Monday, August 31, 2015

အစိုးရနှင့် KIO ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အစည်းအဝေး စက်တင်ဘာလဆန်းသို့ ရွှေ့ဆိုင်း =========================================

အစိုးရနှင့် KIO ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အစည်းအဝေး စက်တင်ဘာလဆန်းသို့ ရွှေ့ဆိုင်း ========================================= အစိုးရနှင့် KIO အဖွဲ့တို့၏ ပဋိပက္ခညှိနှိုင်းရေးအစည်းအဝေးကို သြဂုတ်လကုန်တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း KIO အဖွဲ့မှ စက်တင်ဘာ ပထမပတ်အတွင်းမှသာ တွေ့ဆုံရန် အကြောင်းပြန်ထားကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)ထံမှ သိရသည်။ “အစိုးရဘက်က ခေါင်းဆောင်ဖြစ်တဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဒီလ ၂၈ ရက်မှာတွေ့ဖို့ ကမ်းလှမ်းထားတယ်။ ဒါပေမဲ့ KIO အဖွဲ့ကတော့ သူတို့မှာ စီစဉ်စရာလေးတွေ ရှိသေးလို့ တွေ့ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ အကြောင်းပြန်တယ်” ဟု ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးခွန်အောင်က ဆိုသည်။ အစိုးရဘက်မှ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်ဖြစ်သူ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က နှစ်ဖက်တွေ့ဆုံရန် သြဂုတ်လ ၂၆ ရက်နေ့တွင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့(PCG)ထံသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး KIO ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးဇော်တောင်က စက်တင်ဘာလ ပထမအပတ်တွင်းမှသာ တွေ့ဆုံရန် အကြောင်းပြန်ထားခြင်းဖြစ်သည်ဟု ဦးခွန်အောင်က ရှင်းပြသည်။ “ကျွန်တော်တို့ကတော့ KIO အဖွဲ့က ပြန်လည်ပေးပို့ထားတဲ့ အကြောင်းကြားစာကို အစိုးရဘက်ကိုတင်ပြထားတယ်။ အစိုးရဘက်ကတော့ ဒီနေ့ထိ ဘာမှအကြောင်းမပြန်သေးဘူး” ဟု ဦးခွန်အောင်က ဆက်လက်ပြောကြားသည်။ အဆိုပါ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကို အစိုးရနှင့် KIO အဖွဲ့တို့ ၂၀၁၃ စက်တင်ဘာ ဆွေးနွေးပွဲ သဘောတူညီချက်များအရ ဖွဲ့စည်းခဲ့ကာ ပုံမှန်တွေ့ဆုံမှုများ ပြုလုပ်ခဲ့သော်လည်း ပြီးခဲ့သည့် ဧပြီလမှ စတင်၍ နှစ်ဖက်တွေ့ဆုံမှုကို ရပ်နားထားခြင်းဖြစ်သည်။ လာမည့်ဆွေးနွေးပွဲတွင် အစိုးရဘက်မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ဦးဆောင်ပြီး KIO ဘက်မှ ဗိုလ်မှူးဇော်တောင်က ဦးဆောင်ကာ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)ထံမှ သိရသည်။ အစိုးရနှင့် KIO အဖွဲ့တို့သည် နောက်ဆုံးတွေ့ဆုံခဲ့သည့် ဧပြီလမတိုင်ခင်က အစည်းဝေး အကြိမ်ပေါင်း ဆယ်ကြိမ်ခန့်ပြုလုပ်ခဲ့သည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG)မှ ဦးခွန်အောင်က ပြောကြားသည်။ By The Voice Weekly

No comments: