Wednesday, September 21, 2016

ငလျင်ဒဏ်သင့် ပုဂံဘုရားများပြန် လည်ပြုပြင်ရန် ငြမ်းဆင်ကျွမ်းကျင်သူများလိုအပ်နေ

Posted: September 21, 2016

သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ(ပုဂံ) တွင် ဘုရား ပုထိုးစေတီပေါင်း ၄ဝဝ နီးပါး ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး အဆိုပါ ဘုရားပုထိုးစေတီများအား ပြန်လည်ပြုပြင်မှုများ လုပ်ဆောင်ရန်အတွက် စနစ်တကျရှိစေရေး ဆောင်ရွက်ခဲ့ကြသည်။

 

ငလျင်ဒဏ်သင့်ဘုရားများ ပြန်လည်ပြုပြင်ရန်အတွက် လေးရက်ကြာ သင်တန်းပေးခြင်း၊ ယင်းသင်တန်းမှတစ်ဆင့် ထပ်ဆင့်သင်တန်းပေးခြင်းများကို ဆောင်ရွက်ခဲ့ သည့်အပြင် သန့်ရှင်းရေး ဆောင်ရွက်မှုများလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ရာတွင် လက်ရှိအချိန်၌ ရင်ပြင်တော် သန့်ရှင်းရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြီးစီးလုနီးပါး ရှိနေပြီဖြစ်သော်လည်း အထက်ပစ္စယံများ၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက်မူ ငြမ်းဆင်ကျွမ်းကျင်သူများ လိုအပ်နေကြောင်း ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့် က ပြောကြားခဲ့သည်။

 

''ကျွန်တော်တို့ စက်တင်ဘာ ၁၈ ရက်က ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ အစည်းအဝေးကို ပြုလုပ်တဲ့အခါမှာ ၂၂ ရက်နေ့ကစပြီးတော့ ရင်ပြင်တော်သန့်ရှင်းရေး လုပ်ငန်းတွေ ရပ်ထားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒါကလည်း ရင်ပြင်တော်သန့်ရှင်းရေး လုပ်ငန်းတွေက ပြီးသလောက် ဖြစ်သွားလို့ပါ။ တကယ်တမ်းသန့်ရှင်းရေးလုပ်ဖို့ ကျန်တာက အထက်ပစ္စယံတွေမှာ ကျန်နေတာ။ စူဠာမဏိ၊ စေတနာကြီး၊ တရုတ်ပြေး၊ ထီးလိုမင်းလို၊ သဗ္ဗညု အဲဒီစေတီတွေက တော်တော်မြင့်တယ်။ အဲဒီ စေတီကြီးတွေရဲ့ ပစ္စယံတွေမှာ ရှင်းလင်းရေး လုပ်ဖို့ကျတော့ ရင်ပြင်တော်မှာ လုပ်သလို လုပ်လို့မရဘူး။ အနည်းဆုံးငြမ်းကို သုံး၊ လေးဆင့်လောက် ဆင်ပြီးတော့မှ ရှင်းလင်းရေးလုပ်ငန်းတွေကို စတင်ရမှာ ဖြစ်တယ်''ဟု ဦးစိုးတင့်က ပြောကြားခဲ့သည်။

 

ရင်ပြင်တော်သန့်ရှင်းရေး လုပ်ငန်းများကို စနစ်တကျရှိစေရေးအတွက် သင်တန်းများပေးပြီး ဆောင်ရွက်ခဲ့ရာတွင် လက်ရှိအချိန်၌ ပြီးစီးသလောက် ရှိနေပြီဖြစ်သော်လည်း ပြန်လည်ပြုပြင်ရန် အတွက်မူ အထက်ပစ္စယံများ၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် အဓိကအရေးကြီးသည့် ဘုရား ပုထိုးစေတီ ၁ဝ ဆူခန့်ရှိသော်လည်း လက်ရှိတွင် အထက်ပစ္စယံများ၌ သန့်ရှင်းရေးပြုလုပ်ရန် လေး၊ ငါးဆူခန့်ကျန်ရှိနေသေးကြောင်း သိရသည်။

 

ငလျင်ဒဏ်သင့်ခဲ့သည့် ဘုရားပုထိုးစေတီများကို ပြန်လည်ပြုပြင်ရန်အတွက် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ တွင် ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုပြတိုက်၊ စူဠာမဏိစေတီနှင့် အာနန္ဒာစေတီတို့တွင် အလှူခံဌာနများဖွင့်လှစ်ထားပြီး အဆိုပါအလှူခံ ဌာနများသို့ လက်ရှိအချိန်အထိ လာရောက် လှူဒါန်းသည့် အလှူငွေကျပ် သိန်းပေါင်း ၂၆ဝဝဝ ကျော်ရှိသွားပြီဖြစ်ကြောင်းလည်း သိရသည်။

 

MOI

The Ladies News

No comments: