးလျက် ပတ်ဝန်းကျင်တစ်ခွင် လုံးစိမ်းစိုသာယာလှပလျက်ရှိနေပါသည်။
နေ့စဉ် ပဲဟင်းတစ်နပ်ကို မဏ္ဍိုင်ထား၍ ဂေါ်ရခါးသီးကြော်တစ်လှည့်၊ ရွှေဖရုံသီးဟင်းတစ်လှည့်၊ ဘူးသီးကြော်ချက်တစ်လှည့်ဖြင့် အဆင်ပြေစွာစားသောက်တာဝန်ထမ်းဆောင်နေကြရာ တစ်နေ့သော အခါ တပ်ခွဲတပ်ကြပ်ကြီးစိန်ထူးက အရဲစွန့်တင်ပြလာပါသည်။
“ ဗိုလ်မှူး - စစ်ဆင်ရေးကာလတစ်ဝက်တောင်ကျော်လာတဲ့အတွက် ရဲဘော်တွေလည်း အသား လေးဘာလေး စားချင်နေကြတယ်၊ တစ်ကြိမ်တစ်ခါလောက် ၀က်ပေါ်ခွင့်ပြုပေးပါလားဗိုလ်မှူး ”
တပ်ခွဲတပ်ကြပ်ကြီး၏ တင်ပြချက်အပေါ် ဗိုလ်မှူး/ ဗိုလ်ကြီးမောင်စိုးက အရေးတယူတုံ့ပြန်မေး မြန်းပါသည်။ သူလည်းသူ့ရဲဘော်တွေကို ကောင်းကောင်းလေးစားစေချင်လှပါသည်။
“ ခင်ဗျား ဘယ်လိုစီစဉ်ချင်လို့လဲ ”
“ ဗိုလ်မှူးခွင့်ပြုရင် တောင်ခြေက ရှမ်းရွာကိုသွားပြီး ဟိုမှာပဲ ၀က်တစ်ကောင်လောက်ဝယ်ပြီးပေါ် ခဲ့ချင်တယ် ”
“ ကောင်းပြီလေ မကြာမီ ခင်ဗျားတို့ ဆန္ဒပြည့်ဝစေရမှာပါ၊ နယ်မြေအခြေအနေကောင်းနေဖို့ပဲ လိုတယ် ”
“ ဟုတ်ကဲ့ဗိုလ်မှူး - ဗိုလ်မှူးခွင့်ပြုတဲ့နေ့ကျမှ ကျွန်တော်စီစဉ်ပါမယ် ” “ ကျွန်တော်အတတ်နိုင် ဆုံးစဉ်းစားဆောင်ရွက်ပေးမှာပါ၊ စိတ်ချပြီးနေပါ ”
“ တပ်ခွဲတပ်ကြပ်ကြီး စိန်ထူးထွက်သွားပြီးနောက် ဗိုလ်မှူး/ ဗိုလ်ကြီးမောင်စိုးသည် ပြက္ခဒိန်အား ကြည့်၍ ရက်များကို ပြန်တွက်ကြည့်ပြီး တစ်စုံတစ်ခုအား တွေးမိကာ တစ်ကိုယ်တည်းပြုံးမိပါတော့သည်။
(၅)
ယနေ့နံနက်ခင်း ရာသီဥတုကြည်လင်ကောင်းမွန်နေသဖြင့် ဗိုလ်မှူး/ ဗိုလ်ကြီးမောင်စိုးသည် တပ်စခန်းကုန်းပေါ်မှ ပတ်ဝန်းကျင်တစ်ခွင်လုံးကို လှမ်းမျှော်ကြည့်ရှုရင်း စိတိအပန်းဖြေလျက်ရှိသည်။ မိမိ တို့နှင့် မလှမ်းမကမ်းရှိ စီစီဝမ် - တာပန် တောင်ကြောကြီးကိုလည်းကောင်း၊ ပွိုင့် ၄၅၆၁ တောင်ကုန်း စခန်းဆီသို့လည်းကောင်း၊ ကွတ်ခိုင် - မူဆယ်ကားလမ်းမကြီးရှိရာဘက်သို့လည်းကောင်း လှမ်းမျှော် ကြည့်ရှုရင်း စိတ်လက်ကြည်လင်လန်းဆန်းလျက်ရှိသည်။
ထိုစဉ်တွင် ဆက်သွယ်ရေးတပ်သားရောက်လာပြီး သူ့ကိုအလေးပြု၍ ကြေးနန်းစာရွက်တစ်ရွက် ကမ်းပေးသည်။ သူ့ကို ဗိုလ်မှူးအဆင့်သို့ တိုးမြှင့်ပေးလိုက်သောအမိန့်စာကိုညွှန်း၍ တပ်ရင်းမှထပ်ဆင့် အကြောင်းကြားလာခြင်းပင်တည်း။
ဗိုလ်မှူးမောင်စိုးသည် ကြေးနန်းလာပို့သော ဆက်သွယ်ရေးတပ်သားဖြင့်ပင် တပ်ခွဲအရာခံဗိုလ် နှင့်တပ်ခွဲတပ်ကြပ်ကြီးတို့အား ခေါ်ခိုင်းလိုက်သည်။ ဆရာကြီးနှစ်ဦးတို့ရောက်လာသောအခါ -
“ ကျွန်တော်ခုလေးတင်ပဲ ပရိုမိုးရှင်းအော်ဒါရတယ်၊ အဲဒါ တပ်ခွဲတစ်ခွဲလုံးကို အမှတ်တရအနေနဲ့ ၀က်ပေါ်ပြီးကျွေးမလို့ပါ၊ ဆရာကြီးစိန်ထူးခေါင်းဆောင်ပြီးရှမ်းရွာမှာ ၀က်ဝယ်ပြီးပေါ်ဖို့ ဖွဲ့စည်းပုံအပြည့် နဲ့တပ်စိတ်တစ်စိတ်ကို ဆရာကြီးတို့နှစ်ယောက် ညှိနှိုင်းဖွဲ့စည်းပြီး ကျွန်တော့်ဆီ အမြန်ဆုံးတန်းစီသတင်း ပို့ပါ ”
“ ဟုတ်ကဲ့ဗိုလ်မှူး ”
မကြာမီ တပ်ခွဲတပ်ကြပ်ကြီးခေါင်းဆောင်၍ ရှမ်းရွာတွင် ၀က်သွားပေါ်မည့်တပ်စိတ်စုံလင်စွာ ရောက်ရှိသတင်းပို့သောအခါ ဗိုလ်မှူးမောင်စိုးသည် ၀က်ဝယ်ရန်ငွေနှင့်တကွ လုံခြုံမှုစီမံချက်များကို အသေးစိတ်စီစဉ်ဆောင်ရွက်ပေးပြီး မှာကြားပြောဆိုသည်။
“ ငါ ဒီနေ့ပရိုမိုးရှင်းရလို့ အမှတ်တရအနေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ၀က်ပေါ်ပြီးကျွေးဖို့စီစဉ်တာ ပါပဲ၊ အချိန်အခါစေ့ရောက်ပြီး သိပ်မကြာခင်မှာ အခုလိုအဆင့်တိုးမြှင့်ခံရတာဟာ မင်းတို့အားလုံးရဲ့ တာဝန်သိသိ စည်းကမ်းရှိရှိနဲ့ ပေးအပ်သမျှအမိန့်နှင့်တာဝန်ကို ညီညီညွတ်ညွတ်ပူးပေါင်းထမ်းဆောင် ပေးကြလို့ပဲဖြစ်တယ်၊ နောင်ကိုလည်း အခုလိုပဲ ကျရာတာဝန်တွေကို စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် နဲ့ ကျေပွန်အောင်မြင်အောင် ထမ်းဆောင်သွားကြဖို့ မှာကြားလိုပါတယ် ”
ဗိုလ်မှူးမောင်စိုး၏စကားဆုံးသောအခါ အနီးတစ်ဝိုက်သို့ရောက်ရှိနားထောင်နေကြသော စစ်သည် များအားလုံးသည် ကြိုတင်တိုင်ပင်ထားခြင်းအလျဉ်းမရှိဘဲ ရုတ်တရက်လက်ခုပ်တီး၍ သြဘာပေးလိုက် ကြပါတော့သည်။
ဝင်းဖိုင် သို့မဟုတ် ပွိုင့် ၄၉၃၅ ကား ဗိုလ်မှူးမောင်စိုးအတွက် မေ့၍မရသော ဘ၀မှတ်တမ်းဝင် နေရာတစ်ခုဖြစ်လာပါတော့သည်။ ။

No comments: