Friday, August 21, 2015

သူ့အတွေးသူ့အမြင် ဆိတ်ဆိတ်နေလိုသော စစ်ဗိုလ်ချုပ်ကြီးများကို စကားပြောအောင်လုပ်ခြင်း

သူ့အတွေးသူ့အမြင် ဆိတ်ဆိတ်နေလိုသော စစ်ဗိုလ်ချုပ်ကြီးများကို စကားပြောအောင်လုပ်ခြင်း ထိရှလွယ်တဲ့လတ်တလော နိုင်ငံရေးအခင်းအကျင်းတစ်ခုအပေါ် မီဒီယာအတော်များများရဲ့ သုံးသပ်ချက်တွေမှာ ရွေးကောက်ပွဲအလွန်ကာလမှာ ဖြစ်ကောင်းဖြစ်လာနိုင်ဖွယ်ရှိတဲ့ မငြိမ်သက်မှုတွေ အတွက် စိုးရိမ်မကင်း ဖြစ်နေကြဟန်တွေကို အထင်းသားတွေ့နေရပါတယ်။ အတိုက်အခံပါတီနဲ့ တပ်မတော်ကြားက မနွေးထွေးလှတဲ့ ဆက်ဆံရေးက ဒီလိုစိုးရိမ်မကင်းမှုတွေ ဖြစ်ပေါ်လာစေပါတယ်။ တကယ်တော့ အတိုက်အခံပါတီလို့ပြောကြရင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုသာ ပြေးမြင်မိကြသလို၊ တပ်မတော်လို့ပြောရင်လည်း အရပ်သားအစိုးရအမည်ခံထားပေမယ့် တပ်မတော်နဲ့အစိုးရတစ်အုပ်စုတည်းသာဖြစ်နေတဲ့အတွက် တပ်မတော်အစိုးရကိုသာ ဦးတည်ပြောလေ့ရှိကြတာပါ။ မြန်မာပြည်ရဲ့ လတ်တလော နိုင်ငံရေးရေချိန်ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိသမ္မတ ဦးသိန်းစိန် ဒါမှမဟုတ် သူ့ကိုကျောထောက်နောက်ခံပေးထားတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မင်းအောင်လှိုင်တို့ကြားက ဆက်ဆံရေးပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဒါဟာ မြန်မာပြည်မှာ အမွေဆက်ခံနေခဲ့၊ နေဆဲဖြစ်တဲ့ သူရဲကောင်းကိုးကွယ်တဲ့ဝါဒနဲ့ အာဏာရှင်နိုင်ငံရေးရဲ့ အရိပ်ထိုးမှုတွေကြောင့်ပါပဲ။ အကြမ်းမဖက်ဝါဒကိုသာ ရေရှည်စွဲကိုင်ပြီး စစ်အာဏာရှင်စနစ်ကို တချိန်လုံး ဆန့်ကျင်လာခဲ့တဲ့ နှလုံးရည်ပြည့်ဝသူဒေါ်အောင်ဆန်းစုကြည်ကို လက်နက်မဲ့တဲ့လူထုက သူရဲကောင်းတင် ကိုးကွယ်ကြတာ အဆန်းမဟုတ်သလို၊ အာဏာရှင်ရဲ့ တသွေး တသံ တမိန့်နဲ့ အုပ်ချုပ်လာခဲ့တဲ့ တပ်မတော်ဟာလည်း သေနတ်ပြောင်းဝက အာဏာနိုင်ငံရေးနောက်ကိုသာ တစိုက်မတ်မတ် လိုက်ပါနေခဲ့ရတာ အဆန်းတော့ မဟုတ်ပါဘူး။ တကယ်တမ်း အံ့အားသင့်စရာ ကောင်းတာက စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးကိုသာ ၉၀ ခုနှစ်များကတည်းက တစိုက်မတ်မတ် တောင်းဆိုလာခဲ့တဲ့ လူထုခေါင်းဆောင်ပေါ်ကို တဖက်သတ် အပစ်ဖို့ဖို့ ကြိုးစားနေကြတဲ့ ပွဲကြည့်ပရိသတ်အချို့ရဲ့ ဝေဖန်သုံးသပ်ချက်တွေ ဖြစ်ပါတယ်။ ပြည်တွင်းထုတ်ဂျာနယ်အချို့မှာရော နိုင်ငံရေးအကဲခတ်များရဲ့ အတွေးအမြင်ဆောင်းပါးတွေမှာပါ တွေ့နေရတာက ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်နဲ့ ပြေလည်အောင် မကြိုးစားပဲ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌရာထူးက လတ်တလော ဖယ်ရှားခံလိုက်ရတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းနဲ့ မဟာမိတ်ဖွဲ့နိုင်ဖို့သာ ကြိုးစားနေခဲ့တယ်ဆိုပြီး ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ငါတို့ /သူတို့ (Us/Them) ဆိုတဲ့ အုပ်စုခွဲခြားမှု မရှိပဲ အမျိုးသားရင်ကြားစေ့ရေးကိုသာ အမြဲတစေ ရှေးရှုခဲ့သူဖြစ်တယ်ဆိုတာကို သူ့လုပ်ရပ်တွေ သူ့ပြောဆိုမှုတွေ မှာ အထင်အရှား တွေ့နိုင်ပါတယ်။ သူဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းနဲ့သာမက ကြံ့ခိုင်ရေးပါတီက အခြားသော စစ်ဗိုလ်ချုပ်ဟောင်းတွေ ထိပ်တန်းခေါင်းဆောင်တွေဖြစ်ကြတဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ရော သူရဦးအောင်ကိုတို့နဲ့ပါ ရင်းနှီးသူဖြစ်ပါတယ်။ ပြိုင်ဖက်ပါတီခေါင်းဆောင်တွေ တပ်မတော်ခေါင်းဆောင်ဟောင်းတွေကို မဟာမိတ်ဖွဲ့နိုင်ခြင်းဟာ နည်းဗျူဟာ မှားယွင်းမှုတခု မဟုတ်တာတော့ သေချာပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့အားကိုးနဲ့ သန်းခေါင်ယံ နန်းသိမ်းပွဲမျိုး၊ ပါတီတွင်း အာဏာသိမ်းမှုမျိုးကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးရွှေမန်းနဲ့ မဟာမိတ်ဖွဲ့တဲ့ နည်းဗျူဟာ မှားယွင်းပါတယ်လို့ ဝေဖန်သုံးသပ်တာမျိုးကတော့ အဆိုးမြင်လွန်းရာ ကျပါတယ်။ အဲဒီထက် ဆိုးဝါးပြီး အခြေအမြစ်မဲ့တဲ့ ပုဂ္ဂိုလ်ရေး စွပ်စွဲ ပြောဆိုမှုမျိုးတွေကတော့ သိမ်ဖျင်းတဲ့ နိုင်ငံရေးအောက်လုံးတွေပဲ ဖြစ်ပါလိမ့်မယ်။ တကယ်တမ်း မှားယွင်းသူတွေက အာဏာကို အောက်လမ်းနည်းနဲ့ ရယူလိုသူများသာ ဖြစ်တယ်။ သူတို့ရဲ့ အာဏာရူးသွပ်မှုကြောင့် ရလိုက်တဲ့အရှုံးက အတိုက်အခံပါတီရဲ့ ဆုံးရှုံးမှုထက် ပိုများပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အယုံအကြည်မဲ့မှု၊ မဲဆန္ဒရှင် ပြည်သူတွေရဲ့ အော့နှလုံးနာမှုတွေသာမက နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ သံသယနဲ့ စောင့်ကြည့်ခံရတဲ့ ဂုဏ်သိက္ခာမဲ့တဲ့ အစိုးရတရပ်အဖြစ် လျောကျသွားခဲ့ရတဲ့အထိ အပိုဆုတွေ အများကြီးပေါက် သွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ဖခင်တည်ထောင်ခဲ့တဲ့ တပ်မတော်ဖြစ်တဲ့အတွက် တပ်မတော်ကို ချစ်တယ်လို့ လူသိရှင်ကြား မကြာခဏ ပြောလွန်းတဲ့အတွက် တပ်မတော်အပေါ်မှာ မျက်နှာသာပေးလွန်းသူလို့ နိုင်ငံတကာမီဒီယာအချို့ကတောင် ဝေဖန်ပစ်တင်ခံခဲ့ရသူ ဖြစ်ပါတယ်။ လက်ပံတောင်းတောင်အရေးကိစ္စမှာ ကြားဝင်ဆောင်ရွက်ပေးခဲ့တဲ့အတွက်လည်း သမ္မတဦးသိန်းစိန်ရဲ့ အသုံးချခံရတယ်လို့ အတော်လေး အဝေဖန်ခံခဲ့ရပါသေးတယ်။ သူကတော့ တိုင်းပြည်အတွက် အကျိုးရှိမယ်ဆိုရင် အသုံးချခံနိုင်ပါတယ်လို့တောင် တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ သူ ဦးဆောင်တဲ့ကော်မရှင်က သမာသမတ်ကျတဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်နိုင်မှုကြောင့် တရုပ်အစိုးရကပါ အသိအမှတ်ပြုခဲ့ပြီး နိုင်ငံတော်ဧည့်သည်အဖြစ် တရားဝင် အလည်အပတ် ဖိတ်ကြားခံရတဲ့အခါကျမှသာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအမျှော်အမျှင်ရှိမှုကို မျက်ဝါးထင်ထင် တွေ့မြင်ကြရတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကာချုပ်မင်းအောင်လှိုင် မမွေးခင်ကတည်းက တပ်ထဲရောက်နေခဲ့တဲ့ အငြိမ်းစားဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့လည်း ၁၉၉၄ ခုနှစ်ကတည်းက တွေ့ခဲ့ဖူးတယ်။ ဗိုလ်ချုပ်ခင်ညွန့်၊ ဗိုလ်ချုပ်မောင်အေးစတဲ့ ဘုန်းမီးနေလတောက်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးများနဲ့လည်း ထမင်းတ၀ိုင်းတည်း အတူ စားခဲ့ စကားပြောခဲ့တယ်။ သားစဉ်မြေးဆက် စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ကို အခွင့်အရေးရတိုင်း မဆုတ်မနစ် လုပ်နေခဲ့တာကိုသာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း လူထုခေါင်းဆောင်နဲ့တွေ့ပြီး နိုင်ငံအရေး အဖြေရှာရမယ့်အစား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေး အပစ်အခတ်ရပ်စဲရေးကိုသာ တချိန်လုံး ဦးစားပေးနေခဲ့တဲ့ တပ်မတော်အစိုးရရဲ့ သဘောထားဟာ လက်နက်မဲ့ တိုင်းရင်းသားပြည်သူတွေနဲ့စာရင် လက်နက်ကိုင်ထားသူများကိုသာ အရာသွင်းအလေးထားတဲ့ အာဏာရှင်အဆက်ဆက်ရဲ့မူဝါဒ (Might is Right) ကိုသာ ထင်ဟပ်ခဲ့ပါတယ်။ သဘာဝအရင်းအမြစ်တွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နယ်စားပယ်စားပေးပြီး မျှဝေခံစားကြတဲ့ စစ်ဘုရင်ဝါဒမှာ လက်နက်ကိုင်အဖွဲ့တွေကြားက ကိုယ်ကျိုးစီးပွားကသာ အခရာဖြစ်ပြီး၊ လက်နက်မဲ့တိုင်းရင်းသားပြည်သူတွေကတော့ မြေစာပင်နင်းပြားဘ၀က မတက်နိုင်တော့ပါဘူး။ အဲဒီအပြင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ သည်းခြေကြိုက်စကားလုံးဖြစ်တဲ့ “ငြိမ်းချမ်းရေး (PEACE)” ဆိုတဲ့ခေါင်းစဉ်အောက်ကနေ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ၀င်ဆန့်တဲ့ အစိုးရတရပ် ဖြစ်လာဖို့၊ အကူအညီ အထောက်အပံ့တွေရဖို့နဲ့ အဲဒီကမှတဆင့် နိုင်ငံတကာရင်းနှီးမြုပ်နှံတွေ အလုံးအရင်းဝင်လာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ်” ကြီးဆီကို တက်လှမ်းဖို့ဆိုတဲ့ လမ်းပြမြေပုံကြီးအတိုင်း တဆင့်ချင်း သွားနေကြပေမယ့် လက်ရှိသမ္မတသက်တမ်း ၅ နှစ်အတွှင်းမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ပီပီပြင်ပြင် အကောင်အထည်ဖေါ်နိုင်ခဲ့ခြင်းမျိုး မရှိသေးပါဘူး။ တကယ်တော့ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးကြတယ်ဆိုတာ ဒီနိုင်ငံမှာ အသစ်အဆန်းတခု မဟုတ်တော့ပါဘူး။ တပါတီအာဏာရှင် ဦးနေ၀င်းလက်ထက်ကတည်းက စခဲ့တာပါ။ ဒါပေမယ့် အာဏာရှင်နိုင်ငံရေးဟာ ငှက်ကျားနှုတ်ပလီသလိုမျိုး တကျော့နှစ်ကျော့ တေးကိုသီနေတုန်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်မှာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲနဲ့ လွှတ်တော်နိုင်ငံရေးထဲကို ၀င်လာခဲ့တယ်။ လွှတ်တော်ကိုယ်စားလှယ် သက်တမ်း ၃ နှစ် အတွင်း အခြေခံဥပဒေပြင်ဆင်ရေးကို တစိုက်မတ်မတ် လုပ်ခဲ့တယ်။ လွှတ်တော်တွင်းက မဲနဲ့ပြင်ဖို့ မဖြစ်နိုင်တဲ့အတွက် လွှတ်တော်ပြင်ပက ပြည်သူတွေကို ပညာပေးစည်းရုံးပြီး လူထုလက်မှတ်ပေါင်း ငါးသန်းကျော် ကောက်ယူပြီး အခြေခံဥပဒေပြင်ဆင်ဖို့ ဆန္ဒပြုခဲ့တယ်။ စစ်ဘုရင်တွေက လက်နက်မဲ့ တိုင်းရင်းသားပြည်သူတွေအပေါ် ဘယ်တုန်းကမှ အရေးတယူ မရှိခဲ့သလိုပဲ လူထုလက်မှတ် ငါးသန်းကျော်ဟာလည်း အရေးထားမခံခဲ့ရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်းမှာ နိုင်ငံအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်မယ့်သူတွေ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်ပေါ်စေဖို့ အမျိုးမျိုး အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့်လည်း အခုအချိန်ထိ အရေးပါတဲ့ နိုင်ငံရေးသဘောတူညီမှုတွေ ရရှိခဲ့တဲ့ တွေ့ဆုံဆွေးနွေးမှုမျိုးတွေ မဖြစ်ပေါ်ခဲ့သေးပါဘူး။ ဒါပေမယ့် သူ့ရဲ့အကြမ်းမဖက်လမ်းစဉ်ကိုတော့ နည်းနည်းလေးမှ လက်မလျှော့ခဲ့ပါဘူး။ ပညာရှင်တစ်ယောက်ကို ကိုးကားပြီး အကြမ်းမဖက်တဲ့လမ်းစဉ်အကြောင်းကို သူက ရှင်းပြခဲ့ဖူးပါတယ်။ “အကြမ်းဖက်တဲ့နည်းသုံးလို့ရှိရင် ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ခပ်မြန်မြန် ရောက်ရင်ရောက်မယ်။ ဒါပေမယ့် ဒဏ်ရာဒဏ်ချက်တွေက အင်မတန်များမယ်။ အကြမ်းမဖက်တဲ့နည်း သုံးလို့ရှိရင် ပန်းတိုင်ရောက်ဖို့ကတော့ ပိုပြီးကြာရင်ကြာမယ်။ ဒါပေမယ့် ရောက်တဲ့အခါမှာ ဒဏ်ရာဒဏ်ချက်တွေက အင်မတန်မှ နည်းတဲ့အခါကျတော့ အဲဒီရောက်သွားတဲ့ ပန်းတိုင်ပေါ်မှာ တည်ဆောက်မှုကာလက ဒီလောက်မကြာဘူး ပိုပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ဖြစ်သွားနိုင်တယ်။” လူထုခေါင်းဆောင်ရဲ့ တောင်းဆိုမှုကို တပ်မတော်အစိုးရက အဖက်မလုပ်ခြင်းဟာ လက်နက်မဲ့လူထုကို အဖက်မတန် ဆက်ဆံခြင်းနဲ့ အတူတူပါပဲ။ ဒါပေမယ့် လူထုမျက်နှာကိုကြည့်ရမယ့် အချိန်တချိန်ကိုတော့ ကျရောက်လာရမှာ မလွဲဧကန်ပါပဲ။ ထောင်ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေဟာ ဒေါ်အောင်ဆန်းစုကြည် ဟောခဲ့တဲ့ ကြောက်ရွံ့ခြင်းမှ ကင်းဝေးရာ တရားကို ပြည်သူ သန်းငါးဆယ်ကျော် ရှေ့မှောက်မှာ မျက်ဝါးထင်ထင် ပြနိုင်ခဲ့ကြတယ်။ တက္ကသိုလ် ကျောင်းဆရာ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေ၊ ပညာတတ်ဆရာဝန်တွေ ဆေးဝန်ထမ်းတွေ၊ အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ သူတို့လိုချင်တဲ့အစိုးရကို ရွေးချယ်ဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။ သူတို့မလိုချင်တဲ့ အစိုးရတရပ်က မတရားသဖြင့် ဆက်အုပ်ချုပ်နေမယ် ဆိုရင်တော့ အနက်ရောင်ဖဲကြိုးတွေ တပ်ဆင်ပြီး ဆန္ဒပြဖို့ အသိတရားတွေ နိုးကြားနေကြပါပြီ။ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့အချိန်မျိုးမှာတောင် အချိန်မီ အကာအကွယ် မပေးနိုင်တဲ့အစိုးရမျိုးကို မဲပေးရလောက်အောင်အထိ မဲဆန္ဒရှင်တွေဟာ အသိဥာဏ် မနုံ့နည်းကြတော့ပါဘူး။ အစိုးရဆိုးတရပ်ဆီက နှစ်ပေါင်းများစွာ သင်ကြားခဲ့ရတဲ့ သင်ခန်းစာတွေကြောင့် ဘ၀နဲ့ရင်းပြီး ရခဲ့တဲ့အသိတရားတွေ သူတို့ဆီမှာ ရှိနေခဲ့ပါပြီ။ တမြေထဲဖွား တိုင်းရင်းသားချင်း တိုက်ရတဲ့စစ်ပွဲတွေမှာ အသုံးချခံ မြေစာပင်ဖြစ်ခဲ့ရတဲ့ စစ်သားတွေဟာလည်း စစ်အာဏာရှင် ယန္တရားကြီးကို ဆက်လည်ပတ်ဖို့ ပင်နယံတွေ မဖြစ်ချင်ကြတော့ပါဘူး။ ဒီယန္တရားကြီးကို ရပ်ပစ်လိုက်ဖို့သင့်ပြီဆိုတာကို ဦးရွှေမန်းတို့ ဦးအောင်ကိုတို့လို သူတို့ခေါင်းဆောင် စစ်ဗိုလ်ချုပ်ဟောင်းတွေ ကိုယ်တိုင် ကောင်းကောင်းကြီး သိမြင်နေကြပါပြီ။ အနှစ်၂၀ ကျော် လွဲမှားတဲ့ စီမံအုပ်ချုပ်မှုစနစ်တွေကြောင့် တဖြေးဖြေး ဆိုက်ရောက်လာတဲ့ အထွေထွေ အကျပ်အတည်းတွေဟာ လူထုအုံကြွမှုတွေဖြစ်ပေါ်လာအောင် အချိန်မရွေးတွန်းပို့နိုင်တဲ့ အနေအထားတွေ ဖြစ်ပါတယ်။ ဒါတွေဟာ ဘယ်လိုအစိုးရမျိုးကိုမဆို အကျပ်ရိုက်စေနိုင်တဲ့ အခြေအနေမျိုးတွေပဲ ဖြစ်ပါတယ်။ ကံခေတာ တခုကတော့ စစ်ဗိုလ်ချုပ်တွေအတွက် ဘယ်သူနဲ့မှ စကားမပြောပဲ တံခါးပိတ်ဝါဒနဲ့ ဆိတ်ဆိတ်နေလို့ရတဲ့ခေတ်တွေ ကုန်ဆုံးသွားခဲ့ပါပြီ။ ဆိတ်ဆိတ်နေလိုတဲ့ စစ်ဗိုလ်ချုပ်ကြီးများ စကားပြောတတ်လာအောင် ဆိုရှယ်မီဒီယာတွေက သင်ပြပေးခဲ့ကြပါပြီ။ စစ်ဗိုလ်ချုပ်ကြီးများနဲ့ စကားပြောဖို့ရာ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းရဲ့ ရှိသမျှ အင်အားနဲ့ ကြိုးစားလာခဲ့တာ နှစ်ကာလတွေ ကြာရှည်ခဲ့လို့ ၀န်ထုပ်ဝန်ပိုးတွေတောင် ဖြစ်နေခဲ့ပါပြီ။ နှုတ်ဆိတ်နေတဲ့ စစ်ဗိုလ်ချုပ်ကြီးများကို စကားပြောလာအောင် လုပ်ဖို့ရာ မိမိတို့တဦးချင်းစီမှာရော တာဝန်ကိုယ်စီရှိကြတယ် မဟုတ်ပါလား ၁၉၉၄ ခုနှစ်တုန်းက တွေ့ခဲ့ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့် (ဓာတ်ပုံ – Reuters) by-မွန်မွန်မြတ်

No comments: