Sunday, August 9, 2015

“ရခိုင်ရေဘေးသင့် ပြည်သူများအတွက် အဲပုဂံလေယာဉ်တစ်စီးအပြည့် ဆေးဝါးနှင့် စားနပ်ရိက္ခာများအား ထူးဖောင်ဒေးရှင်းပို့ဆောင်"

“ရခိုင်ရေဘေးသင့် ပြည်သူများအတွက် အဲပုဂံလေယာဉ်တစ်စီးအပြည့် ဆေးဝါးနှင့် စားနပ်ရိက္ခာများအား ထူးဖောင်ဒေးရှင်းပို့ဆောင်" ထူးဖောင်ဒေးရှင်းသည် သြဂုတ်လ(၇)ရက်နေ့က ရခိုင်ပြည်နယ်ရှိ ရေဘေးသင့် ပြည်သူများအတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာများကို Air Bagan လေကြောင်းလိုင်းဖြင့် သွားရောက် လှူဒါန်းခဲ့ပါသည်။ အဆိုပါ ခရီးစဉ်တွင် ကယ်ဆယ်ရေး ပစ္စည်းများ ပိုမိုတင်ဆောင်နိုင်ရန်အတွက် အဲပုဂံလေကြောင်းလိုင်းသည် ပစ္စည်းသယ် လေယာဉ်အဖြစ်(ယာယီ)ပြောင်းလဲ၍ စစ်တွေမြို့သို့ ကူညီ ပို့ဆောင်ပေးခဲ့ပါသည်။ ထူးဖောင်ဒေးရှင်း အမှုဆောင်အရာရှိချုပ် ဦးပေါ်မြင့်ဦး ဦးဆောင်သည့်အဖွဲ့သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မွန်းလွဲ ၃း၂၀ နာရီတွင် စတင်ထွက်ခွာခဲ့ပြီး စစ်တွေလေဆိပ်သို့  ညနေ ၅း၀၀ နာရီ အချိန်တွင် ရောက်ရှိခဲ့ပါသည်။ စစ်တွေလေဆိပ်တွင် ရခိုင်ပြည်နယ် အခြေပြု ထူးဖောင်ဒေးရှင်း နှင့် Apex Petroleum မှ ၀န်ထမ်းများ၊ တပ်မတော်သားများက လေယာဉ်ပေါ်မှ ပစ္စည်းများကို ကူညီသယ်ချပေးခဲ့ပြီး ထူးဖောင်ဒေးရှင်း အမှုဆောင်အရာရှိချုပ် ဦးပေါ်မြင့်ဦးမှ ရခိုင်ပြည်နယ်အစိုးရ၊ ရေဘေး ကယ်ဆယ်ရေး အဖွဲ့ထံ အလှူငွေကျပ်(၁၀)သိန်းနှင့် ကယ်ဆယ်ရေး ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းခဲ့သည်များမှာ ထူးဖောင်ဒေးရှင်းမှ ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် ထူးဖောင်ဒေးရှင်းရုံးချုပ်(ရန်ကုန်)သို့ လာရောက် လှူဒါန်းထားသည့် အလှူရှင်များ၏ အလှူပစ္စည်းများ ဖြစ်ပါသည်။ သြဂုတ်လ(၇)ရက်နေ့က လှူဒါန်းခဲ့သည့် ပစ္စည်းများမှာ ဆန်(၆၀)အိတ်၊ ဆေးဝါးပစ္စည်းများ (၇)အိတ်၊ ငါးသေတ္တာ ဂျပ်ဖာ(၃)ပုံး၊ တိုင်းရင်းဆေး ဂျပ်ဖာ(၁)ပုံး၊ ဘီစကစ်ဂျပ်ဖာ(၁)ပုံး၊ ပန်းကန်+မုန့် ဂျပ်ဖာ(၃)ပုံး၊ အ၀တ်အထည် (၃၅)ထုပ်၊ မီးဖိုချောင်သုံးပစ္စည်းများ(၁)ထုပ်၊ အစားအစာမျိုးစုံ (၁)ထုပ်၊ မုန့်မျိုးစုံ ဂျပ်ဖာ(၁၁)ပုံး၊ ဆပ်ပြာဂျပ်ဖာ(၁)ပုံး၊ အမျိုးသမီးလစဉ်သုံးပစ္စည်းဂျပ်ဖာ(၁)ပုံး၊ ကော်ဖီမစ် ဂျပ်ဖာ(၁)ပုံး၊ ကြာဇံဂျပ်ဖာ(၁)ပုံး၊ ခေါက်ဆွဲဂျပ်ဖာ(၂)ပုံးတို့ ဖြစ်ပါသည်။ အဆိုပါ ပစ္စည်းများကို ရခိုင်ပြည်နယ် အစိုးရ ရေဘေးကူညီရေးအဖွဲ့နှင့် စစ်တွေတွင် အခြေပြုနေသည့် ထူးဖောင်ဒေးရှင်းနှင့် Apex Petroleum ရေဘေးကူညီရေးအဖွဲ့များက ရေဘေးသင့် ပြည်သူများလက်ဝယ်အရောက် ပို့ဆောင်ပေးကြမည် ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (UNFAO) မှ ရခိုင်ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းမည့် High Energy ဘီစကစ် (၁၇၀)ဖာကိုလည်း အခမဲ့ ကူညီ သယ်ဆောင် ပေးခဲ့ပါသည်။

No comments: