Wednesday, October 5, 2016

ပုဂံဘုရားများရှိ မူလလက်ရာ မဟုတ်သည်များကို ပညာရှင်များ အကြံပြုချက်အတိုင်း ဖယ်ရှားဖွယ်ရှိဟုဆို

မန္တလေး၊ အောက်တိုဘာ ၎

ပုဂံရှေးဟာင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားများကို ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်ရာ၌ ပညာရှင်များ၏ အကြံပြုချက်များပေါ် မူတည်၍  မူလလက်ရာ မဟုတ်သည့် ပြင်ဆင်ထားမှုများကို ဖယ်ရှားနိုင်ဖွယ် ရှိကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

“ပြုပြင်ဖို့ကတော့ ပညာရှင်တွေရဲ့ စစ်ဆေး တွေ့ရှိချက်၊ အကြံပြုချက်ပေါ် မူတည်ပြီး ဆောင်ရွက်ရမှာ။ အချို့ စေတီတွေပေါ့လေ။ ပြန်ပြင်ထားတဲ့ ဘုရားတွေဆိုရင် သူတို့ရဲ့ဝိတ်က များနေတာမို့ ရှေးဟောင်း ဘုရားတွေက ပိုပြီးခံရတယ်။ ဒါတွေကိုလည်း လျော့ကောင်း လျော့နိုင်ဖွယ်ရှိတယ်။ အချို့ဘုရားတွေဆိုရင် အခုချိန်ထိ ကိုးကွယ်နေတာ ဆိုတော့ ပြန်ပြင်သင့်တယ်လို့ ယူဆတယ်”ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။

ပုဂံရှေးဟောင်း နယ်မြေအတွင်းရှိ ရှေးဟောင်း ဘုရားများသည် ၁၉၇၅ ခုနှစ် ဇူလိုင်လ ၈ ရက်နေက လှုပ်ခတ်ခဲ့သည့် ၆ ဒသမ ၈ အဆင့်ရှိ ငလျင်ကြောင့် ရှေးဟောင်းဘုရား များစွာ ပျက်စီးခဲ့ရပြီး နောက်ပိုင်း နှောင်းလူများက ပြင်ဆင် မွမ်းမံမှုများ ပြုလုပ်ခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှတ်တမ်းများအရ သိရသည်။

ယင်းငလျင်ကြောင့် ပုဂံဘုရားများ ပျက်စီးရခြင်းကို ပြန်လည် ပြုပြင်ရာ၌ အသုံးပြုသည့် ပစ္စည်းများသည် အရည်အသွေး မမီခြင်း၊ အပြင်ပန်းတွင် အုတ်စီပြီး အတွင်းပိုင်း၌ အဆာ သွတ်ထားခြင်း၊ အပေါ်ဝိတ်နှင့် အောက်ဝိတ် မမျှခြင်း၊ ရှေးဟောင်း အုတ်နှင့် ခေတ်သစ်အုတ်များ မတွဲမိခြင်း၊ ရှေးဟောင်း လက်ရာများကို ပြင်ဆင် ထိန်းသိမ်းခြင်း၊ အသစ် ပြင်ထားသည်ကို သိစေလိုခြင်း၊ ပြင်ဆင်မှု အပိုင်း၌ ကြံ့ခိုင်မှု အားနည်းခြင်း စသည့်အချက်များကို တွေ့ရကြောင်း စက်တင်ဘာလ ၂၆ ရက်နေ့က ကျင်းပသည့် နိုင်ငံတကာ ပညာရှင်များနှင့် ပြည်တွင်း ပညာရှင်များ အစည်းအဝေးတွင် နိုင်ငံတကာ ပညာရှင်များက သုံးသပ်ခဲ့ကြောင်း ညောင်ဦး ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး မှတ်တမ်းများအရ သိရသည်။

၁၉၇၅ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ပြီးနောက် ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ကလည်း ပုဂံ ဒေသ၌ အင်အားပြင်း ငလျင်ဒဏ် ထပ်မံ ခံစားခဲ့ရရာ ပုဂံယဉ်ကျေးမှု ဒေသရှိ ဘုရား စေတီ ၄၂၅ ခန့် ထိခိုက် ပျက်စီးခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

“တချို့ဘုရားတွေက ထိတာ ရှိတယ်။ မထိတာ ရှိတယ်။ ဥပမာ - ဓမ္မရာဇကလို ဘုရားမျိုးဆိုရင် အပေါ်ပိုင်း ထိသွားတယ်။ ထိသွားတဲ့အတွက် ပြန်ကို ပြင်ရမယ်။ ဒီဘုရားက အခုချိန်ထိ စဉ်ဆက် မပြတ် ကိုးကွယ်နေတဲ့ဘုရား။ ဘုရားမှာလည်း ရွှေချထားတယ်။ အပေါ်ပိုင်း ပျက်တာကလည်း နောက်ပိုင်းမှာ ပြန်တည်ထားတဲ့ဘုရား။ ဒါဆို ပြန်ပြင်ရင် အင်္ဂါစုံ ပြန်ပြင်မှ ရမယ်။ အပေါ်ပိုင်း အထွတ် ပြန် တင်ရမယ်။ တချို့ကျတော့ ရှေးဟောင်း  လက်ရာတော့ ရှိတယ်။ လောလောဆယ်မှာလည်း ကိုးကွယ်နေတဲ့ ဘုရားမျိုး မဟုတ်ဘူး။ သူအပေါ်ဝိတ် လျှော့မှရမယ် ဆိုတာမျိုးပေါ့” ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံ ဌာနခွဲ)  ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ရှင်းပြသည်။

လက်ရှိတွင် အရေးတကြီး ထိန်းသိမ်းရန် လိုအပ်နေသည့် ဘုရားများကို အမိုးအကာများ အုပ်မိုးခြင်း၊ ကွဲအက်နေသည့် ဘုရားစေတီများကို ကော်ဖြင့် ဖာထေးခြင်းများ ပြုလုပ်၍ အရေးပေါ် ထိန်းသိမ်းမှုများ ပြုလုပ်လျက် ရှိကြောင်း၊  မူလလက်ရာ မဟုတ်သည့် ပြင်ဆင်ထားမှုများကို ဖယ်ရှားရာတွင် အရေအတွက် မည်မျှ လုပ်ဆောင်မည်ကို ပညာရှင်အဖွဲ့၏  သုံးသပ်ချက်အတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံ ဌာနခွဲ) ထံမှ သိရသည်။

ပုဂံဘုရားများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များ အသင်း၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေး အင်ဂျင်နီယာ အသင်း၊ အထက်မြန်မာပြည် ဆောက်လုပ်ရေး အင်ဂျင်နီယာ အသင်း၊ မန္တလေး နည်ပညာတက္ကသိုလ်  ဗိသုကာဌာနနှင့် မြို့ပြဌာန၊ မြန်မာနိုင်ငံ ငလျင်အသင်းက ပညာရှင်များ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်မှ အင်ဂျင်နီယာများ ပါဝင်သည့် ပညာရှင်များအဖွဲ့က စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။

No comments: