Friday, August 21, 2015

ပည်ထဲရေး လက်အောက်သို့ စစ်ဘက်ဆိုင်ရာ အရာရှိ ၃၀၀ကျော် ပြောင်းရွှေ့ခန့်အပ်ရန် စီစဉ်

ပြည်ထဲရေး လက်အောက်သို့ စစ်ဘက်ဆိုင်ရာ အရာရှိ ၃၀၀ကျော် ပြောင်းရွှေ့ခန့်အပ်ရန် စီစဉ် ရန်ကုန်၊ သြဂုတ် ၁၈ ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်တွင် တာဝန် ထမ်းဆောင်ရန်အတွက် စစ်ဘက်ဆိုင်ရာ တပ်မတော် အရာရှိ ၃၀၀ ကျော်အား မြန်မာနိုင်ငံအနှံ့ရှိ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း ရဲတပ်ဖွဲ့ရုံးများတွင် ပြောင်းရွှေ့ ခန့်အပ်ရန် စီစဉ်လျက် ရှိသည်ဟု သြဂုတ်လ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး ပြည်ထဲရေး ၀န်ကြီးဌာန မူးယစ်ဌာနခွဲ၏ ဒုတိယရဲမှူး သီသီမြင့်က မြန်မာသံတော်ဆင့်သို့ အတည်ပြု ပြောကြားသည်။ ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ ထိပ်တန်း ရဲအရာရှိတချို့ကို သြဂုတ်လ ၁၃ ရက်တွင် ရာထူးတိုးမြှင့် ခန့်အပ်ခဲ့ပြီးနောက် စစ်ဘက်ဆိုင်ရာ အရာရှိများကို ရဲတပ်ဖွဲ့ဌာနသို့ ပြောင်းရွှေ့ ခန့်အပ်မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ခြင်းအပေါ် ယခုကဲ့သို့ အတည်ပြု ပြောကြားခြင်းဖြစ်သည်။ ““အန်တီတို့က အသေးစိတ်တော့ မသိဘူး။ နေပြည်တော်က ထုတ်ပြန်တာပဲ သိရတာ။ မြန်မာပြည် တစ်ပြည်လုံး ဖြန့်ပြီးခွဲချမှာ။ ဟုတ်ပါတယ်။ စစ်တပ်က ပြောင်းလာမှာပေါ့။ အသေးစိတ်တော့ နေပြည်တော် ကပဲ ဖြေနိုင်ပါလိမ့်မယ်””ဟု ဒုတိယရဲမှူး သီသီမြင့်က ပြောသည်။ ပြည်ထဲရေး ၀န်ကြီးဌာန၏ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲခဲ့ပြီး ပြည်နယ်နှင့် တိုင်းအလိုက် တာဝန်ယူ ဆောင်ရွက် လျက်ရှိသည့် ရဲမှူးကြီးရာထူး အဆင့်ရှိသူ ၁၀၀ နီးပါးအနက်မှ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တိုင်းမှူး ရဲမှူးကြီးဝင်းနိုင်၊ အမြန်လမ်း ရဲတပ်ဖွဲ့မှ ရဲမှူးကြီးနေ၀င်း၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ ပြည်နယ်မှူး ရဲမှူးကြီး ၀င်းထွန်းနှင့် မွန်ပြည်နယ်မှူး ရဲမှူးကြီး မျိုးဆွေဝင်းတို့အား ရဲမှူးချုပ် ရာထူးအဆင့်သို့ သြဂုတ်လ ၁၃ ရက်တွင် တိုးမြှင့် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ တိုးမြှင့်ခန့်အပ်မှုကို ““ရဲမှူးချုပ် ၄ ယောက် ထွက်တယ်။ အဲဒီနေရာကို ရဲမှူးကြီး ၄ ဦး တိုးမြှင့် ခန့် လိုက်တာ။ ရဲထဲမှာ ဒါပထမဆုံး ရာထူးကြီးကြီးပေးတဲ့ အနေအထားပေါ့။ တိုင်းတပ်ဖွဲ့မှူးတွေကို ဒါတိုးပေးတာ ပထမဆုံးပဲ။ အရင်က တိုင်းတပ်ဖွဲ့မှူးတွေကို ရဲမှူးကြီးအဆင့်ပဲ ထားတာ””ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။ ရာထူးတိုးမြှင့် ခံရသည့် ရဲမှူးချုပ်ဝင်းနိုင်သည် လက်ရှိတာဝန်ဖြစ်သော ရန်ကုန်တိုင်းမှူး တာဝန်ကိုသာ ဆက်လက် ထမ်းဆောင်ရမည်ဖြစ်ပြီး အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲမှူးချုပ်နေ၀င်းမှာ မြန်မာနိုင်ငံ ရထားရဲတပ်ဖွဲ့မှူး အဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းထွန်းမှာ မြန်မာနိုင်ငံ ရဲရေးဌာန ရဲမှူးချုပ် အဖြစ်လည်းကောင်း၊ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်မျိုးဆွေဝင်းမှာ နေပြည်တော်ရှိ အမှတ်(၁) လုံခြုံရေးရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးအဖြစ် လည်းကောင်း တာဝန်များ လွှဲပြောင်း ပေးအပ်ခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ထံမှ စုံစမ်းသိရှိရသည်။ ရဲမှူးကြီးအဆင့်မှ ရဲမှူးချုပ်အဆင့်သို့ ရာထူးတိုးမြှင့် ခန့်ထားခြင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနသို့ စစ်ဘက် ဆိုင်ရာ အရာရှိများ ပြောင်းရွှေ့လာမည့်အပေါ် နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ညွှန်မှူးအဆင့်ရှိသူ အား ဆက်သွယ် မေးမြန်းခဲ့ရာ ၎င်းတို့အနေဖြင့် ဖြေကြားပိုင်ခွင့် မရှိကြောင်းသာ ပြန် လည် ဖြေဆိုသည်။ လတ်တလောတွင် စစ်ဘက်မှ တပ်မတော် အရာရှိများအား ကျန်းမာရေး ၀န်ကြီးဌာန လက်အောက်သို့ ပြောင်းရွှေ့ခန့်အပ်ရန် စီစဉ်သည့်အပေါ် ကန့်ကွက်သည့် အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်များနှင့် ၀န်ထမ်းများ စုပေါင်း၍ အနက်ရောင် ဖဲကြိုးတပ်ဆင် လှုပ်ရှားမှုအဖွဲ့ ဖွဲ့စည်းကာ Black Ribbon Movement ပြုလုပ်မှုများ ရှိနေသည်။ ၀တ်ရည်နွေးနွေး မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments: