Wednesday, September 21, 2016

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားအရေး ဆောင်ရွက်နေသည့် Andy Hall ထောင်ဒဏ်သုံးနှစ်နှင့် ငွေဘတ်တစ်သိန်းခွဲ ချမှတ်ခံရ

Posted: September 20, 2016

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ အရေး ဆောင်ရွက်နေသည့် ဗြိတိန်နိုင်ငံသား Andy Hall အား စက်တင်ဘာ ၂၀ ရက်က ထိုင်းနိုင်ငံတရားရုံးက ထောင်ဒဏ်သုံးနှစ်နှင့် ငွေဒဏ် ဘတ်တစ်သိန်းခွဲ ချမှတ်လိုက်ကြောင်း သိရသည်။

 

ယင်းအနေဖြင့် မြန်မာလုပ်သားများ အပါအ၀င် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများ အရေးနှင့် ပတ်သက်ပြီး တက်ကြွစွာ လှုပ်ရှားနေသူတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်ခန့်က အလုပ်သမား အခွင့်အရေး အစီခံရင်စာနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံရှိ Nautral Fruit နာနတ်သီးစက်ရုံမှ အသရေဖျက်မှုဖြင့် တရားစွဲဆိုခြင်း ခံရပြီးနောက် ယခုကဲ့သို့ အမိန့်ချမှတ်ခြင်းခံရခြင်း ဖြစ်သည်။

 

ယခုစီရင်ချက်ချရာတွင် မူလက ထောင်ဒဏ် ၄ နှစ်၊ ဒဏ်ငွေ ၂ သိန်း ချမှတ်ပြီး ထွက်ဆိုချက်များက အထောက်အကူ ပြုသည့်အတွက် လေးပုံတစ်ပုံလျော့ရာတွင် ထောင်ဒဏ် ၃ နှစ်နှင့် ငွေဒဏ် ဘတ်တစ်သိန်းခွဲ ချမှတ်ခြင်းဖြစ်ကြောင်း Andy Hall နှင့် ရင်းနှီးသူ ရွှေ့ပြောင်းလုပ်သားများ အခွင့်အရေးကွန်ရက်-MWRN ဥက္ကဋ္ဌ ဦးစိန်ဌေးကဆိုသည်။

 

ဦးစိန်ဌေးက “ဘယ်လိုပဲ ဖြစ်ဖြစ်... အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေဖော်ထုတ်လို့ အသရေပျက်မှုနဲ့ တရားစွဲရင် ဖော်ထုတ်သူကို ပြစ်ဒဏ်ချမယ်ဆိုတဲ့ သဘောလို့ပဲ လူတွေထင်သွားရင် ဘာဆက်ပြောရမှန်း မသိတော့ဘူး” ဟု သုံးသပ်ပြောသည်။

 

Andy Hall အနေဖြင့် ထောင်ဒဏ်ချမှခြင်း ခံရသော်လည်း ထောင်ထဲတွင် အကျဉ်းကျခံရဦးမည် မဟုတ်သေးပေ။

Andy Hall အနေဖြင့် ယခင်က ပြစ်ဒဏ်ကျခံဖူးခြင်း မရှိခြင်း၊ လူ့အခွင့်အရေး လှုပ်ရှားသူအဖြစ် အကျိုးပြုလုပ်ငန်းများ လုပ်နေသူဖြစ်သည့်အတွက် ထောင်ဒဏ်အား ၂ နှစ် ဆိုင်းငံ့ကျခံစေပြီး ဆုံးဖြတ်ထားကြောင်း ဆိုသည်။ အဆိုပါဆိုင်းငံ့ ၂ နှစ်အတွင်း ကောင်းမွန်စွာ နေထိုင်မည်ဆိုပါက ထောင်ဒဏ်ကျခံစရာ မလိုကြောင်း သိရသည်။

 

အဆိုပါ Natural Fruit ကုမ္ပဏီသည် ထိုင်းနိုင်ငံတွင် နာနတ်ထုတ်လုပ်သည့် အကြီမားဆုံး ကုမ္ပဏီတစ်ခုဖြစ်ပြီး Andy Hall ၏ အစီရင်ခံစာကြောင့် ယင်းတို့ကုမ္ပဏီ ထိခိုက်နစ်နာမှုများ ရှိသည့်အတွက် တရားစွဲဆိုခြင်းဖြစ်ကြောင်း ပိုင်ရှင် Wirat Piyapornpaiboon ကဆိုသည်။

 

The Ladies News

No comments: