Friday, August 21, 2015

တရားမျှတသော ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပပြီး တက်ညီလက်ညီ လုပ်ဆောင်ရန် မျိုး/လွှတ်ဥက္ကဋ္ဌ ဆုတောင်းပြီး လွှတ်တော်ရပ်ဆိုင်း

တရားမျှတသော ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပပြီး တက်ညီလက်ညီ လုပ်ဆောင်ရန် မျိုး/လွှတ်ဥက္ကဋ္ဌ ဆုတောင်းပြီး လွှတ်တော်ရပ်ဆိုင်း နေပြည်တော်၊ သြဂုတ် ၁၉ အမျိုးသားလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ရပ်နားရန်အဆိုကို သြဂုတ်လ ၁၉ ရက်တွင် မဲခွဲဆုံးဖြတ်ရာ မဲပေးပိုင်ခွင့်ရှိသူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၇၉ ဦးအနက် ထောက်ခံမဲ ၁၂၈မဲ၊ ကန့်ကွက်မဲ ၃၄မဲ၊ ကြားနေမဲ ၁၄ မဲ ရရှိခဲ့ပြီး အဆိုကို အတည်ပြုခဲ့ကာ အမျိုးသားလွှတ်တော် အစည်းအဝေးကို ရပ်နားခဲ့ပြီ ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကြေညာခဲ့သည်။ ယင်းအဆိုကို သြဂုတ်လ ၁၈ ရက်က ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေး၌ ပြည်ခိုင်ဖြိုးပါတီမှ မကွေးတိုင်းဒေသကြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကြည်ထွန်းက ရေကြီးနစ်မြုပ်မှုများ အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း စိစစ်ရေးလုပ်ငန်းများ ဆောင် ရွက်ခြင်းနှင့် ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လွှတ်တော် ရပ်နားပေးရန် အရေးကြီးအဆို တင်သွင်းခဲ့ခြင်းဖြစ်သည်။ ““အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်ရန် တိုက်တွန်းသည်။ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အားလုံး မိမိတို့နေရပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိပါစေ။ တရားမျှတသော ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပပြီး တက်ညီလက်ညီ အားလုံးပါဝင် လုပ်ဆောင်ကြပါစေကြောင်း ဆုတောင်းပါသည်””ဟု အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကြေညာခဲ့သည်။ လွှတ်တော်ရပ်နားရန် အဆိုကို အမျိုးသား လွှတ်တော်၌ ဆွေးနွေးရာတွင် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ကန့်ကွက်ကြောင်း ဆွေးနွေး တင်ပြခဲ့သည်။ ““အကျိုးမရှိဘူး။ ပြည်ထောင်စုမှာ ဥပဒေပြုရေး ကဏ္ဍကို အရင်ရပ်ဖို့ တင်လိုက်။ တင်လိုက်လို့ ပြည်ထောင်စု မှာ ရပ်သွားပြီဆိုတော့မှ ဥပဒေပြုရေးကဏ္ဍ ရပ်သွားပြီ။ ဒီတော့ အမျိုးသားလွှတ်တော်က မေးခွန်းနဲ့ အဆို ကျန်မယ်။ ဥပဒေတစ်ခြမ်းကျန်မယ်။ ဒါလေးတွေပါ ရပ်သင့်၊ မရပ်သင့် တစ်ခြမ်းလုပ်ရမှာ။ အခုကကျတော့ ပြည်ထောင်စုက မရပ်ဘဲ အမျိုးသားက ရပ်တယ်။ ကိုယ်စားလှယ်တွေက ပြည်ထောင်စုကို ခွင့်တိုင် ရတော့မယ်။ ကိုယ်တွေလုပ်ရမယ့် ဥပဒေတွေက အများကြီး။ ဗုန်းဆို ရပ်လိုက်တော့ ပြီးသွားပြီပေါ့။ ပြည်ထောင်စုပါ ပိုကြာသွားပြီပေါ့။ ဘယ်လိုဆက်လုပ်မလဲ၊ ကျွန်တော်လည်း မသိတော့ဘူး””ဟု ဦးဖုန်းမြင့်အောင်က မြန်မာ သံတော်ဆင့် သို့ ပြောသည်။ အဆိုပါ လွှတ်တော်ရပ်နားမှုနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ““အမျိုးသားလွှတ်တော် ရပ်နားခြင်းက အမျိုးသားလွှတ်တော်ရပ်နားခြင်းပဲ။ ပြည်ထောင်စု လွှတ်တော် ရပ်နားခြင်း မဟုတ်ဘူးလေ။ အမျိုးသားလွှတ်တော် ဘယ်လောက်ပဲ နားနား ပြည်ထောင်စု ဆက်လက် ကျင်းပမယ်လို့ နာယကဘက်က သွားနေပြီ။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေက ပြည်ထောင်စုကို တက်ကိုနေရမှာ””ဟု ပြောသည်။ ၀ိုင်းမော် မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments: