Friday, October 7, 2016

ကန်တော်ကြီးတွင် ပြုလုပ်မည့် မီးပုံးပျံဆင်းသည့် ကွင်းသည် လူထုအကျိုးမဟုတ်ဘဲ ပုဂ္ဂလိက အကျိုးစီးပွားဖြစ်နေ၍ အလေးအနက်ထား ဆင်ခြင်သင့်

Posted: October 6, 2016

မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးအပိုင် ငါးပြတိုက် အနီးရှိ ကံ့ကော်ကျွန်းကို အပျော်စီး မီးပုံးပျံဆင်းသည့် ကွင်းသည် လူထုအကျိုး အများဆုံးဖြစ်မည့် အရာ မဟုတ်ဘဲ ပုဂ္ဂလိက အကျိုးစီးပွားဖြစ်နေ၍ အလေးအနက်ထား ဆင်ခြင်သင့်သည်ဟု မင်္ဂလာတောင်ညွန့် မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က အောက်တိုဘာ ၆ ရက်တွင် The Ladies သို့ ပြောသည်။

“ကျွန်တော်တို့ဆီကိုတော့ တိုင်စာပို့ထားတယ်။ တိုင်စာထဲမှာက အရင်ငါးပြတိုက်ဟောင်း နေရာမှာ အမည်မသိတဲ့ ကုမ္ပဏီတစ်ခုမှ မီးပုံးပျံကွင်း တည်ဆောက်ရန်အတွက် သစ်ပင်အလှများကို ခုတ်လဲခြင်းများ ပြုလုပ်တော့မယ်လို့ ကြားသိရတယ်။ ကျွန်တော်တို့လည်း သတင်းတော့ကြားတယ်။ ကြိုးတွေတားထားတာတော့ တွေ့ရတယ်၊ ကျွန်တော်တို့ စုံစမ်းရသလောက်တော့ မီးပုံးပျံကတော့ ပုဂံက မီးပုံးပျံလို လှုပ်သွားတဲ့ မီးပုံပျံမဟုတ်ဘူးပေါ့။ အောက်ကနေ ကြိုးနဲ့ချည်ထားတဲ့ မီးပုံးပျံပေါ့။ တည့်တည့်တက်၊ အဲ့နေရာကိုပဲ တည့်တည့်ဆင်း ဆိုတဲ့ဟာမျိုးပေါ့။ အနည်းနဲ့ အများတော့ ပတ်ဝန်းကျင်က သစ်ပင်တွေ ထိခိုက်မယ့် အခြေအနေတော့ရှိတယ်” ဟု ဦးရန်အောင်က The Ladies သို့ ပြောသည်။

မီးပုံးပျံသည် ပန်းခြံနှင့် ရေကန်ပေါ်သို့ ဖြတ်ကျော် ပျံသန်းမည် မဟုတ်ဘဲ ၊ မြေပြင်မှနေ၍ သတ်မှတ်အမြင့်တစ်ခုသို့ ရောက်လျှင် ရပ်တန့်သွားမည်ဖြစ်သည်။ စီးနင်းလိုက်ပါလာသူများ အနေဖြင့် ကန်တော်ကြီး ၀န်းကျင်တစ်ခွင်ကို အပေါ်စီးမှ ရှုမြင်နိုင်မည်ဖြစ်ပြီး မီးပုံးပျံကို မြေပြင်နှင့် ကြိုးချည်၍ လွှတ်တင်ထားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်ရန်နှင့် အများပြည်သူများ အပန်းဖြေနိုင်ရန်အတွက် ကန်တော်ကြီးပန်းခြံ အတွင်းရှိ စတုရန်းပေ ၄၀၀၀၀ ကျယ်ဝန်းသည့် မြက်ခင်းတစ်ခုကို မီးပုံးပျံကွင်းနေရာ ပြုလုပ်ရန် Myanmar Voyage International Tourism ကုမ္ပဏီက အဆိုပြုထားကြောင်း သိရသည်။
 
“အစိုးရအဖွဲ့ကို မေးတာတော့ သူတို့လုပ်မယ့် နေရာမှာ အပင်တွေတော့ရှိတယ် ။ ဒါပေမယ့် သစ်ပင်အကြီးတွေ မဟုတ်ပါဘူးတဲ့၊  အပင် ၄၀ လောက်ကိုတော့ နေရာပြောင်းရွှေ့ပြီး စိုက်ရမယ် ။ သစ်ပင်အကြီးတွေ ခုတ်မှာ မဟုတ်ပါဘူးလို့ ပြောတယ်” ဟု အမည်မဖော်လိုသူ တိုင်းလွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

အဆိုပါကိစ္စအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ အပါအ၀င် အရပ်ဘက် အဖွဲ့အစည်းအချို့မှ ကန့်ကွက်ရန် စီစဉ်နေသည်ဟု သတင်းများထွက်ပေါ်နေသည်။

ဇော်မင်းထွန်း
The Ladies News

No comments: