Friday, July 3, 2015

ကချင်ပြည်နယ်မှာရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဘယ်သူတွေက စိုက်ပျိုးပြီး ဘယ်သူတွေက ထုတ်လုပ် နေတာလဲ ========================================

 · 

ကချင်ပြည်နယ်မှာရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဘယ်သူတွေက စိုက်ပျိုးပြီး ဘယ်သူတွေက ထုတ်လုပ် နေတာလဲ
========================================
3, July, 2015 By Voice Of Kachin

ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးများမျိုးစုံကို နေ့စဉ်နှင့်အမျှ ဖမ်းဆီးရမိနေပြီး အသက်အရွယ်မရွေး သုံးစွဲနေကြောင်း သိရှိရပါသည်။ သုံးစွဲနေသူ အများစုမှာ ကချင်လူမျိုးများ အများဆုံး ဖြစ်နေကြောင်း သိရှိရသည်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က လိုင်ဇာမှာ အခမ်းအနားတစ်ရပ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ၎င်းအခမ်းအနားကို KIO ဥက္ကဌ ဦးဇောင်းဟရား ဦးစီးတက်ရောက်ပြီး တော်လှန်ရေး မိန့်ခွန်းပြောခဲ့တယ်လို့ သိရတယ်။ ထိုအခမ်းအနား ပြုလုပ်တဲ့နေရာကတော့ KIA/KIO ဌာနချုပ်ဟောင်း ယခင်က လောင်းကစားနှင့် မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားရာနေရာ လိုင်ဇာမြို့ဖြစ်ပြီး အစည်းအဝေးခန်းမအဖြစ် လောင်းကစားရုံကို အသုံးပြုပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။

KIO ဥက္ကဌ ဦးဇောင်းဟရားက တော်လှန်ရေးမိန့်ခွန်းထဲမှာ မူးယစ်ဆေးဝါးနဲ့ပက်သက်ပြီး ရရှိထားတဲ့ အမဲစက်ကို တိုက်ဖျက်ကြပါစို့လို့ ဆိုပါတယ်။ မူးယစ်ဆေးဝါးနှင့် ပက်သက်၍ KIA/KIO ထိပ်သီးခေါင်းဆောင် များအား ပြည်ပနိုင်ငံများမှ ဖိအားပေးခံရမှုတွေ၊ အထင်သေးခံရတာတွေ ရှိခဲ့တယ်လို့ ဦးဇောင်းဟရားက ပြောပါတယ်။

နောက်တစ်ချက်ကတော့ ကချင်မောင်မယ်လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲနေတာတွေ တွေ့နေရတယ်လို့ ၀န်ခံပြောသွားပါတယ်။ မူးယစ်ဆေးဝါးဟာ ၀မ်ပေါင်အမျိုးသား အမျိုးသမီးတွေကို ၀ါးမြိုနေပြီလို့ ပြောခဲ့ပါတယ်။ ဒါကြောင့် ၀မ်ပေါင်နိုင်ငံထူထောင်ရေးအတွက် မူးယစ်ဆေးဝါး တိုက်ခိုက်ရေးကို တာဝန်တစ်ရပ်လို လုပ်ဆောင်ကြရမယ်လို့ မိန်းခွန်းမှာ ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

KIO ဥက္ကဌဟာ ပါးစပ်ကနေတိုက်ဖျက်နေပြီး လက်တွေ့မှာတော့ ကိုယ်တိုင်စိုက်ပျိုးပြီး ကိုယ်တိုင်ထုတ်လုပ်ကာ သုံးဆွဲ၊ ရောင်းချနေကြောင်း သိရှိရပါတယ်။ KIA/KIO ဟာ ဖော်ရှိုးအနေနဲ့ ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ကို KIO ဌာနချုပ် လိုင်ဇာမြို့မှာ ကျင်းပခဲ့ပါတယ်။

အဲ့ဒီနေ့မှာ KIA/KIO က လိုင်ဇာမှာရှိတဲ့ ပြည်သူလူထု ၇၀၀ ကျော်နဲ့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များ ရှေ့မှာ ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု မြန်မာကျပ်ငွေ သိန်း (၉၀)ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးပြခဲ့တယ်လို့ ဗိုလ်မှူးကြီး နော်ဘူ နဲ့ ဗိုလ်မှူး ဂမ်ဘားက ပြောကြားခဲ့ပါတယ်။

KIA/KIO အနေနဲ့ တစ်နှစ်တာဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးဟာ မြန်မာကျပ်ငွေ သိန်း(၉၀) ကျော်သာရှိပြီး အစိုးရ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ကချင်ပြည်နယ် လုံးခင်းမှာ(၁)ရက် ထဲနဲ့ မြန်မာကျပ်သိန်းပေါင်း (၂၂၀၀၀)ကျော်ကို ဖမ်းဆီးပြလိုက်ပါတယ်။ နေ့စဉ်နှင့်အမျှလည်း ဖမ်းဆီး အရေးယူနေတာတွေ ရှိပါတယ်။ KIA/KIO အနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုပြီး ဖော်ရှိုးပြကာ နောက်ကွယ်မှာတော့ မူးယစ်ဆေးဝါးများကို စိုက်ပျိုးထုတ်လုပ်နေကြောင်း သိရှိရပါတယ်။

KIA ထိန်းချုပ်နယ်မြေအတွင်းရှိ တောင်ယာတွေ တော်တော်များများဟာ ဘိန်းစိုက်ခင်းတွေ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ “KIA ဟာ ဘိန်းကို ကိုယ်တိုင်လဲ စိုက်တယ်… ရွာသားတွေကိုလဲ ဘိန်းမျိုးစေ့ပေးပြီး စိုက်ခိုင်းတယ်... ပြီးတော့ ဘိန်းစိုက်ခင်းတွေကို ဆက်ကြေးပြန်ကောက်တယ်… ဘိန်းထွက်ချိန်ရောက်တော့ ကယ်ရီလုပ်တယ်၊ ဆက်ကြေးပြန်တောင်းတယ်၊ ပြည်ပကိုလဲပို့ပေးတယ်” ဟု ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ တရားခံများမှတဆင့် သိရှိရပါတယ်။

မူးယစ်ဆေးဝါးများကို ထုတ်လုပ်ရာနေရာတွေဟာ KIA/KIO ထိန်းချုပ်ရာ ဒေသတွေ ဖြစ်တယ် ဆိုတာ ကချင်တမျိုးသားလုံး သိထားပြီးဖြစ်ပါတယ်။ ယခင် KIA/KIO ဌာနချုပ် လိုင်ဇာမြို့ဟာ လောင်းကစားနဲ့ မူးယစ်ဆေးဝါးမြို့တော် ဖြစ်တယ်ဆိုတာ ရောက်ဖူးသူတိုင်း သိထားပြီးဖြစ်ပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးကို အမြစ်ပြတ် တိုက်ဖျက်မယ်ဆိုရင်တော့ ဘိန်းစားပြီး လက်နက်ကိုင်ကာ ဓါးမြတိုက်နေတဲ့ KIA/KIO တွေကို အရင်ဆုံး တိုက်ထုတ်ရမှာပဲ ဖြစ်ပါတယ်။

Like

No comments: