Thursday, August 27, 2015

***KBZ ဘဏ် ကမောက်ကမဖြစ်စေပြီး တိုင်းပြည်စီးပွားရေး ယိမ်းယိုင်စေရန် လုပ်ဆောင်နေသည်ဟု သံသယ ရှိသူများတွင် တိုးနိုင်မန်း ပါဝင်နေ***

မကြာသေးသော ရက်ပိုင်းအတွင်း KBZ ဘဏ် ကမောက်ကမ ဖြစ်စေပြီး တိုင်းပြည်စီးပွားရေး ယိမ်းယိုင်စေရန် လုပ်ဆောင်နေသည်ဟု သံသယ ရှိသူများတွင် တိုးနိုင်မန်း ပါဝင်နေကြောင်း သတင်းရရှိသည်။

အစိုးရ၊ စစ်တပ်တို့နှင့် ထိပ်တိုက်တွေ့ဆုံပြီး ပါတီဥက္ကဌနေရာမှ ဖယ်ရှားခြင်းခံခဲ့ရသော ဦးရွှေမန်းအား ကျူပင်ခုတ် ကျူငုတ်မကျန် အပြတ်ရှင်းတော့မည့် သတင်းများ ထွက်ပေါ်လာပြီးနောက် ၄င်းတို့ပိုင်ဆိုင်မှုများကို အမြန်ဆုံး ငွေသားအဖြစ်ပြောင်းလဲခဲ့ပြီး အမေရိကန်ဒေါ်လာများ အလုံးအရင်းနှင့် ၀ယ်ယူနေခဲ့သည်မှာလည်း ၄င်းတို့ပင် ဖြစ်ကြောင်း အတွင်းသိများက ဆိုသည်။

“ဦးရွှေမန်း၊ ဦးခင်ရွှေ၊ အောင်သက်မန်း၊ တိုးနိုင်မန်း သူတို့အားလုံး ပေါင်းလိုက်ရင် တစ်နိုင်ငံလုံးရဲ့ စီးပွားရေးကို ကပြောင်းကပြန်ဖြစ်အောင်လုပ်နိုင်တယ်။ ဦးရွှေမန်းက စက်သုံးဆီ တင်သွင်းတဲ့သူတွေကို အစိုးရက ဒေါ်လာ အစိမ်းတွေ ရောင်းပေးဖို့ ပြောတယ်။ အဲဒါက သူ့သား အောင်သက်မန်းအတွက် အကျိုးစီးပွားပဲလေ။ စက်သုံးဆီ တင်သွင်းခွင့် ရတဲ့သူတွေထဲမှာ အောင်သက်မန်းလည်း ပါတယ်။ အဖေက သားအတွက် ပိုပြီး ချမ်းသာအောင် လုပ်ပေးလိုက်တာပဲ။ ကျန်တဲ့သူတွေက ဘာမှ သိတာ မဟုတ်ဘူး။

အခုလည်း သူတို့ ကျွေးမွေးထားတဲ့ အဖွဲ့တွေနဲ့ တစ်ဘက်လှည့်နဲ့ ကမ္ဘောဇက ငွေတွေ ထုတ်ခိုင်းတယ်။ ပြီးတော့ သူတို့ မွေးထားတဲ့ သတင်းထောက်တွေကတစ်ဆင့် ကောလဟာလတွေ လွှင့်တယ်။ Street View နဲ့ ပြည်ထောင်စုနေ့စဉ်မှာ မတန်မရာ လစာပေးထားတဲ့ လူယုံတွေရှိတယ်။ သူတို့ ထောက်ပံ့ကြေး ပေး စည်းရုံးထားတဲ့ ဘီဘီစီ မြန်မာပိုင်း သတင်းထောက်တစ်ယောက် ရှိတယ်။ သူတို့ကမှတစ်ဆင့် ဘဏ်မှာ ပိုက်ဆံတွေ မရှိတော့ဘူး ဆိုပြီး ပြောတယ်။ ဒီကနေစတာ” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ပထမပိုင်းမှာ ဦးရွှေမန်းကို အရေးယူရင်၊ သူတို့မိသားစု ပိုင်ဆိုင်သမျှကို သိမ်းပြီ ဆိုရင် KBZ လည်း ထိပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ KBZ မှာ ဦးရွှေမန်းရဲ့ ရှယ်ယာ ၂၀% လောက်ရှိတယ် ဆိုတဲ့ သတင်းထွက်လာတယ်။ ဒီသတင်းက ဘယ်ကစလာတာလဲ ပြောရင် တိုးနိုင်မန်းက မီဒီယာတွေကို ပြောတယ်။ သူတို့ကို အရေးယူရင် သူတို့ ရှယ်ယာပါထားတဲ့ လုပ်ငန်းတွေ အကုန်လုံး ပြိုလဲမှာပဲ ဆိုပြီး ပြောတယ်။ ဘဏ်တွေလည်း ပါတယ် ဆိုပြီး ပြောတယ်လို့ ပြောကြတယ်။ အခုလည်း ဒေါ်လာတွေ အများကြီး သူတို့ မိသားစု သိမ်းထားတယ် လို့ ပြောကြတာပဲ။ တကယ်သာ သူတို့ မိသားစုက တိုင်းပြည်စီးပွားရေး ဖရိုဖရဲ ဖြစ်အောင် ရည်ရွယ်ချက် ရှိရှိ လုပ်နေတယ် ဆိုတာမှန်ရင် ပြင်းပြင်းထန်ထန် အရေးယူ၊ ပိုင်ဆိုင်သမျှတွေ ချိတ်ပိတ်ပြီး သိမ်း၊ ပြီးတော့ နောင်ကို ဘယ်ခရိုနီမှ တိုင်းပြည်စီးပွားရေးထိခိုက်နစ်နာအောင် မလုပ်နိုင်အောင်၊ မလုပ်ရဲအောင် စံနမူနာပြ အရေးယူဖို့ ကောင်းပါတယ်။ အခုလည်း အပြင်ထွက်ပြီးတော့ ပြည်တွင်း ဒေါ်လာဈေး ကမောက်ကမ ဖြစ်အောင် လုပ်နေတယ် လို့ ပြောကြတယ်။ မှန်တာ မမှန်တာတော့ မသိဘူး။ ဒါက အစိုးရက၊ ရဲတပ်ဖွဲ့တွေ၊ ထောက်လှမ်း ရေးတွေကပဲ သိနိုင်မယ့် ကိစ္စ ဖြစ်တယ်။ အစိုးရအနေနဲ့ ဒါတွေကို ကြပ်ကြပ်မတ်မတ် တင်းတင်းကျပ်ကျပ် ကိုင်တွယ်စေချင်တယ်။ အာဏာလုတာ၊ နေရာလုတာ သူ့ဖာသာ ကိစ္စမရှိဘူး။ တိုင်းပြည်စီးပွားရေးထိခိုက်အောင် လုပ်နေတာကိုတော့ ခွင့်မလွှတ်သင့်ဘူး။ ဒါတွေကို ပြင်းပြင်းထန်ထန် တားဆီးပေးဖို့၊ အရေးယူပေးဖို့ ကျွန်တော်တို့ကတော့ လိုလားတယ်” ဟု အမည်ထုတ်ဖော်ပြောကြားခြင်း မရှိသည့် ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ပြောဆိုသည်။

အလားတူ တိုးနိုင်မန်း၏ Red Link ကုမ္ပဏီသည် အော်ရီဒူး၊ တယ်လီနော မိုဘိုင်းဖုန်းကုမ္ပဏီများအား အင်တာနက် ၀န်ဆောင်မှု ရောင်းချခြင်းကို လုပ်ပိုင်ခွင့် မရှိဘဲ ကြိုတင် ရောင်းချထားကြောင်း၊ ထိုသို့ လိုင်စင် မရှိဘဲ တရားမ၀င် အင်တာနက်ဆားဗစ် ရောင်းချခြင်းကို ကာကွယ်ရန်အတွက် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ လိုင်စင်လျှောက်ထားခဲ့ကြောင်း၊ ထိုသို့ တရားမ၀င် အင်တာနက်ဆားဗစ် ရောင်းချခြင်းအတွက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ အရာရှိကြီးများလည်း အကျိုး အမြတ် များစွာ ရရှိခဲ့ကြောင်း၊ ၄င်းတို့အား တိုးနိုင်မန်းက ငွေကြေးဖြင့် အိတ်ထဲထည့်ထားခြင်း ဖြစ်ကြောင်း၊ ထို့အပြင် နောင်ရိုးအိုင်စီတီကုမ္ပဏီမှလည်း တယ်လီဖုန်းပြောဆိုမှုများ ကြားဖြတ်ဖမ်းယူသည့် စက်များကို ဒေါ်လာ သန်းသုံးဆယ်ပေး၍ ၀ယ်ယူထားပြီး တယ်လီဖုန်းကြားဖြတ်နားထောင်မှုများ လုပ်ဆောင်နေသည်မှာလည်း တိုးနိုင်မန်းနှင့် အောင်သက်မန်းတို့ပင် ဖြစ်ကြောင်း၊ ထိုသို့ တယ်လီဖုန်းကြားဖြတ်ဖမ်းယူမှုများကို ဥပဒေအရ အစိုးရကသာ လုပ်ဆောင်ခွင့် ရှိသဖြင့် ထိုသို့ ဖခင်ဖြစ်သူ၏ အရှိန်အ၀ါကို အသုံးချ၍ တရားဥပဒေအထက်တွင် လုပ်ချင်သလို လုပ်နေသည်ကို ပြင်းပြင်းထန်ထန် အရေးယူသင့်ကြောင်း အိုင်စီတီလုပ်ငန်းနယ်ပယ်မှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“တယ်လီဖုန်းပြောတာတွေ Intercept လုပ်တဲ့ကိစ္စက အစိုးရကပဲ လုပ်ခွင့်ရှိတာ။ လုံခြုံရေးအရ သူတို့ပဲ လုပ်ရမှာ။ အခု ကျွန်တော်တို့လည်း ကြားတယ်။ နောင်ရိုးကုမ္ပဏီက ဒေါ်လာသန်းသုံးဆယ် ပေးပြီး တိုးနိုင်မန်းက ၀ယ်ထားတယ် ပြောတယ်။ နောက်ပြီးတော့ ဟွာဝေးကုမ္ပဏီနောက်မှာ အောင်သက်မန်းရှိတယ်။ ဖုန်းလိုင်းတွေကို ဟွာဝေးက စက်တွေနဲ့ ထိုင်ထားတယ်။ ဒီမှာလည်း ကြားဖြတ် နားထောင်တာတွေ ရှိတယ် ပြောတယ်။ ဟုတ်တာ မဟုတ်တာကတော့ အစိုးရကပဲ သိနိုင်လိမ့်မယ်။ ဒါတွေက လုပ်လို့ မရဘူး။ မလုပ်သင့် ဘူး။ ဒါတွေကို တိုးနိုင်မန်း၊ အောင်သက်မန်း ညီအစ်ကိုတွေ လုပ်နေတယ် ဆိုရင်တော့ တရားဥပဒေဆိုတာ မရှိတော့ဘူးလား မေးရမယ်။ လုပ်ချင်တိုင်းလုပ်လို့ ရသလား။ အစိုးရက ရဲတပ်ဖွဲ့တွေ၊ ထောက်လှမ်းရေးတွေ သိရင်လည်း ဘာဖြစ်လို့ လွှတ်ထားတာလဲ။ ဒါတွေကို ပြတ်ပြတ်သားသား အရေးယူရမယ့် ကိစ္စတွေပဲ။ ဦးရွှေမန်းကို သဘောထားကြီးကြီးနဲ့ ဒီအတိုင်းလေး ဆက်ထားထားတယ် ဆိုပြီး ပြောကြပေမယ့် တိုင်းပြည်ကို ထိခိုက်နစ်နာအောင် လုပ်နေတာတွေကိုတော့ သဘောထား မကြီးသင့်ဘူး ထင်တယ်။ ဒီလိုနေရာတွေမှာတော့ ပြင်းပြင်းထန်ထန် အရေးယူ၊ နောက်ဆုံး သေဒဏ်တို့ တစ်သက်တစ်ကျွန်းတို့ ပေးပစ်လိုက် ကျွန်တော်တို့ လက်ခံတယ်။ ဒါမှ နောင်လည်း ကျန်တဲ့လူတွေ မလုပ်ရဲမှာ။ နို့မို့ရင် ခရိုနီတစ်ယောက်ယောက်က စိတ်ထင်တိုင်း တိုင်းပြည်ကို ဖရိုဖရဲ ဖြစ်အောင် လုပ်လို့ရတယ် ဖြစ်နေလိမ့်မယ်” ဟု အဆိုပါ အိုင်စီတီလုပ်ငန်းရှင်က ပြောဆိုသည်။

တိုးနိုင်မန်းသည် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က လူသတ်မှုဖြင့် အရေးယူမှု မခံရစေရန် ဖခင်ဖြစ်သူ၏ အရှိန်အ၀ါကို အသုံးပြု၍ လူစားဝင် အရေးယူခြင်းခံခဲ့သူ ဖြစ်သည်ဟု သတင်းထွက်ပေါ်ခဲ့သူ ဖြစ်သည်။ ဇေကမ္ဘာ၀င်းအနီး မူးယစ်ဆေးဝါးများ စံချိန်တင် ဖမ်းဆီးရမိခြင်းအတွက်လည်း ပါဝင်နေသည့် အထဲတွင် ခရိုနီများ ပါဝင်နေဖွယ်ရာ ရှိကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ဖခင်၏ သမ္မတဖြစ်ရေး ရည်မှန်းချက်ကို ထိခိုက်လာခြင်းကြောင့် အစိုးရ ထိခိုက်စေရန် တုံ့ပြန်ဆောင်ရွက်ရာမှာ ယခုကဲ့သို့ တိုင်းပြည်ကို ထိခိုက်နစ်နာစေသော လုပ်ဆောင်ချက်များ လုပ်ဆောင်လာခြင်း ဖြစ်သည် ဟု ဆိုကြသည်။

Ye' Moe
Myanmar Review Journal Chief Editor***KBZ ဘဏ် ကမောက်ကမဖြစ်စေပြီး တိုင်းပြည်စီးပွားရေး ယိမ်းယိုင်စေရန် လုပ်ဆောင်နေသည်ဟု သံသယ ရှိသူများတွင် တိုးနိုင်မန်း ပါဝင်နေ***

Myanmar Review Journal Chief Editor

No comments: