မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, August 21, 2015
အဖွဲ့အားလုံးပါဝင်မှသာ အပစ်ရပ်စာချုပ်တွင် ကေအိုင်အေ လက်မှတ်ထိုးစေလိုကြောင်း ကချင် ပြည်သူဆန္ဒရှိဟု KBC တာဝန်ရှိသူပြော
အဖွဲ့အားလုံးပါဝင်မှသာ အပစ်ရပ်စာချုပ်တွင် ကေအိုင်အေ လက်မှတ်ထိုးစေလိုကြောင်း ကချင် ပြည်သူဆန္ဒရှိဟု KBC တာဝန်ရှိသူပြော
=========================================
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးပါဝင်မှသာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ်(NCA)ကို လက်မှတ်ရေးထိုးရန် ကချင်ပြည်သူလူထုက သဘောတူကြောင်း ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)အတွင်းရေးမှူး ဒေါက်တာဆမ်ဆွန်က ပြောကြားသည်။
ကေအိုင်အို(ကချင်လွတ်မြောက်ရေးအဖွဲ့) ဌာနချုပ်ရှိရာ လိုင်ဇာတွင် သြဂုတ် ၁၇ နှင့် ၁၈ ရက်တို့၌ ပြုလုပ်ခဲ့သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)အပေါ် ကချင်ပြည်သူ လူထု၏ ဆန္ဒသဘောထားတောင်းခံသည့် လူထုတွေ့ဆုံပွဲတွင် ကချင်ပြည်သူများက ယင်းသို့ ဆန္ဒရှိခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
‘‘တိုင်းရင်းသားအားလုံးပါဝင်တဲ့ လက်မှတ်ထိုးခြင်းပဲလုပ်ရအောင်။
တစ်ဖွဲ့ချင်းစီ ထိုးတာမျိုး ကို မလုပ်ဖို့ပြောဆိုကြတယ်’’ဟု ဒေါက်တာဆမ်ဆွန်ကဆိုသည်။ ထို့အပြင် အကယ်၍ ကိုးကန့်၊ တအာင်န်းပလောင်(TNLA)တို့က စာချုပ်တွင် ပါဝင်လက်မှတ်မရေးထိုးနိုင်ပါက အဆိုပါတပ်ဖွဲ့ များရှိရာ ဒေသခံပြည်သူလူထုသည် တိုက်ပွဲများကြောင့် ဆက်လက်ဒုက္ခရောက်မည်ဖြစ်၍ အားလုံးပါဝင်လက်မှတ်ရေးထိုးရန် အရေးကြီးကြောင်း ၎င်းကပြောသည်။
အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်သည့် ကချင်လူထုထဲတွင် လူမှုရေးအဖွဲ့ အစည်းများမှ ခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ စစ်ဘေးဒုက္ခသည်များနှင့် လူထုခေါင်းဆောင် အချို့ အပါအ၀င် ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသခံနှစ်ရာကျော် တက်ရောက်ခဲ့သည်။ တက်ရောက်လာသူအများစုသည် NCA အပေါ် အလျင်စလို လက်မှတ်မရေးထိုးရန်နှင့် အာမခံ ချက်ရှိမှ လက်မှတ်ရေးထိုးရန် တောင်းဆိုခဲ့ကြကြောင်း ကေအိုင်အေ(ကချင်လွတ်မြောက်ရေးတပ် မတော်)မှ ဗိုလ်မှူးကြီးတစ်ဦးကပြောသည်။
ထို့ပြင် လက်ရှိငြိမ်းချမ်း ရေးဆွေးနွေးပွဲနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များ၏ အခြေ အနေ အဆိုးအကောင်းမှာ အစိုးရ၏ စိတ်နေစိတ်ထားနှင့် အများကြီးသက်ဆိုင်ကြောင်း ဒေါက်တာဆမ်ဆွန်ကဆိုသည်။
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို အစိုးရကယခုရက်ပိုင်း အတွင်း ပြည်သူသို့ထုတ်ပြန်ထားပြီး စာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို သမ္မတဦးသိန်းစိန်က ဖိတ်ခေါ်ထားပြီးဖြစ်သည်။
ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KPC)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့က ပါဝင်လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
By 7Days
Subscribe to:
Post Comments (Atom)
No comments:
Post a Comment