Wednesday, August 26, 2015

စစ်ကိုင်းတိုင်းတွင် သွေးလွန်တုပ်ကွေးကြောင့် ကလေး ၁၆၀၀ကျော် ဆေးရုံတက်၊ ၁၅ဦး သေဆုံး

စစ်ကိုင်းတိုင်းတွင် သွေးလွန်တုပ်ကွေးကြောင့် ကလေး ၁၆၀၀ကျော် ဆေးရုံတက်၊ ၁၅ဦး သေဆုံး Wednesday, August 26, 2015 စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ကလေးသူငယ်များ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု ဆက်လက် မြင့်တက်လျက်ရှိရာ ၂၀၁၅ နှစ်စမှ သြဂုတ်လနောက်ဆုံးပတ် အထိ ကလေးငယ် ၁၆၀၀ ဦးကျော် မုံရွာ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရပြီး ၁၅ ဦး သေဆုံးကြောင်း မုံရွာပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်သန်းက ပြောကြားသည်။ မုံရွာပြည်သူ့ဆေးရုံကြီးရှိ ခုတင် ၈၀ ဆံ့ ကလေးကုသဆောင်၌ ယခုနှစ် သွေးလွန်တုပ်ကွေးရာသီတွင် နေ့စဉ် ဆေးကုသမှုခံယူသူ ၂၀၀ ဦးအထိ ရှိကြောင်း၊ ဇူလိုင်လအတွင်းက သွေးလွန်တုပ်ကွေး အဖြစ်များခဲ့ပြီး ယခု ရက်ပိုင်းတွင်လည်း ဖြစ်ပွားမှုနှုန်း ပြန်လည် မြင့်တက်လာခဲ့သည်ဟု ၎င်းကဆိုသည်။ “ဇွန်လလောက်က တန့်ဆည်တို့၊ ရေဦးနယ်တို့က အဖြစ်များပြီး ဆေးရုံလာ တက်ကြတယ်။ အခု သြဂုတ်လမှာတော့ မုံရွာမြို့နယ်က ထိပ်ဆုံးရောက်နေပြီ။ မုံရွာမြို့အနီး ကျေးရွာတွေနဲ့ ရပ်ကွက်ကြီး တွေက ကလေးတွေ ဆေးရုံတက်နေတာ များတယ်” ဟု ဆေးရုံအုပ်ကြီးက ရှင်းပြသည်။ ခြင်မှတစ်ဆင့် ဖြစ်ပွားသော သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု မြင့်တက်လာသောကြောင့် မုံရွာမြို့ပေါ်ရှိ အသင်းအဖွဲ့များကလည်း ယခုရက်ပိုင်း အတွင်း စာသင်ကျောင်းများ၊ လူနေ ရပ်ကွက်များတွင် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းကို လုပ်ကိုင်လာကြကြောင်း ခြင်ဆေးဖျန်းသည့် လုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင် လုပ်ကိုင်နေသော ဥပုသ်နေ့တိုင်း ဆန်ပြုတ်ကုသိုလ် အဖွဲ့မှ ဦးအောင်နေမျိုးက ပြောကြားသည်။ “မူလတန်းကျောင်းတွေနဲ့ ကျေးရွာတွေမှာ ကျွန်တော်တို့အဖွဲ့တွေ အဖွဲ့ခွဲပြီး ခြင်ဆေး လိုက်ဖျန်းပေးနေရတယ်။ ကိုယ့်ဟာကိုယ် ခြင်ဆေးဖျန်းစက်ဝယ်၊ ကိုယ့်ဆေးနဲ့ကိုယ် လိုက်ဖျန်းပေးနေတာပါ။ မူလတန်းကျောင်းတွေနဲ့ ကျေးရွာတွေမှာ အဓိက လိုက်ဖျန်းနေပါတယ်” ဟု ၎င်းက ဆိုသည်။ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ၂၀၁၁ ခုနှစ် တစ်နှစ်ပတ်လုံး သွေးလွန်တုပ်ကွေး ဖြစ်ပွားသည့် ကလေးငယ် ၁၂၀၀ ကျော်သာဖြစ်ပွားခဲ့ကာ လေးနှစ်ကျော် ကာလ၂၀၁၅ ခုနှစ်တွင်မူ တစ်နှစ်မကုန် သေးသော်လည်း ကလေးငယ် ၁၆၀၀ ကျော်အထိ စံချိန်တင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မုံရွာပြည်သူ့ဆေးရုံ ဆေးကုသမှု မှတ်တမ်းများအရ သိရသည်။ The Voice Weekly

No comments: