Saturday, August 29, 2015

ဒီချုပ်၏ ပါတီဆိုင်ရာကိစ္စများ ပြောရေးဆိုခွင့်ရှိသူစာရင်း ထုတ်ပြန်

ဒီချုပ်၏ ပါတီဆိုင်ရာကိစ္စများ ပြောရေးဆိုခွင့်ရှိသူစာရင်း ထုတ်ပြန် ပါတီမူဝါဒများအား ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပြောမည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြောရေးဆိုခွင့် ရှိသူများစာရင်းကို တရားဝင် ထုတ်ပြန်လိုက်ပြီး ပါတီ၏ အရေး ကြီးသော မူဝါဒဆိုင်ရာကိစ္စရပ် များအား နာယက ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သာ ထုတ်ပြန်ပြောကြားမည် ဖြစ် ကြောင်း သတင်းရရှိသည်။ သြဂုတ် ၂၈ ရက်စွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောရေးဆိုခွင့်ရှိသူများစာရင်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ‘‘အဓိကကတော့ လာမယ့်ရွေးကောက်ပွဲအတွက်ပါ။ ရွေးကောက်ပွဲစရင် မဲဆွယ်တဲ့ကိစ္စတွေနဲ့ အလုပ်များတော့မှာလေ။ ဒါကြောင့် အခုကတည်းက တရားဝင်လုပ်ပိုင်ခွင့်တွေ ခွဲဝေပေးလိုက်တဲ့သဘောပါ’’ဟု ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောသည်။ အင်န်အယ်လ်ဒီ၏ ရွေးကောက်ပွဲကြေညာစာတမ်း၊ နိုင်ငံရေးမူဝါဒသဘောထားများနှင့် စပ်လျဉ်း၍ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သာ ပြောရေးဆိုခွင့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ဆက်သွယ်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းလမ်း ညွှန်ချက်များနှင့် စပ်လျဉ်း၍ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကလည်းကောင်း၊ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စည်းရုံးရေးခရီးစဉ်များနှင့် စပ်လျဉ်း၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်းက လည်းကောင်း၊ ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စား လှယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကိစ္စနှင့် စပ်လျဉ်း၍ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်က လည်းကောင်း၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းဖြန့်ချိမှုနှင့် ပတ်သက်၍ ဒီလှိုင်းအမှုဆောင်အရာရှိချုပ် ဦးသိန်းဦးက လည်းကောင်း ပြောရေးဆိုခွင့်ရှိကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ‘‘ဒီထဲမှာ မပါတဲ့သူတွေက လုံးဝမပြောရဘူးမဟုတ်ပါဘူး။ သူတို့သိတဲ့ကိစ္စတွေဆိုရင်တော့ ပြောခွင့်ရှိပါတယ်။ ဒါပေမဲ့လည်း ကြေညာချက်ထဲမှာပါတဲ့ ကဏ္ဍ တွေဆိုရင်တော့ သတ်မှတ်ထား တဲ့သူတွေပြောတာပဲ တရားဝင် တာပေါ့’’ ဟု ဦးဉာဏ်ဝင်းက ဆို သည်။ ယခင်က အင်န်အယ်လ်ဒီ၏ ပြောရေး ဆိုခွင့်ရှိသူများအဖြစ် ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးဇေယျာသော်အစရှိသူတို့အား တာဝန်ပေးထားပြီး ၂၀၁၅ ရွေးကောက်ပွဲနီးကပ်လာသည့်အချိန်တွင် အထက်ပါအတိုင်း ထပ်မံတာဝန်ပေးလိုက်ခြင်း ဖြစ်သည်။ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)) Byမင်းဟိန်းကျော်On Sat, 2015-08-29 06:30Location ရန်ကုန်Issue No.No.840 Saturday, August 29, 2015

No comments: