Wednesday, October 5, 2016

ဒေါလာဈေး ၃၅ ကျပ်ခန့်တက်


ရန်ကုန်၊ အောက်တိုဘာ ၎

ဆက်တိုက် မြင့်တက်နေသော အမေရိကန် ဒေါ်လာလဲနှုန်းသည် အောက်တိုဘာလ ၄ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၂၈၅ ကျပ်အထိ ရောက်ရှိလာသည့်အတွက် ၁ဝ ရက်အတွင်း ပြင်ပဒေါ်လာ ဈေးကွက်အတွင်း ဝယ်ဈေး ၃၃ ကျပ်နှင့် ရောင်းဈေး ၃၅ ကျပ်ခန့်အထိ မြင့်တက်ကြောင်း ငွေကြေး ဈေးကွက်အတွင်းမှ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အမေရိကန် ဒေါ်လာ သတ်မှတ်လဲနှုန်းများသည်လည်း ပြင်ပ ပေါက်ဈေးကဲ့သို့ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ၁ဝ ရက်အတွင်း (အစိုးရရုံး ပိတ်ရက်များ မပါ) တစ်ဒေါ်လာလျှင် ၂၅ ကျပ်အထိ မြင့်တက်သွားကြောင်း ဗဟိုဘဏ်၏ နေ့စဉ်ငွေလဲနှုန်း သတ်မှတ်ချက်များအရ သိရသည်။

လက်ရှိရောက်ရှိလာသော ဒေါ်လာဈေးနှုန်းသည် ငွေကြေးဈေးကွက် ကျွမ်းကျင်သူတို့ စိုးရိမ်နေသည့် တစ်ဒေါ်လာလျှင် ၁၂၈ဝ ကျပ် အထက်နှုန်းသို့ ရက်ပိုင်းအတွင်း ရောက်ရှိလာခြင်းဖြစ်သည်။

ထိုသို့ ဒေါ်လာလဲနှုန်းများ မြင့်တက်ခြင်းကို မထိန်းကျောင်းဘဲ ပြင်ပ ဒေါ်လာ ဈေးကွက်ကဲ့သို့ လိုက်ပါ မြှင့်တင်သတ်မှတ် နေသည့် ဗဟိုဘဏ်ကို ငွေကြေးဈေးကွက် ကျွမ်းကျင်သူများက ဝေဖန်ကြသည်။

ဒေါ်လာဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် သွင်းကုန် ပစ္စည်းများဖြစ်သည့် ဆေးဝါး၊ မော်တော်ယာဉ်နှင့် ဆက်စပ် ပစ္စည်းများနှင့် အခြားလူသုံးကုန် ပစ္စည်းများ၏ ဈေးနှုန်းများမှာလည်း လိုက်ပါ မြင့်တက်မည့် အခြေအနေဆိုးကို ရင်ဆိုင်ရနိုင်ကြောင်း ၎င်းတို့က ပြောဆိုသည်။

ပြင်ပဒေါ်လာ ဈေးကွက်တွင် စက်တင်ဘာလ ၂၃ ရက်နေ့က အမေရိကန် တစ်ဒေါ်လာလျှင် ဝယ်ဈေး ၁၂၄၇ ကျပ်၊ ရောင်းဈေး ၁၂၅ဝ ကျပ်မှ အောက်တို ဘာလ ၄ ရက်နေ့သို့ ရောက်ရှိချိန်၌ တစ် ဒေါ်လာလျှင် ဝယ်ဈေး ၁၂၈ဝ ကျပ်၊ ရောင်းဈေး ၁၂၈၅ ကျပ်သို့ ရောက်ရှိလာပြီး ဗဟိုဘဏ်၏ ဒေါ်လာ သတ်မှတ်နှုန်းသည်လည်း စက်တင်ဘာလ ၂၁ ရက်နေ့ က တစ်ဒေါ်လာလျှင် ၁၂၃၅ ကျပ်မှ အောက်တိုဘာလ ၄ ရက်နေ့သို့ ရောက်ရှိချိန်၌ တစ်ဒေါ်လာလျှင် ကျပ် ၁၂၆ဝ အထိ မြှင့်တင် သတ်မှတ်ထားကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။                       

No comments: