Wednesday, September 21, 2016

ဆန်းသစ်ရန်လိုလာသော မြန်မာကွန်နက်

နေပြည်တော်မြန်မာကွန်ဗင်းရှင်းစင်တာ(၂)တွင် ပြုလုပ်နေသော Myanmar Connect ပွဲသို့ တက်ရောက်လာသည့် ပုဂ္ဂိုလ်များ။ (ဓာတ်ပုံ−ထက်အာကာကျော်)

ပြီးခဲ့သည့် ရက်သတ္တပတ်က ပြည်တွင်းဆက်သွယ်ရေးနှင့်နည်းပညာကဏ္ဍအတွက် ပြည်တွင်း၊ ပြည်ပကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များပါဝင်သော ဆွေးနွေးပွဲကို နေပြည်တော်၌ စတုတ္ထအကြိမ်မြောက် ကျင်းပခဲ့သည်။ သို့သော် အစိုးရသစ်တက်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ပြုလုပ်သည့်အဆိုပါဆွေးနွေးပွဲတွင် ပြည်တွင်းနည်းပညာနယ်ပယ်မှပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်လာမှု သိသာစွာလျော့နည်းခဲ့သည်ကို တွေ့ရသည်။ ဆွေးနွေးပွဲတွင် ပါဝင်သည့်အကြောင်းအရာခေါင်းစဉ်များမှာ တစ်နှစ်ထက်တစ်နှစ် ထူးခြားပြောင်းလဲမှုမရှိကြောင်းနှင့် ပြည်တွင်းနည်းပညာနယ်ပယ်အပေါ် ထိရောက်စွာအကျိုးပြုရန် လိုအပ်ကြောင်း နည်းပညာရှင်အချို့က သုံးသပ်နေကြသည်။

မြန်မာ့ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍအတွက် လက်ရှိအခြေအနေနှင့်အနာဂတ်မျှော်မှန်းချက်များကို သက်ဆိုင်ရာနယ် ပယ်အသီးသီးမှ ပညာရှင်၊ ကျွမ်းကျင်သူများပါဝင်သော တွေ့ဆုံ ဆွေးနွေးပွဲကို
နှစ်စဉ်နှစ်တိုင်းနေ ပြည်တော်၌  နှစ်ရက်ကြာပြုလုပ်လေ့ရှိသည်။ ပြည်တွင်း၌ ဆက်သွယ်ရေးနည်းပညာဆိုင်ရာ ဟောပြောပွဲများကို မြန်မာနိုင်ငံကွန်ပျူ တာအသင်းချုပ်(MCF)အပါအ၀င် အခြားသောအဖွဲ့အစည်းများက ဦးဆောင်ပြီးမကြာခဏကျင်းပကြသည်။ သို့ရာတွင် ထူးခြားသည် က နေပြည်တော်၌ ပြုလုပ်သည့် Myanmar Connet တွေ့ဆုံဆွေး နွေးပွဲသည်ပြည်တွင်းပညာရှင်များ သာမက ပြည်ပနိုင်ငံများမှ ဆက် သွယ်ရေးနည်းပညာကုမ္ပဏီများ၏ ထိပ်ပိုင်းခေါင်းဆောင်အကြီးအကဲများ လာရောက်ဆွေးနွေး ခြင်း၊ မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသည့် အခြေအနေများကိုလေ့လာခြင်းများကြောင့်ပင်။

Myanmar Connet ဟု အမည်ပေးထားသော တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး၏ တယ်လီကွန်းအသိုင်းအ၀ိုင်းအတွက် ကမ္ဘာတစ်ဝန်းရှိ ဦးဆောင်ဆက်သွယ်ရေးကုမ္ပဏီအများအပြား လာရောက်ကြခြင်းဖြစ်သည်။ ၂၀၁၃ကတည်းက စတင်ပြုလုပ်ခဲ့သော အဆိုပါ Myanmar Connect ကို  ဗြိတိန်အခြေစိုက် Capacity Media ကဦးဆောင် ကျင်းပခြင်းဖြစ်သည်။

တစ်နှစ်လျှင်တစ်ကြိမ်ပြု လုပ်သော အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဆက်သွယ်ရေးနှင့်သက်ဆိုင်သော ၀န်ကြီးဌာနမှအကြီးအကဲများက မြန်မာနိုင်ငံဆက်သွယ်ရေးကဏ္ဍ၏ ဥပဒေ၊ နည်းဥပဒေများကို နှစ်စဉ်ချပြလေ့ရှိပြီး ဆက်သွယ်ရေးအော်ပရေတာများကလည်း ၎င်းတို့၏ လုပ်ဆောင်နေမှုများ၊ အနာဂတ်အစီအစဉ်များကို တက်ရောက်လာသူများအားရှင်း ပြသည်။ ထို့အပြင် ပြည်တွင်း၊ ပြည်ပနည်းပညာကုမ္ပဏီ၊အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များကလည်း နိုင်ငံတကာတွင်ဖြစ်ပေါ်နေမှု၊ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအခြေအနေနှင့်ကိုက်ညီမှုရှိနိုင်မည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ကြသည်။

ယင်းကဲ့သို့ ဆွေးနွေးမှုများပြုလုပ်ကြသော်လည်း လေးကြိမ်မြောက်ပြုလုပ်သော Myanmar Connect 2016 တွင် ပြည်တွင်းရှိ နည်းပညာကျွမ်းကျင်သူများနှင့် ပညာရှင်များတက်ရောက်မှုအရေအတွက် နည်းပါးခြင်းက ယခုနှစ်၏ ထူးခြားချက်တစ်ခုအဖြစ် ပါဝင်နေသည်။ ယခုနှစ် Myanmar Connect တွင် ဆက်သွယ်ရေး အော်ပရေတာသုံးခုစလုံးမှ ထိပ်တန်းအရာရှိများ၊ ကွန်ပျူတာအသင်းအဖွဲ့များအား ကိုယ်စားပြုတက်ရောက်သူအချို့ရှိခဲ့သော်လည်း နည်းပညာနယ်ပယ်အတွင်းမှ Developer များ၊ ပညာရှင်နှင့် ပြည်တွင်းဆက်သွယ်ရေး ၀န်ဆောင်မှုပေးနေသည့် ကုမ္ပဏီများမှ တက်ရောက်သူအရေအတွက်မှာ သိသာစွာလျော့ကျသည်ကို တွေ့ရသည်။ ပြည်ပအဖွဲ့အစည်း များနှင့် ဆက်သွယ်ရေးကုမ္ပဏီများမှ ပညာရှင်၊ လုပ်ငန်ရှင်များသည် ယခင်နှစ်များကဲ့သို့ များပြားနေဆဲ ဖြစ်သည်။ Capacity Media ၏ တရားဝင်ထုတ်ပြန်ချက်အရ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း ၂၀၀ ခန့်မှ ကိုယ်စားလှယ် ၄၀၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။ Capacity Media သည် ပြည်တွင်းနှင့် ပြည်ပတက်ရောက်သူ ကိုယ်စားလှယ်အရေအတွက်ကို ခွဲခြားထုတ်ပြန်မထားသော်လည်း ပြည်တွင်းနည်းပညာရှင်အချို့နှင့် Myanmar Connect ကို နှစ်စဉ် သတင်းရယူနေသော သတင်းထောက်အချို့က ပြည်တွင်းမှ ကိုယ်စားလှယ်များ တက်ရောက်မှု လျော့ကျခဲ့ကြောင်း သုံးသပ်ကြသည်။


ဓာတ်ပုံ-ထက်အာကာကျော်

‘‘ဒီနှစ်မှာ ပြည်တွင်းက တက်ရောက်သူနည်းသွားတယ်။ နေပြည်တော်ကိုလာတဲ့ ပြည်တွင်းလုပ်ငန်းရှင်အများစုကလည်း Euromoney ပွဲဘက်ကိုသွားတာ များတယ်။ အရင်နှစ်တွေက များတယ်ဆိုတာ အော်ပရေတာတွေဆီက ထပ်ဆောင်းဝန်ဆောင်မှု လုပ်ပိုင်ခွင့်ရချင်တာလည်းပါတယ်။ ပြီးတော့ ၀န်ကြီးဌာနတွေက အရာရှိတွေနဲ့ ထိတွေ့ခွင့်ရချင်တာလည်းပါတယ်’’ဟု ရန်ကုန်အခြေစိုက်နည်းပညာဂျာနယ်တစ်စောင်မှ အကြီးတန်းသတင်းထောက်တစ်ဦးက မှတ်ချက်ပြု သည်။

အစိုးရအပြောင်းအလဲဖြစ် ပြီးနောက်ပိုင်း ပွင့်လင်းမြင်သာမှုအချို့ ရှိလာ၍ ပြည်တွင်းနည်းပညာလုပ်ငန်းရှင်များမှာ နေပြည်တော်၌ ကျင်းပသည့် Myanmar Connect အတွက် ငွေကြေးအကုန်ကျခံ၍ လာရောက်ခြင်းမရှိကြောင်း အထက်ပါအကြီးတန်း သတင်းထောက်က သုံးသပ်သည်။

ယခုနှစ်ပြုလုပ်သော Myan- mar Connect ကို ပြည်တွင်းနည်းပညာရှင်များ စိတ်ဝင်စားမှုနည်းပါးခြင်း အကြောင်းရင်းများအနက် ယင်းတွေ့ဆုံဆွေးနွေးပွဲရလဒ်များသည် လက်တွေ့နယ်ပယ်တွင် အကျိုးမဖြစ်ထွန်းခြင်း၊ ဆွေးနွေးသည့် အကြောင်းအရာများမှာ ပြည်တွင်းရှိ ဈေးကွက်အနေအထားနှင့် ကိုက်ညီမှုမရှိခြင်းတို့က အဓိကပါဝင်နေကြောင်း တက်ရောက်ဖူးသည့် နည်းပညာရှင်အချို့က မှတ် ချက်ပြုသည်။

‘‘အဲဒီကို အဓိကသွားကြတာ က နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူတွေ နဲ့ အဆက်အသွယ်ရအောင်ပေါ့။ ဒါပေမဲ့ တကယ့် အခြေအနေမှာ အလုပ်မဖြစ်တာ များတယ်။ ဒါ ကြောင့်မို့ ရန်ကုန်ကနေ တကူးတက မသွားကြတော့တာ’’ဟု ပြည်တွင်းလူငယ်နည်းပညာရှင် ကိုသာထက်က သုံးသပ်သည်။

ယခင်နှစ်များက ပြည်တွင်း နည်းပညာရှင်များ ထုတ်လုပ်သည့် မိုဘိုင်းဆိုင်ရာ အက်ပလီကေးရှင်းများ၊ ဂိမ်းများမိတ်ဆက်ပြသခြင်း အစီအစဉ်ပါဝင်ခဲ့သော်လည်း ယခုနှစ်တွင်မူ ယင်းအစီအစဉ် ပါဝင်ခြင်းမရှိပေ။

Myanmar Connect ၏ရည်ရွယ်ချက်သည် ပြည်ပနှင့် ပြည်တွင်းလုပ်ငန်းများကို ချိတ်ဆက်ပေးလိုခြင်းဖြစ်ပြီး ဆွေးနွေးသည့် အကြောင်းအရာအချို့မှာ လက်တွေ့တွင် အကျိုးသက်ရောက်မှု အားနည်းနေခြင်းဖြစ်သည်ဟု ကိုသာထက်က ၎င်း၏အတွေ့အကြုံ ကို ပြောသည်။

၂၀၁၄ နောက်ပိုင်းတွင် မြန် မာ့တယ်လီကွန်းဈေးကွက်မှာ ကြီးမားသည့် အပြောင်းအလဲနှင့်အကျိုးသက်ရောက်မှုများစွာဖြစ်ပေါ်ခဲ့ပြီး ယင်းအခြေအနေနှင့်ကိုက်ညီသည့် အခွင့်အလမ်းများအပေါ် ဦးတည်ဆွေးနွေးချက်များမှာ တက်ရောက်သူများအတွက် စိတ်ဝင်စားဖွယ်ကောင်းခဲ့ကြောင်း Myanmar Connect တွင် နှစ်ကြိမ်တက်ရောက်ခဲ့သည့် Total Game Play Studio ဒါရိုက်တာ ကိုမြင့်ကျော်သူက သုံးသပ်သည်။

‘‘ဒီနှစ်အတောအတွင်း တယ်လီကွန်းဈေးကွက်က နည်းနည်း ငြိမ်သွားတယ်။ ဒါပေမဲ့ တယ်လီကွန်းနဲ့ ပတ်သက်ပြီး ဘာလုပ်ရမယ်။ မလုပ်ရဘူးဆိုတဲ့ စည်းမျဉ်းသတ်မှတ်ချက်နှင့် နည်းဥပဒေပိုင်း (rules and regulation)နဲ့ပတ် သက်ပြီး ဆွေးနွေးစရာတွေအများကြီးရှိတယ်။ ဒါတွေ ဆွေးနွေးမယ်ဆိုရင် စိတ်ဝင်စားစရာကောင်းမှာပါ’’ဟု ၎င်းက မှတ်ချက်ပြုသည်။

ယခုနှစ် ကျင်းပခဲ့သော Myanmar Connect 2016 တွင် တစ်ရက်လျှင် ခေါင်းစဉ်သုံးခုနှုန်းဖြင့် သက်ဆိုင်ရာနယ်ပယ်များမှ ကျွမ်းကျင်သူများ၊ အမှုဆောင်အရာရှိချုပ်များပါဝင်သော စကားဝိုင်းဆွေးနွေးပွဲစုစုပေါင်းခြောက်ခု ထည့်သွင်းပြုလုပ်နိုင်ခဲ့သည်။ အဆိုပါခေါင်းစဉ်ခြောက်ခုအနက် ‘အော်ပရေတာများ ရင်ဆိုင်နေဆဲ စိန်ခေါ်မှုများနှင့် အနာဂတ်မျှော် မှန်းချက်’၊ ‘အရှေ့တောင်အာရှ အတွက် အလားအလာရှိသော အိုင်စီတီအချက်အချာနေရာသစ်’ စသည့်အကြောင်းအရာနှစ်ခုမှာ ဦးဆောင်ဆွေးနွေးသူများနှင့်တက် ရောက်လာသူများအကြား အရှိန်မြင့်တက်ခဲ့သည်။

‘‘ဦးဆောင်ဆွေးနွေးသူတွေက နိုင်ငံတကာကပညာရှင်တွေဆိုတော့ အားမနာဘူး။ လက်ရှိအ ခြေအနေကို ပွင့်ပွင့်လင်းလင်းဝေဖန်ထောက်ပြတယ်။ ကိုယ့်အချင်းချင်းဆို မျက်နှာနာစရာဆိုပြီး သိပ်မပြောကြဘူး’’ဟု ယခုနှစ်ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် ဆက်သွယ်ရေးဒုဝန်ကြီးဟောင်း ဦးသောင်းတင်က မှတ်ချက်ပြုသည်။

သို့သော် လက်ရှိဆက်သွယ်ရေးကဏ္ဍတွင် ၀ိဝါဒကွဲပြားနေသည့် မိုဘိုင်းဆင်းမ်ကတ်မှတ်ပုံတင်ခြင်း အကြောင်းအရာအား သီးသန့်ခေါင်းစဉ်တစ်ခုအနေဖြင့် နိုင်ငံတကာပညာရှင်များ၏ အမြင်များကို ထုတ်ဖော်ပြောကြား သည့် ဆွေးနွေးပွဲကိုမျှော်လင့်ထားသော်လည်း Myanmar Connect တွင် ထည့်သွင်းဆွေးနွေးခဲ့ခြင်းမရှိကြောင်း ပြည်တွင်းနည်းပညာရှင်အချို့က ထောက်ပြသည်။

‘‘ဆင်းမ်ကတ်မှတ်ပုံတင်တာနဲ့ပတ်သက်ပြီး နိုင်ငံတကာမှာ ဘယ်လိုလုပ်နေသလဲ၊ လွယ်ကူအောင် နည်းပညာကို ဘယ်လိုသုံးမလဲဆိုတဲ့ ပြည်သူလူထု လောလောဆယ်စိတ်ဝင်စားတဲ့ အကြောင်းအရာကို ဆွေးနွေးမယ်ဆိုရင် ပိုပြီးအကျိုးရှိတာပေါ့’’ဟု Yangon Heartz Media & Business Solution မန်နေဂျင်း ဒါရိုက်တာ ကိုဇော်ဇော်မျိုးလွင်က ၎င်း၏အမြင်ကို ပြောသည်။

Myanmar Connect ကျင်းပသော နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ-၂(MICC-II)၌တစ်ချိန်တည်းတွင် နိုင်ငံတကာမှ ဘဏ်နှင့်ငွေကြေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များပါ ၀င်သည့် ဖိုရမ် (Euromoney)နှင့် တိုက်ဆိုင်နေသောကြောင့် Myan-mar Connect အပေါ် စိတ်ဝင်စားမှု နည်းပါးခြင်းဖြစ်နိုင်ကြောင်း လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေးဆိုင်ရာအကြံပေး ဒေါ်သီရိကြာညိုက သုံးသပ်သည်။

‘‘စီးပွားရေးနဲ့ပတ်သက်လို့က မူဝါဒတွေ ထွက်ပြီးပြီဆိုတော့ အားလုံးက Euromoney ကိုပဲ စိတ်ရောက်နေကြတယ်ထင်တယ်။ ဆက်သွယ်ရေးက သိပ်လှုပ်ခတ်မှုမရှိသေးဘူး။ အဲဒါကြောင့်လည်းပါမယ်’’ဟု ဒေါ်သီရိကြာညိုက ဆိုသည်။

ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍအတွက် Myanmar Connect ကဲ့သို့ ပြည်တွင်းနှင့် နိုင်ငံတကာပညာရှင်များပါဝင်သော စကားဝိုင်းဆွေးနွေးပွဲများကို ကျင်းပသင့်ပြီး လက်ရှိအခြေအနေ နှင့်သင့်လျော်သော အကြောင်းအရာနှင့် အကျိုးသက်ရောက်မှုရှိစေ ရန်လိုအပ်ကြောင်း နည်းပညာရှင်အသိုင်းအ၀ိုင်းက သုံးသပ်သည်။

No comments: