မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, July 17, 2015
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ တစ်နေ့တည်းမှာ တစ်ပြိုင်နက်နီးပါး ဖြစ်သွားခဲ့တာတွေကို ရုပ်ရှင်ဖလင်ပြားများလို ဆက်စပ်ကြည့်လိုက်လျှင်... **************
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့
တစ်နေ့တည်းမှာ တစ်ပြိုင်နက်နီးပါး
ဖြစ်သွားခဲ့တာတွေကို
ရုပ်ရှင်ဖလင်ပြားများလို ဆက်စပ်ကြည့်လိုက်လျှင်...
**************
နံနက် ၉နာရီ မိနစ်၂၀၌
Strand Hotel
(ယခု ကမ်းနားဟိုတယ်)၏
အခန်းအမှတ် ၁၀၁တွင် ဗြိတိသျှ
ကောင်စီက မစ္စတာ ဘင်ဂလေ
တစ်ယောက် ကော်ဖီ သောက်နေသည်။
တကယ်တော့ ဗြိတိသျှ ကောင်စီ
ဆိုတာ အင်္ဂလိပ် ထောက်လှမ်းရေး
လက်အောက်ခံပင်။
ယနေ့ခေတ် ဂျိမ်းစ်ဘွန်းတို့လို ထောက်လှမ်းရေးတွေ၊
သူလျှိုတွေ ကောင်းကောင်း အလုပ်လုပ်နိုင်အောင်
သတင်းစုဆောင်းဖို့၊
နောက်ကွယ်က ကြိုးကိုင်ဖို့ ဟန်ပြ ဖွဲ့ထားသည့် ကောင်စီဖြစ်၏။
မစ္စတာ ဘင်ဂလေကို နာမည်ပြောင် လန်ဘားဟုခေါ်သည်။
Tall Man ဆိုပါတော့။
သူနှင့်ဦးစောက အဆက်အသွယ်ရှိသည်။
သူတို့ နှစ်ယောက်ကြားက လျှို့ဝှက်စကားက ငှက်ပျောသီး ဖြစ်သည်။
အဆက်အသွယ် လုပ်လျှင်
Green Tea (ရေနွေးကြမ်း)ဟု ဦးစွာပြောရသည်။
မစ္စတာ ဘင်ဂလေ တစ်ယောက်
ကော်ဖီသောက်ရင်း ရေနွေးကြမ်း
မျှော်နေလေသည်။
မြန်မာပြည် ကွပ်ကဲမှု စစ်ဌာနချုပ်
ထဲသို့ စစ်တပ်သုံး ဂျစ်ကားတစ်စင်း
ထိုးဆိုက်လာသည်။
တပ်ထိန်း အရာရှိ ဗိုလ်မှူးမိုးရ်ဖြစ်သည်။
သူက ခပ်သွက်သွက် ရုံးလှေကားအတိုင်း
ပြေးတက်သွား၏။
လှေကားထိပ် ညာဖက် ဒုတိယမြောက်
အခန်းရှေ့မှာ မိုးရ်ရပ်လိုက်ပြီး
သူ့ယူနီဖောင်းကို သပ်သပ်ရပ်ရပ်
ဖြစ်အောင် ပြင်လိုက်၏။
ပြီးတော့ ခပ်ဆတ်ဆတ် တံခါးနှစ်ချက် ခေါက်လိုက်၏
။ ရုံးစားပွဲတွင် ထိုင်နေသော ဗိုလ်မှူးချုပ်
ဘရစ်ဂ်ျက ၀င်ခဲ့ဖို့ ပြောသည်။
ဗိုလ်မှူးမိုးရ် အခန်းထဲသို့ ၀င်လာပြီး
အလေးပြုလိုက်သည်။
ပြီးတော့ အိတ်ထဲမှာ သပ်သပ်ရပ်ရပ်
ထည့်လာသော စာအိတ်တစ်လုံးကို
လက်နှစ်ဖက်ဖြင့် တရိုတသေ ပေး
လိုက်၏။
ဗိုလ်မှူးချုပ် ဘရစ်ဂ်ျက ချက်ချင်း
ဖောက်ဖတ်ပြီး မျက်ခုံးနှစ်ဖက်
တွန့်တက်သွားသည်။
ဗိုလ်မှူးမိုးရ်ကို သူနှင့်အတူ လိုက်ခဲ့ဖို့
ခေါ်လိုက်ပြီး အခန်းထဲက
ခပ်သွက်သွက် ထွက်သွားတော့၏။
ပထမထပ် လူသွားစင်္ကြံတစ်လျှောက်
သူတို့နှစ်ယောက်၏ စစ်ဖိနပ်သံက
အရေးတကြီး အလျင်စလို ဖြစ်နေမှန်း
သက်သေခံနေသည်။
(စစ်ဦးစီး အရာရှိချုပ် ရုံးခန်း)
ဟုဆိုင်းဘုတ် ချိတ်ထားသော
အခန်းကြီးရှေ့ ရောက်တော့
ဗိုလ်မှူးချုပ် ဘရစ်ဂ်ျက တံခါးခေါက်လိုက်၏။
ရဲဘော် တစ်ယောက်က
တံခါးဖွင့်ပေးလိုက်တော့ ဗိုလ်မှူးချုပ်
ဘရစ်ဂ်ျနှင့် ဗိုလ်မှူးမိုးရ်တို့ အတွင်းခန်း
သို့ ခပ်သွက်သွက် ၀င်သွား၏။
ဆက်တီ ကုလားထိုင်မှာ
ဆေးပြင်းလိပ် ခဲနေသော စစ်ဦးစီး
အရာရှိချုပ် ဗိုလ်ချုပ်ဂျုစ်က ထိုင်ကြဖို့
လက်ဟန်ပြလိုက်၏။
ဗိုလ်မှူး ချုပ် ဘရစ်ဂ်ျက မထိုင်၊
လက်ထဲ က စာအိတ်ကို ကမ်းပေးလိုက်
သည်။
ဒီတော့ ဗိုလ်ချုပ်ဂျုစ်က စာထုတ်ဖတ်လိုက်၏။
စာဖတ်နေသည့် သူ့ဟန်က
ပေါ့ပေါ့ပါးပါး။
ပြီးတော့ ခေါင်းတစ်ချက် ညိတ်ပြပြီး ဗိုလ်မှူးချုပ် ဘရစ်ဂ်ျတို့ကို ပြန်စေလိုက်တော့သည်။
အခန်းတံခါး ပိတ်သံ ကြားတော့မှ ဗိုလ်ချုပ်ဂျုစ်က စောစောက စာအိတ်ကို မီးရှို့လိုက်တော့သည်။
ပြီးနောက် ဖုန်းဆက်လိုက်၏။
ဗိုလ်ချုပ် သောမတ်စ်က ဖုန်းကောက် ကိုင်လိုက်သည်။
တစ်ဖက်က စကားပြောသံကို သေသေချာချာ ဂရုတစိုက် နားထောင်၏။
ပြီးသည်နှင့် အိုကေစိတ်ချဟု တစ်ခွန်းထဲသာ ပြန်ပြောလိုက်သည်။
ထို့နောက် သူ၏ ကိုယ်ရံတော် အရာရှိ ဗိုလ်သန်းဝင်းကို လှမ်းခေါ်လိုက်ပြီး အတွင်းဝန်များ ရုံးသို့ သွားမည်ဟု ပြောသည်။
ဗိုလ်သန်းဝင်းက လိုလိုမယ်မယ်
မိုးကာ အင်္ကျီတစ်ထည် ကောက်ယူ
လိုက်လေသည်။
ပြီးတော့ ဆရာတပည့် နှစ်ယောက် ရုံးခန်းတွင်းမှ ထွက်ခဲ့တော့သည်။
အလုပ်သမား သမဂ္ဂမှ
သခင် ၀တင်ကြီးက ဗိုလ်ချုပ်နှင့် တွေ့ချင်နေတာ ကြာပြီ။
အလုပ်သမားတွေ၏ အရေးကိစ္စနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ အကြံဉာဏ်ကို လိုချင်သည်။
ဆိတ်ဖြူမှာ၊
ပခုက္ကူမှာ
ပြဿနာလေးတွေက
တစ်ခုပြီးတစ်ခု တက်နေသည်။
ဗိုလ်ချုပ်ကလည်း
လာခဲ့ဖို့ ပြောထားသည်။
ဖြစ်ချင်တော့ စနေနေ့ကြီး
ဗိုလ်ချုပ်က အစည်းအဝေး လုပ်နေ
သည်တဲ့။
ဗိုလ်ချုပ်၏ ကိုယ်ရေး အရာရှိ
ဗိုလ်ထွန်းလှက စောင့်နေဖို့ ပြောသည်။
သူ မစောင့်ချင်၊
တခြား လုပ်စရာလေးတွေ ရှိသေး၏။
ပန်းဆိုးတန်းဖက်ကို သွားမည်။
ပြီးမှ ပြန်လာမည်ဟု ပြောပြီး
ဗိုလ်ထွန်းလှကို နှုတ်ဆက်ကာ ထွက်လာခဲ့တော့သည်။
စပတ်လမ်း
(ယခု ဗိုလ်အောင်ကျော်လမ်း)
ထွက်ပေါက် ရောက်တော့မှ
သူ့မိုးကာအင်္ကျီ ကျန်ခဲ့မှန်း
သတိရသွားသည်။
ပြန်လာမှ ယူပါတော့မယ်လေဟု စိတ်ပိုင်းဖြတ်ကာ ရှေ့ခရီး ဆက်လိုက်တော့သည်။
ဗိုလ်သန်းဝင်းက ဗိုလ်ချုပ် သောမတ်စ် ခိုင်းထားသည့်အတိုင်း ဗိုလ်ထွန်းလှ ရုံးခန်းသို့ တက်ခဲ့သည်။
ဗိုလ်ချုပ် သောမတ်စ်က
ဦးထွန်းလှအောင် အခန်းမှာနေခဲ့ပြီး
သူ့ကို ဘာကြောင့် ဗိုလ်ထွန်းလှဆီ သွားဖို့ခိုင်းလိုက်မှန်း သူမသိ။
သူနှင့် ဗိုလ်ထွန်းလှ အကြား
ထူးထူးခြားခြား ဘာကိစ္စမှမရှိ
။ ဗိုလ်ချုပ် သောမတ်စ်က
အစည်းအဝေးလုပ် ဖြစ်မဖြစ်ဆိုတာရယ်၊
ဘယ်သူတွေ တက်တယ်ဆို
တာရယ် မေးခဲ့လို့ ခိုင်းတော့
ဒါသည်ပင် တာဝန်ပေးတာဟု ဆိုရပေတော့မည်။
တကယ်တော့ မနက်ကတည်းက ဗိုလ်သန်းဝင်း ဘာမှမစားရသေး။
တော်တော်ဆာနေပြီ။
ထို့ကြောင့် ဗိုလ်ထွန်းလှကို တစ်ခုခု ၀ယ်ကျွေးဖို့ ပူဆာလိုက်ရ၏။
ဗိုလ်ထွန်းလှက ရဲဘော်လှမောင်ကို ထမင်းပေါင်း တစ်လုံးနှင့် ဆန်ပြုတ်
တစ်ခွက် အ၀ယ်ခိုင်းလိုက်သည်။
ဗိုလ်သန်းဝင်းက သူ့မိုးကာအင်္ကျီကို ထိုင်ခုံကျောမှီမှာ ချိတ်ထား လိုက်တော့၏။
ဗိုလ်ချုပ်အောင်ဆန်းနှင့်
အာဇာနည်ကြီးများ လုပ်ကြံခံပြီးချိန်
မှာ ဗိုလ်ချုပ် သောမတ်စ်တို့ အုပ်စု
အလောသုံးဆယ် ထွက်ခွာသွားကြ
သည်။
ဗိုလ်သန်းဝင်းလည်း ပြန်ပါသွားသည်။
ဗိုလ်ထွန်းလှ၏ စားပွဲပေါ်မှ ဆန်ပြုတ်
ပန်းကန်ကတော့ အရာမယွင်းဘဲ
ကျန်ခဲ့တော့သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ခန္ဓာကို
ဗိုလ်ထွန်းလှ၏ အခန်းထဲက
မိုးကာအင်္ကျီ တစ်ထည်နှင့် ထွေးပက်ပြီး ဆေးရုံသို့ သယ်သွားကြလေသည်။
သို့သော် ဗိုလ်ထွန်းလှ၏ ရုံးခန်းထဲမှာ
မိုးကာအင်္ကျီ တစ်ထည်
ကျန်နေပါသေးသည်။
ဗိုလ်သန်းဝင်း၏ အင်္ကျီလား။
သခင် ၀တင်ကြီး၏ အင်္ကျီလား။
ကာယကံရှင်မှသာ သိတော့မည်။
သို့သော် ဘယ်သူမှ ပြန်လာမယူခဲ့။
ဒီနေ့ထက်ထိ ပိုင်ရှင်မပေါ်။
ဗိုလ်ချုပ်၏ ရုပ်အလောင်းကို ထွေးပက်သွားခဲ့သော မိုးကာအင်္ကျီ၏ ပိုင်ရှင်ကရော...ဘယ်သူမှန်းမသိ။
သေချာတာ တစ်ခုကတော့
ထိုနေ့ကစပြီး ဗိုလ်သန်းဝင်း ပျောက်ဆုံးသွားခဲ့တော့သည်။
ဇာဂနာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့

ဇာဂနာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment