Friday, October 7, 2016

ခရိုင်၊ မြို့နယ် ထွေ/အုပ်များ ပွဲလမ်းသဘင် ကျင်းပရန် အလှူခံခွင့် မရှိ

နေပြည်တော်၊ အောက်တိုဘာ ၆

မြန်မာ့ရိုးရာ ဆယ်နှစ်လ ရာသီ ပွဲတော်များနှင့် ဒေသတွင်း အားကစား ပွဲတော်များ ကျင်းပရန်အတွက် ခရိုင်၊ မြို့နယ် ထွေ/အုပ်များကို ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် စီးပွားရေး လုပ်ငန်းရှင်များထံမှ အလှူငွေ ကောက်ခံရန် ခွင့်ပြုထားခြင်း မရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။

အောက်တိုဘာ ၆ ရက်နေ့က ပြုလုပ်သော ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး ၄၆ ရက်နေ့တွင် ရွှေဘိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေဇင်လတ်က ခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများ အနေနှင့်  မြန်မာရိုးရာ ဆယ်နှစ်လ ရာသီ ပွဲတော်များ၊ နိုင်ငံတော် အထိမ်းအမှတ် အခမ်းအနားများနှင့် ဒေသတွင်း အားကစား ပြိုင်ပွဲတို့အတွက် သီးသန့် ရန်ပုံငွေ တစ်ရပ် ထူထောင်ပြီး ကျင်းပပေးရန် ရှိ၊ မရှိနှင့် ပတ်သက်ပြီး မေးမြန်းမှုကို ပြည်ထဲရေး ဒုဝန်ကြီးက အထက်ပါအတိုင်း ပြန်လည် ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

“ပြည်ထဲရေး ဝန်ကြီးဌာန အနေနှင့် သက်ဆိုင်ရာခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများကို အဆိုပါပွဲ လမ်းသဘင်များ ကျင်းပနိုင်ရေးအတွက် တာဝန်ပေးအပ်ခြင်း မရှိသကဲ့သို့ ဒေသ ဆိုင်ရာများကိုလည်း ခွဲတမ်း ချခြင်း၊ ဒေသခံ စီးပွားရေး လုပ်ရှင်များထံမှ အလှူငွေ ကောက်ခံခြင်းများ လုပ်ဆောင်ခွင့်ပြုထားခြင်းများ မရှိဟု ဗိုလ်ချုပ်အောင်စိုးက ဖြေကြားသည်။

“သက်ဆိုင်ရာ မြို့နယ် ခရိုင်တွေမှာ ပွဲလမ်းသဘင်တွေကို အကြောင်းပြပြီး မသမာသော ငွေပေးငွေယူမှုတွေ လာဘ်ပေး လာဘ်ယူမှုတွေ ပေါ်ပေါက်လာခဲ့ရင် ပေါ်ပေါက်မှုအပေါ်မှာ ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် အစိုးရများဖြင့် ပေါင်းစပ်ပြီး လိုအပ်တဲ့ စုံစမ်း စစ်ဆေးခြင်း အရေးယူ ဆောင်ရွက်ခြင်းများ ပြုလုပ်သွားမယ်”ဟု ပြည်ထဲရေး ဒုဝန်ကြီးက ရှင်းပြသည်။

တိုင်းဒေသကြီး မြို့နယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများအတွင်း အထိမ်းအမှတ် ပွဲတော်များ၊ ပွဲလမ်းသဘင်များ၊ အားကစား ပွဲတော်များ ပြုလုပ်ရာတွင် ကုန်ကျငွေများကို သက်ဆိုင်ရာ အစိုးရအဖွဲ့များ၏ နှစ်စဉ် ရန်ပုံငွေ စာရင်းမှ တင်ပြသုံးစွဲခြင်းကို ခွင့်ပြုထားပြီး ပြည်ထဲရေး ဝန်ကြီးဌာန အနေဖြင့် သီးသန့် ရန်ပုံငွေ ထူထောင်ရန် မရှိကြောင်း အဆိုပါ ဝန်ကြီးဌာနမှ သိရသည်။

ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများသည် ပွဲလမ်းသဘင်များ ပြုလုပ်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ခွင့်ပြုချထားပေးသော သီးသန့် ရန်ပုံငွေ မရှိခြင်းကြောင့် ဒေသတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများထံမှ အလှူငွေများ အချိုးချ ထည့်ဝင်ရခြင်း၊ ဒေသတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များထံမှ အလှူငွေများ ကောက်ခံ၍ ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ရွှေဘိုမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေဇင်လတ်က ဆိုသည်။

“ယခင်အစိုးရ အဆက်ဆက်မှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေထံက ခွဲတမ်းနဲ့ ကောက်ခံခဲ့တာ ရှိတယ်။ ပွဲလမ်းသဘင် ကျင်းပဖို့အတွက် စီးပွားရေး လုပ်ငန်းရှင်တွေထံက အလှူငွေ ကောက်ခံတာလည်း ရှိတယ်”ဟု မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

အလားတူ အစိုးရ ဌာနဆိုင်ရာများက ဦးစီးကျင်းပသော ပွဲတော်များ ရန်ပုံငွေအဖြစ် ပြက္ခဒိန်များကို သက်ဆိုင်ရာ ဝန်ထမ်းများက ပြင်ပလူပုဂ္ဂိုလ်များထံ ရောင်းချခြင်းများ ပြုလုပ်ခဲ့ရကြောင်း ရဲဝန်ထမ်း တစ်ဦးက ဆိုသည်။

No comments: