ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
နေပြည်တော်၊ အောက်တိုဘာ ၁၅
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခြင်း မရှိဘဲ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများသို့ သွားနိုင်ရန် ကြိုးစားနေခြင်းသည် မဖြစ်သင့်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း နှစ်ပတ်လည် အခမ်းအနားသို့ လာရောက်၍ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“NCA ကို လက်မှတ်ရေးထိုးခြင်း မရှိဘဲ စာချုပ်ပါ ကိစ္စရပ်များကို ကျော်လွန်ပြီး အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများသို့ သွားနိုင်ရန် ကြိုးစားနေခြင်းဟာ မဖြစ်သင့်ပါဘူး” ဟု ၎င်းက ဆိုသည်။
NCA စာချုပ်သည် အစိုးရ တစ်ရပ်တည်း၏ သဘောထားအမြင်၊ တပ်မတော်၏ သဘောထားအမြင်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့တည်း၏ သဘောထားအမြင် မဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင်များဘက်က တင်ပြချက်ချက် အားလုံးနီးပါးကို သဘောတူညီမှုဖြင့် အခြေခံ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ယင်းစာချုပ်သည် မည်သည့်အဖွဲ့အစည်း အင်အားစုကိုမျှ အကျပ်အတည်း၊ အခက်အခဲ တွေ့စေမည် မဟုတ်ဘဲ ပြည်သူလူထုနှင့် ပြည်ထောင်စု၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့် ထွက်ရပ်လမ်း ဖြစ်သောကြောင့် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေနှင့် ပါဝင် လက်မှတ်ရေးထိုးပေးရန် တိုက်တွန်းလိုကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့သည်။
လက်မှတ်မထိုးရသေးသည့် လက်နက်ကိုင် အဖွဲ့အစည်းများ အနေနှင့် လိုအင်ဆန္ဒများကို ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်းနည်းများဖြင့် အဖြေရှာရမည်ဖြစ်ပြီး လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းလိုသည့် ဆန္ဒရှိနေခြင်းသည် ဒီမိုကရေစီ၏ ဆန့်ကျင်ဘက်လမ်းကို သွားနေခြင်း ဖြစ်ကြောင်း တပ်ချုပ်က ရှင်းပြသည်။
NCA စာချုပ်တွင် လက်မှတ်ရေးထိုးခြင်းကြောင့် လက်မှတ်ထိုးထားသည့် အဖွဲ့များ နေထိုင်ရာ နယ်မြေများတွင် တိုက်ပွဲများ မရှိတော့ဘဲ ဒေသခံပြည်သူများ အေးချမ်းစွာ နေထိုင်ပြီး အသက်မွေးဝမ်းကျောင်း ပြုလာနိုင်ကြောင်း၊ ယင်းအပြင် တိုင်းရင်းသားအချင်းချင်း ခိုင်မာသော ယုံကြည်မှုများ ရရှိလာသောကြောင့် အဆိုပါ အခြေအနေကို လက်မှတ်မထိုးရသေးသည့် အဖွဲ့တို့က နမူနာကောင်းယူသင့်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
No comments:
Post a Comment