Friday, August 21, 2015

ပည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုပါက အနိမ့်ဆုံး လုပ်ခလစာ ၃၆၀၀ ကျပ်ကို အတည်ပြု ထုတ်ပြန်မည်

ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုပါက အနိမ့်ဆုံး လုပ်ခလစာ ၃၆၀၀ ကျပ်ကို အတည်ပြု ထုတ်ပြန်မည် ရန်ကုန်၊ သြဂုတ် ၁၉ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် အဆိုပြုနှုန်းထား ၃၆၀၀ ကျပ်ကို အမျိုးသားအဆင့် ကော်မတီတွင် သြဂုတ်လ ၁၈ ရက်တွင် သဘောတူညီမှု ရရှိခဲ့သည့်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့က ခွင့်ပြုလျှင် အနိမ့်ဆုံး လုပ်ခလစာကို ၃၆၀၀ ကျပ်အား အတည်ပြု နှုန်းထားအဖြစ် ထုတ်ပြန်မည် ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးဝင်းက သြဂုတ် ၁၉ ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် နေပြည်တော်၊ အလုပ်သမား ၀န်ကြီးဌာနရုံးတွင် သြဂုတ် ၁၈ ရက်က အလုပ်သမား ၀န်ကြီးဌာန ကိုယ်စားလှယ်များ၊ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် အလုပ်သမား ကိုယ်စားလှယ်များ ပါဝင်သည့် အမျိုးသားအဆင့် ကော်မတီ၏ ၈ ကြိမ်မြောက်တွေ့ဆုံ ဆွေးနွေးမှု အပြီးတွင် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်ကို ၃၆၀၀ ကျပ်အဖြစ် သဘောတူညီချက် ရရှိခဲ့ကြပြီး ပြည်ထောင်စု အစိုးရအဖွဲ့သို့ ဆက်လက် တင်ပြသွားမည်ဖြစ်ကာ ပြည်ထောင်စု အစိုးရအဖွဲ့က အတည်ပြုပါက ထုတ်ပြန် ပေးမည့်အပေါ် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ ““အဆိုပြုနှုန်း ၃၆၀၀ကို အမျိုးသားအဆင့် ကော်မတီဝင်တွေက ကန့်ကွက်တာ မရှိဘူး။ အမျိုးသား ကော်မတီက ဒီလိုအတည်ပြုတဲ့ အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးကို တင်မယ်။ ပြည်ထောင်စု အစိုးရအဖွဲ့က လွှတ်တော် တင်သင့်တယ်ဆိုရင် ဆက်တင် ရမှာ။ ပြည်ထောင်စု အစိုးရအဖွဲ့က ခွင့်ပြုတယ် ဆိုရင်တော့ အနိမ့်ဆုံးလုပ်ခ အဆိုပြု နှုန်းထားကို အတည်ပြုထုတ်ပြန်မှာပါ””ဟု ညွှန်ကြားရေးမှူး ဦးစိုးဝင်းက ပြောသည်။ အနိမ့်ဆုံးလုပ်ခလစာ အဆိုပြု နှုန်းထား ၃၆၀၀ ကို ဇွန်လ၂၆ ရက်တွင် ပြည်ထောင်စု အစိုးရအဖွဲ့က ထုတ်ပြန် ထားခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း အတည်ပြု ထုတ်ပြန်မည်ဖြစ်ကြောင်း ကြေညာပြီး နောက် အထည်ချုပ် လုပ်ငန်းရှင် အချို့က အဆိုပြုနှုန်း ၃၆၀၀ ကို ပြဋ္ဌာန်းပါက စက်ရုံပိတ်သိမ်းမည် ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုမှုများ ရှိခဲ့ပြီး အလုပ်သမားများဘက်မှလည်း အနိမ့်ဆုံးလုပ်ခကို ၄၀၀၀ နှုန်း သတ်မှတ်ပေးရန် ဆန္ဒပြ တောင်းဆိုမှုများ ရှိခဲ့သည်။ ““ကျွန်တော်တို့က အဆိုပြုနှုန်းထား ၃၆၀၀ကို အတည်ပြုဖို့ အတွက် ဆွေးနွေးကြတဲ့အခါ အလုပ်ရှင် အလုပ်သမား အကုန်လုံးက သဘောတူကြပါတယ်။ ပြီးရင်တော့ ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်မှာပါ။ အချိန်ပို (O.T) ကြေး ကိစ္စတွေကတော့ ဥပဒေထဲမှာ ပါတဲ့အတိုင်း ဆက်ပြီး ဆွေးနွေးမှာပါ””ဟု အလုပ်သမား ကိုယ်စားလှယ် ကိုဝင်းဇော်က ပြောသည်။ အနိမ့်ဆုံး လုပ်ခလစာ အဆိုပြုနှုန်းထား ၃၆၀၀ ကျပ်ကို သြဂုတ်လ ၂၉ ရက်မတိုင်မီ ထုတ်ပြန် ကြေညာမည် ဖြစ်သည်။ သူရိန်ကျော် မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments: