Sunday, October 16, 2016

ရခိုင်စစ်ဆင်ရေးအတွက် ဘေးလွတ်ရာ ပြောင်းရသူများကို ရိက္ခာထောက်ပံ့မည်


စစ်​​တွေ၊ အောက်​တိုဘာ ၁၅ 

အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်​​ပေါ်ခဲ့သည့် ရခိုင်ပြည်နယ် ​မောင်​​တော၊ ဘူးသီး​တောင်နှင့် ရ​သေ့​​တောင်​မြို့နယ်​သုံးမြို့နယ်​ကို တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆင်ရေး ​ဆောင်​ရွက်​လျက်​ရှိ​ရာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသော ဒေသခံများကို ရိက္ခာများ အပြည့်အဝ ထောက်ပံ့ပေးမည်ဟု ပြည်​​ထောင်​စု ဝန်​ကြီးများနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။ ​ 

အောက်​တိုဘာလ ၁၄ ရက်​​နေ့တွင်​ ရခိုင်​ပြည်​နယ်​ အစိုးရရုံး အစည်းအ​ဝေးခန်းမ၌ ​ဒေါက်​တာ​ဖေမြင့် ဦးဆောင်သည့် ပြည်​​ထောင်​စု အစိုးရအဖွဲ့သည်​ စစ်​တွေမြို့ရှိ နိုင်​ငံ​ရေးပါတီများ၊ လူမှု​ရေးအဖွဲ့အစည်းများ၊ မီဒီယာများနှင့် တွေ့ဆုံခဲ့စဉ်​ ​ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်​ပြီး တပ်​မ​တော်​နှင့် လုံခြုံ​ရေးအဖွဲ့ဝင်​များက  ရခိုင်​ပြည်​နယ်​ လုံခြုံ​ရေးအတွက်​ အင်​အားအပြည့်ဖြင့် စစ်ဆင်ရေး ဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်​သူများအနေနှင့် စိုးရိမ်​မှုများ မလွန်​ကဲရန်​နှင့် ကောလာဟလ သတင်းများကို မယုံကြည်​ကြရန်​ ပြည်​​ထောင်​စုဝန်​ကြီး ​ဒေါက်​တာ​ဖေမြင့်က ပြောကြားသည်။ 

အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ထွက်ပြေးလာကြသော ဒေသခံ ပြည်သူများကို လုံခြုံသော နေရာများတွင် ပြည်နယ်အစိုးရက ထိန်းသိမ်းစောင့်ရှောက်လျက် ရှိပြီးလိုအပ်သော ရိက္ခာများကို ပြည်ထောင်စုအစိုးရ ပြည်နယ်အစိုးရနှင့် အလှူရှင်များမှ ပေးပို့သော ရိက္ခာများကို ပေးပို့လှူဒါန်းလျက် ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

 

“ရိက္ခာတွေကတော့ လောက်ငှမှု ရှိတယ်။ လိုအပ်တဲ့ နေရာတွေကို အသီးသီး ပို့ဆောင်ပေးလျက် ရှိတယ်” ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောဆိုသည်။ 

အကြမ်းဖက် တိုက်ခိုက်ခံရမှုများကြောင့် ဒေသခံပြည်သူ ၆ဝဝ ခန့်သည် ဘူးသီးတောင်၊ မောင်တောင် ဒုက္ခသည်စခန်းများတွင် လာရောက်ခိုလှုံလျက် ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စာရင်းထုတ်ပြန်ခဲ့သည်။ 

“နယ်မြေမလုံခြုံတော့ ရွာတွေဘက်မှာနေတဲ့ ပြည်သူတွေက မြို့ပေါ်ကို ပြောင်းရွှေ့လာကြတာနေစဉ်ပါ။ ယနေ့ထိပါ” ဟု မောင်တောမြို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောကြားသည်။ 

ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများ တိုက်ခိုက်ခံရမှုသည် RSO အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်သည့် အကာလ်မူလ် မူဂျာဟီဒင်န်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာလ (၁၄) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

အကြမ်းဖက်တိုက်ခိုက်မှု သာမက အကြမ်းဖက် တိုက်ခိုက်ရန် ကြိုးပမ်းအားထုတ်မှု မှန်သမျှကို ထိထိရောက်ရောက် တုန့်ပြန်ချေမှုန်းသွားမည် ဖြစ်ပြီး အကြမ်းဖက်မှုကို အားပေးသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကို စုံစမ်းဖော်ထုက်၍ ထိရောက်စွာ အရေးယူမည်ဟု သမ္မတရုံး၏ ထုက်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ 

ပြည်​သူများ အ​နေနှင့် အ​ကြောင်းတစုံတရာ ထူးခြားမှုများ၊ အကြမ်းဖက်​လုပ်​ရပ်​သတင်းထူးများနှင့် အကူအညီ လိုအပ်​မှုများ ရှိပါက ရခိုင်​ပြည်​နယ်​ အစိုးရအဖွဲ့ သတင်းပြန်​ကြား​ရေး​ကော်​မတီအဖွဲ့ ရုံး ဝ၉၄၂၁ဝ၂၈၈၂၆၊ ဝ၉၄၅၆၉၆၇၄၇၂ နှင့်​ ​ဒေါက်​တာချမ်းသာ ရခိုင်​ပြည်​နယ်​ အစိုးရအဖွဲ့ လူမှု​ရေးဝန်​ကြီး ဝ၉၄၅၉ဝဝ၆ဝဝ၉ တို့ထံ တိုက်​ရိုက်​ဆက်​သွယ်​နိုင်​​ကြောင်း ရခိုင်​ပြည်​နယ်​ အစိုးရအဖွဲ့က ထုတ်​ပြန်​​ကြေညာသည်​။

No comments: