Friday, August 28, 2015

နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခွင့် ===============================================

နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခွင့် =============================================== ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၅၂/၂ဝ၁၅) ၁၃၇၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် (၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်) နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခွင့် ၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၈-၇-၂ဝ၁၅ ရက်စွဲပါ ကြေညာချက်အမှတ် (၂၈/၂ဝ၁၅) ဖြင့် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သတ်မှတ်ကြေညာထားပြီး နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များကိုလည်း စိစစ်ခွင့်ပြုခဲ့သည်။ ၂။ နိုင်ငံရေးပါတီများမှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် စည်းရုံးမဲဆွယ်ရန် မိမိတို့ပါတီ၏ မူဝါဒသဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခွင့်များ ကို ၈-၉-၂ဝ၁၅ ရက်နေ့မှ ၆-၁၁-၂ဝ၁၅ ရက်နေ့အထိ ခွင့်ပြုပေးရန်ရှိပါသည်။ နိုင်ငံရေးပါတီများက ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြလိုလျှင် သက်ဆိုင်ရာ ပါတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးသည် သတ်မှတ်ခွင့်ပြုပေးသည့်ရက်မတိုင်မီ အနည်းဆုံး(၇)ရက်ကြိုတင်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဟောပြောတင်ပြလိုသည့် စာမူနှင့်အတူ ခွင့်ပြုမိန့်လျှောက်ထားရမည်။ ခွင့်ပြုမိန့် လျှောက်ထားသည့်စာမူသည် (A4)) အရွယ်အစားစက္ကူ (၇)မျက်နှာထက် မပိုစေရ။ ၃။ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောခွင့်ပြုရန် လျှောက်ထားကြသည့် နိုင်ငံရေးပါတီများအား အဆင်ပြေစွာ အလှည့်ကျဟောပြောတင်ပြနိုင်စေရန်အတွက် နိုင်ငံရေးပါတီတစ်ခုချင်းအလိုက် ဟောပြောတင်ပြ ခွင့်ရရှိသည့် နေ့ရက်နှင့် အချိန်ဇယားကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့် ညှိနှိုင်းသတ်မှတ်ပေးပါမည်။ ၄။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဟောပြောတင်ပြလိုသည့် စာမူကို လိုအပ်သလိုစိစစ်ပြီး ပြန်ကြား ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍- (က) ခွင့်ပြုမိန့်ထုတ်ပေးခြင်းသို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။ (ခ) ခွင့်ပြုမိန့်ထုတ်ပေးပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်သော နေ့ရက်၊ အချိန် ဇယားနှင့်အညီ ခွင့်ပြုသည့် နေ့ရက်၊ အချိန်အပိုင်းအခြားနှင့် ဟောပြောရန် ခွင့်ပြုသည့် ပုဂ္ဂိုလ်၏အမည်ကို ခွင့်ပြုမိန့်တွင် ဖော်ပြရမည်။ (ဂ) ခွင့်ပြုမိန့်လျှောက်ထားခြင်းကို ငြင်းပယ်ပါက အကျိုးအကြောင်းဖော်ပြလျက် လျှောက်ထားသူထံ အကြောင်းကြားရမည်။ ၅။ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောရာတွင် နိုင်ငံရေးပါတီတစ်ခုအား- (က) ရေဒီယိုအစီအစဉ်မှ ဟောပြောတင်ပြလျှင် ဟောပြောချိန် ၁၅ မိနစ်အထိ ခွင့်ပြုမည်။ (ခ) ရုပ်မြင်သံကြားအစီအစဉ်မှ ဟောပြောတင်ပြလျှင် ဟောပြောချိန် ၁၅ မိနစ်အထိ ခွင့်ပြုမည်။ (ဂ) ပါတီ၏သီချင်းများကိုလည်း ဟောပြောရန်ခွင့်ပြုသည့် သတ်မှတ်ချိန် ၁၅ မိနစ်အတွင်း ထုတ်လွှင့် ခွင့်ပြုမည်။ (ဃ) ဟောပြောစည်းရုံးမှုအား မြန်မာဘာသာဖြင့်ဖြစ်စေ တိုင်းရင်းသားဘာသာဖြင့်ဖြစ်စေ စည်းရုံးဟော ပြောခွင့်ပြုပါမည်။ ၆။ နိုင်ငံရေးပါတီများသည် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြရာတွင် အောက်ဖော်ပြပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်းမပြုရ- (က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတို့ကို ထိခိုက်စေသည့် ဟောပြောမှုပြုလုပ်ခြင်း၊ (ခ) လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိခိုက်စေသည့် ဟောပြောမှုပြုလုပ်ခြင်း၊ (ဂ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တည်ဆဲဥပဒေများကို လေးစားလိုက်နာမှု မရှိခြင်း၊ (ဃ) နိုင်ငံတော်အား အကြည်ညိုပျက်စေရန် သို့မဟုတ် ဂုဏ်သိက္ခာထိပါးစေရန် ဟောပြောမှုပြုလုပ်ခြင်း၊ (င) တပ်မတော်ပြိုကွဲရေးကိုဖြစ်ပေါ်စေရန် သို့မဟုတ် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ဟောပြောမှု ပြုလုပ်ခြင်း၊ (စ) လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့်ပတ်သက်၍ ပဋိပက္ခ ဖြစ်ပေါ်စေနိုင်သည့်၊ သိက္ခာနှင့်ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ဟောပြောမှု သို့မဟုတ် စည်းရုံး လှုံ့ဆော်မှုပြုလုပ်ခြင်း၊ (ဆ) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုလုပ်ခြင်း၊ (ဇ) ငြိမ်းချမ်းစွာပညာသင်ကြားရေးကို ထိခိုက်ပျက်ပြားစေရန် သွေးထိုးလှုံ့ဆော်ဟောပြောခြင်း၊ (ဈ) နိုင်ငံ့ဝန်ထမ်းများအား ယင်းတို့၏ တာဝန်ကို ကျေပွန်စွာမထမ်းဆောင်နိုင်စေရန် သို့မဟုတ် အစိုးရအား ဆန့်ကျင်ဆန္ဒပြစေရန် သွေးထိုးလှုံ့ဆော်ဟောပြောခြင်း။ ၇။ နိုင်ငံရေးပါတီများသည် မိမိတို့၏ မူဝါဒသဘောတရားနှင့်အညီ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံတော်ကြီးဖြစ်ပေါ်လာအောင် မည်သို့ဆောင်ရွက်ဖော်ဆောင်မည်ကို ဥပဒေများနှင့်အညီ ဟောပြော မဲဆွယ်စည်းရုံးကြရမည်ဖြစ်ပါသည်။ ၈။ သို့ဖြစ်၍ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးအတွက် နိုင်ငံရေးပါတီများသည် စည်းရုံးမဲဆွယ်ရန် ကိစ္စ အလို့ငှာ မိမိတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြော တင်ပြမှုများပြုလုပ်ကြရာတွင် ဤကြေညာချက်နှင့်အညီ ဆောင်ရွက်ကြရန် ဖြစ်သည်။ ဥက္ကဋ္ဌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

No comments: