Sunday, July 5, 2015

အစိုးရတပ်နှင့် DKBA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများစိုးရိမ်ထိတ်လန့်

ဇူလှိုင်လ ၅ ရက်၊ ၂၀၁၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အနီး၌ ဇူလိုင်လ ၂ ရက်နေ့တွင် မြဝတီ-ကော့ကရိတ် အာရှလမ်းမ သစ်ကြီးတွင် အစိုးရစစ်တပ်နှင့် DKBA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။

မြဝတီမြို့တွင် အာရှလမ်းမကြီးဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော် ဒုတိယသမ္မတ လာရောက်မည် ဖြစ်သော ကြောင့် အစိုးရတပ်များက အာရှလမ်းမကြီးတွင် လမ်းလုံခြုံရေးဆောင်ရွက်ရန် လုပ်ဆောင်နေစဉ် DKBA တပ် များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အစိုးရတပ်တွေက လုံခြုံရေးယူဖို့ လာတယ်ပြောတယ်၊ ဒီလမ်းမကြီးပေါ်ကနေ စောဆန်းအောင်တို့ အဖွဲ့ကို ခေတ္တဖယ်ပေးဖို့ပြောတာပေါ့ အဲဒါကို သူတို့တွေက မဖယ်ပေးဘူး၊ အစိုးရတပ်က အေးအေး ဆေးဆေး ပြောတာပါ၊ ညှိညှိနှိုင်းနှိုင်းပေါ့၊ စောဆန်းအောင်တို့က မဖယ်ပေးဘူးပြောတယ်၊ အဲဒီမှာ သူတို့တွေက အစိုးရ တပ်က အရာရှိကို သေနတ်နဲ့ စပစ်တယ်ပြောတယ်”ဟု ကော့နွဲရွာ ရွာသားတစ်ဦး၏ပြောပြချက်အရသိရသည်။

အဆိုပါ DKBA အဖွဲ့သည် အာရှလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များအား ဆက်ကြေးငွေများ အတင်းအဓမ္မ ကောက်ခံလျက်ရှိကြောင်းလည်း ခရီးသွားပြည်သူများ ထံမှသိရသည်။

“စောဆန်းအောင်ကပြောတယ်၊ လမ်းလုံခြုံရေးအတွက် သူတို့ တာဝန်ယူတယ်ပေါ့၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဗျာ၊ ဟိုတစ်လောကတောင် ဝန်ကြီးချုပ်ယာဉ်တန်းကို တားပြီးတော့ စစ်လားဆေးလား လုပ်သေးတာပဲဗျာ၊ ဘာ နားလည်တာမှတ်လို့၊ အတွေးအခေါ်က ဘာမှရှိတာမဟုတ်ဘူး၊ ဂိတ်ကြေး တောင်းဖို့လောက်ပဲသိတာ”ဟု မြဝတီမြို့မှ ရပ်မိရပ်ဖတစ်ဦးကပြောသည်။
“လမ်းမသစ်ကြီးမှာ သူတို့အဖွဲ့တွေရှိတာ မလုံခြုံဘူးလို့ ခံစားရတယ်၊ အာရှလမ်းမကြီးပေါ်မှာဆိုတော့ တစ်ခြား နိုင်ငံခြားသားတွေ လာခဲ့ရင်လည်း အမြင်မသင့်တော်ဘူးလေ၊ ဒီဒေသမှာလည်း သူတို့ပါပဲ၊ တစ်ခြားအဖွဲ့တွေက အေးအေးဆေးဆေးပဲ၊ သူတို့တွေပဲ ထင်ရာစိုင်းချင်နေတာ”ဟု သင်္ဃန်းညီနောင်မှ ဒေသခံတစ်ဦးက ပြောကြား သည်။
အစိုးရတပ်နှင့် DKBA တပ်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံတိုင်းရင်းသားတို့မှာလည်း စိုးရိမ်ထိတ်လန့် လျက်ရှိပြီး အာရှလမ်းမကြီးပေါ်တွင် ခရီးသွားလာလျက်ရှိသော ခရီးသွားပြည်သူအများစုမှာလည်း သွားလာ နိုင်ခြင်းမရှိကြောင်းနှင့် အစိုးရတပ်များအနေနဲ့ အာရှလမ်းမကြီးပေါ်တွင် ခရီးသွား ပြည်သူများ စိတ်ချမ်းသာစွာ သွားလာနိုင်ရေး လုပ်ဆောင်သင့်ကြောင်း မြဝတီမြို့ခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသွားသည်။

စောကျင်မောင်(ဘားအံ)

ဒေါနမြေ

No comments: