Friday, January 2, 2015

ကျွန်တော်သိသော KIO/KIA အတွင်းရေးများ - အပိုင်း(၂၁)


ကျွန်တော်သိသော KIO/KIA အတွင်းရေးများ - အပိုင်း(၂၁)

ဒီဇင်ဘာလ ၃၁ ရက်၊ ၂၀၁၄

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေနဲ့အတူ စစ်ရှောင်စခန်းတွေမှာ ဒုက္ခသည်တွေ တိုးပွားနေတာ အားလုံးအသိ ဖြစ်ပါတယ်။ အရင်တုန်းက ထောက်ပံ့တဲ့ အဖွဲ့အစည်းတွေ မကြာခဏ လာလေ့ရှိတာကြောင့် ဒုက္ခသည်စခန်းတွေမှာ စားဝတ် နေရေးအဆင်ပြေခဲ့ကြပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ကူညီထောက်ပံ့မှုတွေ ခပ်ကျဲကျဲဖြစ်လာပြီး ဒုက္ခသည်တွေ အတွက် စားရေးသောက်ရေး အခက်အခဲဖြစ်လာကြပါတယ်။

အဲဒီဒုက္ခသည်တွေဟာ ကျွန်တော်တို့ ကချင်တိုင်းရင်းသားမိသားစုများပါတယ်။ အရှင်းဆုံးပြောရရင် KIO/KIA ခေါင်း ဆောင်တွေရဲ့ တာဝန်မကင်းဘူးလို့လည်း ပြောနိုင်ပါတယ်။ ဒုက္ခသည်စခန်းတွေနဲ့ ဒုက္ခသည်တွေ ဘာ့ကြောင့် တစ်နေ့ တစ်ခြားများလာသလဲဆိုတော့ KIO/KIA အဖွဲ့ရဲ့ အပစ်မရပ်ခြင်း၊ ငြိမ်းချမ်းရေးမယူခြင်းဆိုတဲ့ အကြောင်းတရားတွေ ကြောင့် ဖြစ်ပါတယ်။ ဒီတော့ KIO/KIA ခေါင်းဆောင်တွေ ဒုက္ခသည်တွေအတွက် ဘယ်လိုတွေ ထောက်ပံ့ပေးခဲ့ဖူးလဲလို့ မေးရင်ဖြေဖို့ တော်တော်ခက်ခဲတဲ့ အနေအထားဖြစ်ပါတယ်။

KIO/KIA ခေါင်းဆောင်တွေဟာ ဒုက္ခသည်စခန်းတွေကို လာမကြည့်ပေမယ့် ငွေကုန်ကြေးကြများစွာနဲ့ ဆောက်လုပ်ခဲ့တဲ့ ၀တ်ပြုကျောင်းဆောင်သစ်ဖွင့်ပွဲကိုတော့ တက်ညီလက်ညီတက်ရောက်ခဲ့ကြပါတယ်။ KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာ၊ ဝေကြိုင်ရပ်ကွက်မှာရှိတဲ့ နှစ်ခြင်းဘုရားရှိခိုးကျောင်းအတွင်းမှာ နောင်အီးခူး(Nawng E Hku)ဆိုတဲ့ ၀တ်ပြုကျောင်း ဆောင်သစ်ဖွင့်ပွဲကို ဒီဇင်ဘာ ၂၈ ရက်နေ့က ကျင်းပခဲ့တာ ဖြစ်ပါတယ်။

KIO ဗဟိုကော်မတီဥက္ကဋ္ဌ ဦးဇောင်းဟရား ကိုယ်တိုင်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေ့ည ၈ နာရီကနေ နောက်တစ်နေ့ ၁ နာရီအထိ ကျောင်းဆောင်သစ်ဖွင့်ပွဲအထိမ်းအမှတ် အကပဒေသာ ဖျော်ဖြေပွဲကိုလည်း ကျင်းပခဲ့ပါ တယ်။ ဦးဇောင်းဟရား၊ KIA စစ်ဦးစီးချုပ် ဂမ်ရှောင်နဲ့ ထိပ်တန်းအရာရှိတွေ တက်ရောက်ပြီး အကပဒေသာဖျော်ဖြေပွဲမှာ ပျော်ရွှင်ကြည်နူးနေကြလေရဲ့။ သူတို့အတွက်ပြီးရင် ခရစ်ယာန်ဘာသာရေးဆရာတွေအတွက် အဲဒီကျောင်းဆောင်သစ် ဖွင့်ပွဲနဲ့ အကပဒေသာ ဖျော်ဖြေပွဲဟာ အဓိပ္ပါယ်ရှိကောင်းရှိနိုင်ပေမယ့် တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေအတွက်တော့ ကချင်အချင်းချင်းတူပေမယ့် ခွဲခြားဆက်ဆံခြင်းခံရမှုအတွက် စိတ်မကောင်းဖြစ်နေကြ လေရဲ့။ ဒီဘက်နှစ်မှာဆိုရင် ဦးဇောင်းဟရားနဲ့ ဂမ်ရှောင်တို့ဟာ ဒုက္ခသည်တွေဆီလာကြည့်ဖော်မရသလို အားပေးနှစ် သိမ့်စကားလေးတောင် ပြောဖော်မရခဲ့ပါဘူး။

ပြီးတော့ အဲဒီဝတ်ပြုကျောင်းဆောင်သစ်ဟာ အလျား ၁၂၀ ပေ၊ အနံ ၆၀ ပေ သွပ်မိုးဖြစ်ပြီး ၀တ်ပြုခန်း ၄၀ ခန်းတောင် ပါရှိတယ်။ ဒုက္ခသည်စခန်းတွေမှာ ဆောင်းအအေးဒဏ်ကို ခံစားနေရတဲ့ မလုံမခြုံတဲတွေထဲက ဒုက္ခသည်တွေအတွက် သက်တယ်တစ်ပျစ်တောင် အကုန်ကျခံမယ့်လူမရှိပါဘူး။ KIO/KIA ခေါင်းဆောင်ကြီးတွေ စေတနာထားတတ်ရင် ဒုက္ခသည်စခန်းက ပြည်သူတွေကို အဲဒီဝတ်ပြုကျောင်းဆောင်သစ်မှာ ခိုလှုံခွင့်ပေးသင့်ပါတယ်။ ဒါမှမဟုတ် ဒုက္ခသည် စခန်းတွေကို ပြုပြင်မွမ်းမံတာတွေ လုပ်သင့်တယ်လို့ ခံစားမိပါတယ်။

ပြောလည်းပြောချင်စရာပါ။ အဲဒီဝတ်ပြုကျောင်းဆောင်သစ် ဆောက်လုပ်တဲ့ ကုန်ကျငွေဟာ တရုတ်ယွမ်ငွေ သိန်း ၂၀ လို့ ဆိုပါတယ်။ များလိုက်တဲ့ ပိုက်ဆံတွေပါလား။ တကယ်လို့ ယွမ်ငွေ ၁၀ သိန်းလောက်တန်ဖိုးနဲ့ညီမျှတဲ့ ၀တ်ပြုကျောင်း ဆောင်သစ်ဆောက်လုပ်ပြီး ကျန်တဲ့ယွမ်ငွေ ၁၀ သိန်းကို ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ အဆောက်အဦး၊ စားနပ် ရိက္ခာတွေ ထောက်ပံ့ပေးလိုက်ရင် ဘယ်လောက်ကုသိုလ်ရလိုက်မလဲ။ ဒါပေမယ့် KIO/KIA ခေါင်းဆောင်တွေရဲ့ မညီမျှ မှုဟာ ဆင်းရဲသားစစ်ရှောင်မိသားစုတွေအတွက် တော့ ဥပေက္ခာတရားတွေနဲ့သာ ပြည့်နှက်လို့သာ
နေပါတော့တယ်။ သူတို့ မိသားစုတွေအတွက် ကူညီမယ့် ထောက်ပံ့မယ့် အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေကို မျှော်လင့်ရင်း ဒုက္ခဆင်းရဲတွင်း ထဲမှာ သက်ဆိုးရှည်နေကြရဦးမှာပဲ ဖြစ်ပါတော့တယ်ဗျာ။

ဘရန်စန်အောင်

No comments: