Saturday, September 24, 2016

ဆန္ဒပြရာတွင် ငွေပေးစည်းရုံးခြင်း မပြုရဟု ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်

Posted: September 24, 2016

ငြိမ်းချမ်းစွာ စုဝေးခြင်း၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးရာတွင် ငွေကြေး၊ သို့ မဟုတ် ပစ္စည်း တစ်စုံတစ်ရာ ပေး၍ သွေးဆောင်ခြင်း မပြုရဟူသည့် ပုဒ်မအား ဥပဒေတွင် ထည့်သွင်းရန် အတည်ပြုခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာ ၂၃ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ငြိမ်းချမ်းစွာစုဝေးခြင်း၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းအား ဆွေးနွေးရာတွင် လွှတ်တော်နှစ်ရပ်လုံးက သဘောထား ကွဲလွဲနေသည့် ကွဲလွဲချက်ရှစ်ခုရှိပြီး အဆိုပါငွေကြေး၊ သို့ မဟုတ် ပစ္စည်း တစ်စုံတစ်ရာ ပေး၍ သွေးဆောင်ခြင်း မပြုရဟူသည့် ပုဒ်မသည်တစ်ခုအပါအ၀င် ဖြစ်ခဲ့သည်။

 

ဥပဒေကြမ်း၏ ပုဒ်မ ၄(စ)၊ ပုဒ်မ ၁၀ (ည)၊ ပုဒ်မ ၁၀ (ခ)၊ ၁၀ (ဂ)၊ ၁၀ (ဈ)၊ ပုဒ်မ ၁၂ နှင့် ပုဒ်မ ၂၅ တို့ တွင် လွှတ်တော် နှစ်ရပ်တို့ သဘောကွဲလွဲခဲ့ကြပြီး ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီသည် ပြည်သူ့ လွှတ်တော်၏ ပြင်ဆင် အတည်ပြုချက် ခြောက်ခုနှင့် အမျိုးသား လွှတ်တော်၏ ပြင်ဆင်ချက်တစ်ခု တို့ ကို သဘောတူခဲ့ပြီး သီးခြားဖြည့်စွက်ချက် တစ်ခုကိုလည်း ပြင်ဆင် အတည်ပြုခဲ့သည်။

 

“ငြိမ်းချမ်းစွာ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း ပြုရာတွင် သူတစ်ဦးဦးအား ငွေကြေး၊ သို့ မဟုတ် ပစ္စည်း တစ်စုံတစ်ရာ ပေး၍ ပါဝင်စေခြင်း၊ ငွေကြေး၊ သို့ မဟုတ် ပစ္စည်း တစ်စုံတစ်ရာ လက်ခံ၍ ပါဝင်ခြင်းတို့  မပြုလုပ်ရ” ဟူ၍ ပုဒ်မ ၁၀ (ဈ) တွင် အမျိုးသား လွှတ်တော်က ပြင်ဆင် အတည်ပြုခဲ့ခြင်းကို ပြည်သူ့လွှတ်တော်က ထို ပုဒ်မ တစ်ခုလုံးအား ပယ်ဖျက်ထားသော်လည်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ကော်မတီက စာသားအသစ်များ ပြောင်းလဲ ဖြည့်စွက်ခဲ့သည်။

 

ပြင်ဆင်ဖြည့်စွက်လိုက်သည့် စာသားမှာ “ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း တို့  ပြုလုပ်စေရန် မရိုးမဖြောင့်သော သဘောဖြင့် သူတစ်ဦးဦးအား ငွေကြေး၊ သို့ မဟုတ် ပစ္စည်း တစ်စုံတစ်ရာ ပေး၍ သွေးဆောင်ခြင်း မပြုရ” ဟု ဖြစ်သည်။

 

ဥပဒေကြမ်း ပူးပေါင်း ကော်မတီက အမျိုးသားလွှတ်တော်က အတည်ပြုထားသည့် စာသားကို ပြင်ဆင်ရခြင်းနှင့် ပတ်သက်ပြီး “ငွေ သို့ မဟုတ် ပစ္စည်းပေးခြင်း၊ ယူခြင်း လို့ သုံးထားရင် စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ရာမှာ အဝေးက လာရသူတွေကို ခရီးစရိတ်ပေးရတာ၊ ရင်ထိုး ပစ္စည်းပေးရတာတွေ ရှိနိုင်တော့ အရေးယူခံရနိုင်ပါတယ်။ ဒါကြောင့် ငွေကြေး သို့ မဟုတ် ပစ္စည်း တစ်စုံတစ်ရာ ပေး၍ သွေးဆောင်ခြင်း မပြုရလို့ ပြင်ဆင်ရတာပါ” ဟု ရှင်းပြခဲ့သည်။

 

ထိုပုဒ်မ ၁၀ (ဈ)အတွက် ဆန္ဒမဲ ရယူသည့်အခါ ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ ပြင်ဆင် အတည်ပြုချက်ကို ထောက်ခံမဲ ၂၂၅ မဲ၊ ကန့်ကွက်မဲ ၁၆၀၊ ကြားနေ ၁၆၁ မဲရရှိခဲ့သည်။ ပြည်ထောင်စု လွှတ်တော်၏ ဆန္ဒမဲရလဒ်တို့ တွင် ပွတ်ကာသီကာ အနိုင်ရခြင်း၊ ကြားနေမဲများ ပုံမှန်ထက် များနေခြင်းတို့  ရှိကြောင်း သိရသည်။

 

စိုင်းဟန်

The Ladies News

No comments: