Friday, October 7, 2016

သုံးဘီးတွဲယာဉ်များ ယခုလကုန် စတင်ဖျက်သိမ်းမည်

ကလေးမြို့ စစ်ကိုင်း

စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း ပြေးဆွဲနေသည့်သုံးဘီးဆိုင်ကယ်တွဲယာဉ်များ ယခုလကုန်မှစတင်ပြီး ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(ကလေး)မှ ရဲအုပ်ငြိမ်းစိုးက ပြောသည်။

သုံးဘီးဆိုင်ကယ်တွဲယာဉ်များသည် တရားဝင်လိုင်စင်မရှိခြင်း၊ လိုင်စင်လုပ်ပေးရာတွင်လည်း ဆိုင်ကယ်လိုင်စင်သာ လုပ်ပေးနိုင်ခြင်း၊ ဆိုင်ကယ်ဘေးတွဲ လိုင်စင်ထုတ်ပေးရန် နိုင်ငံတော်က သတ်မှတ်ပြဌာန်းထားသည့်ဥပဒေမရှိခြင်းတို့အတွက် ကလေးခရိုင် ယာဉ်စီးကမ်းလမ်းစည်းကမ်းကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ယာဉ်အန္တရာယ်လျော့နည်းစေရန် စီစဉ်ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

"လိုင်စင်မရှိတဲ့အတွက် ဖျက်သိမ်းရမှာပါ။ အောက်တိုဘာလကိုတော့ ပညာပေးကာလအဖြစ် သတ်မှတ်ထားပါတယ်။ဒီလကုန် နောက်လထဲ ရောက်ရင်တော့မောင်းနေတာ တွေ့တာနဲ့ သိမ်းဆည်းသွားမှာပါ" ဟု ရဲအုပ်ငြိမ်းစိုးက ထပ်မံပြောဆိုသည်။

ကလေးမြို့နယ်အတွင်း သုံးဘီးဆိုင်ကယ်တွဲယာဉ်ပေါင်း ရာကျော်ရှိနေပြီး သုံးဘီးဆိုင်ကယ်တွဲယာဉ်များ ဖျက်သိမ်းရပါက အခြေခံလက်လုပ်လက်စား လူတန်းစားများ၏ မိသားစု စားဝတ်နေရေးခက်ခဲသွားနိုင်သည် ဟု သုံးဘီးဆိုင်ကယ်တွဲယာဉ်မောင်းတစ်ဦးက ပြောသည်။

ဓာတ်ပုံ - ငြိမ်းသူမင်း

No comments: