မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, July 16, 2015
ထူးမြတ်သော ၀ိသေသများနှင့် ပြည့်စုံသော ၀ါဆိုလ =================================
ထူးမြတ်သော ၀ိသေသများနှင့် ပြည့်စုံသော ၀ါဆိုလ
=================================
လွန်လေပြီးသော နှစ်ပေါင်း ၂၆ဝဝ ခန့်က မဟာ သက္ကရာဇ် ၁ဝ၃ ခုနှစ် ဝါဆိုလပြည့်နေ့တွင် မြတ်ဘုရား ရှင်သည် ဓမ္မစကြာတရားတော်ကို ဟောတော်မူသည်။ စမ္မစကြာတရားတော်ကို ဟောကြားခြင်းဖြင့် သံဃာရတနာ၊ တရားရတနာများ စတင်ပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် ဝါဆိုလပြည့်နေ့တွင် ဓမ္မစကြာတရားတော်ကြောင့် ဓမ္မနေ့ နှင့် သံဃာနေ့များအဖြစ် တွဲလျက်ပူဇော်ဖွယ်ရာဖြစ်၏။
မြတ်ဘုရားရှင်သည် ဓမ္မစကြာတရားတော်ကို အိန္ဒိယ နိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ ဝါဆိုလပြည့်နေ့ ညနေချမ်းအချိန်တွင် ပဉ္စဝဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ဝန်ခံခဲ့ပြီး ဓမ္မစကြာတရားတော်ကို ဟောကြားလေသည်။
ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားတော်မူသော တရားဒေသနာဖြစ်၍ ပိဋကတ်သုံးပုံအနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။ ဓမ္မ စကြာတရားတော်၏ အနှစ်ကို သုံးသပ်ကြည့်ပါက လမ်းစဉ်နှစ်ခုကို တွေ့ရမည်ဖြစ်၏။ ကာမသုခလိက နုယောဂေါ၊ အတ္တကိလ မထာနုယောဂေါကို ရှောင်ကြဉ် ရေးနှင့် မဇ္ဈိမပဋိပဒါလမ်းစဉ်မှန်၊ သီလမဂ္ဂင်သုံးပါး၊ သမာဓိမဂ္ဂင်သုံးပါး၊ ပညာမဂ္ဂင်နှစ်ပါးကို ကျင့်ဆောင်ရန် တို့ဖြစ်၏။ သစ္စာလေးပါးတရားတော်ကို သိမြင်စေရန် ဟောကြားသောကြောင့် ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော တရားသဘောတို့ကို တွေ့မြင်နိုင်၏။
ဝါဆိုလပြည့်နေ့၏ ထူးမြတ်သော လက္ခဏာတို့ကား-
ပဋိသန္ဓေတည်သောနေ့
တုသိတာနတ်ပြည်၌ ''သေတကေတု'' ဟုအမည်ရှိ သော အလောင်းတော်နတ်မင်းအား နတ်ဗြဟ္မာအပေါင်း တို့က ညီညာစွာစုရုံးလျက် အမိဝမ်းကြာတိုက်၌ ပဋိသန္ဓေ နေတော်မူရန် တောင်းပန်သောနေ့ထူးနေ့မြတ်ဖြစ်ခြင်း။
တောထွက်တော်မူသောနေ့
မဟာသက္ကရာဇ် ၉၇ ခုနှစ် ဝါဆိုလပြည့် တနင်္လာနေ့ တွင် နိမိတ်ကြီးလေးပါးမြင်တော်မူပြီး ဘုရားဖြစ်ရန် အလို့ငှာ သက်တော် ၂၉ နှစ်တွင် တောထွက်တော်မူ သော နေ့ထူးနေ့မြတ်ဖြစ်ခြင်း။
ဓမ္မစကြာဟောကြားသည့်နေ့
မဟာသက္ကရာဇ် ၁ဝ၃ခုနှစ် ကဆုန်လပြည့်နေ့တွင် သမ္မာသဗ္ဗောဓိဥာဏ်ရရှိတော်မူခဲ့၍ သမ္မာသမ္ဗုဒ္ဓဘုရား စင်စစ် ဧကန်ဖြစ်တော်မူခဲ့ခြင်း၊ ဘုရားဖြစ်တော်မူပြီး မဟာ ဗောဓိပင်အနီးတွင် သတ္တဌာနဖလသမာပတ်ဖြင့် ချမ်းသာ စွာ သီတင်းသုံးတော်မူခဲ့သည်။
ဝါဆိုလဆန်း ၁၁ ရက်နေ့တွင် သဟမ္ပဟိဗြဟ္မာမင်း၏ တောင်းပန်မှုကြောင့် တရားစတင်ဟောကြားရန်ဆုံးဖြတ် ခဲ့ရာ ရှေးဦးစွာ ဥရုဝေလမှ တရားကျင့်ဖက် ဆရာလည်း ဖြစ်ခဲ့သော အာဠာရရသေ့နှင့် ဥဒကရသေ့ နှစ်ဦးကို စတင်ဟောကြားရန် ဆုံးဖြတ်ခဲ့ပါသည်။ သို့ရာတွင် ဆရာရသေ့နှစ်ဦးမှာ တစ်ဦးက ၇ ရက်၊ တစ်ဦးက ၁ ရက်စော၍ ကွယ်လွန်ပြီး အရူပဗြဟ္မာဘုံသို့ရောက်နေကြ ပြီး မြတ်ဘုရား၏တရားနာကြားခွင့်မရတော့ပေ။
မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ဝါဆိုလဆန်း ၁၂ ရက် နေ့တွင် ဗုဒ္ဓဂယာမဟာဗောဓိမှ ဗာရာဏသီပြည် မိဂဒါ ဝုန်တောသို့ တပည့်ဟောင်းဖြစ်သော ပဉ္ဓဝဂ္ဂီငါးဦးတို့ အား ဓမ္မစကြာတရားဟောကြားရန် ခရီးထွက်ခဲ့ပါ၏။ ဝါဆိုလပြည့်နေ့၊ စနေနေ့တွင် မိဂဒါဝုန်တောသို့ ရောက် ရှိခဲ့ပြီး ထိုနေ့ညနေချမ်းအချိန်အခါသမယတွင် ပဉ္စဝဂ္ဂီ ငါးဦးတို့အား''ဒွေမေဘိက္ခဝေ'' အစချီလျက် တရားဦးဓမ္မ စကြာကို စတင်မိန့်မြွက်ဟောကြားတော်မူခဲ့သော နေ့ ဖြစ်၍ ထူးမြတ်သောနေ့ဖြစ်ခြင်း။
ဘုရားအဖြစ်ကိုဝန်ခံခြင်း
ဓမ္မစကြာတရားတွင် သစ္စာဥာဏ်၊ ကိစ္စဥာဏ်၊ တက ဥာဏ်ဟု ဆိုအပ်သော ဥာဏ်တော်သုံးပါးစီဖြစ်ပြီး သစ္စာ လေးပါးတရားတော်ဖြစ်သည်။ မြတ်ဘုရားရှင်သည် ထို သို့ ဥာဏ်တော်တစ်ဆယ့်နှစ်ပါးဖြစ်ပေါ်မလာခင်က လူ နတ်ဗြဟ္မာသတ္တဝါတို့ကို ဘုရားဖြစ်ပြီဟု ဝန်မခံသေးပေ။ ထိုဥာဏ်တော်တစ်ဆယ့်နှစ်ပါးထင်ရှားဖြစ်ပေါ်လာသော အခါမှသာ လူနတ်ဗြဟ္မာသတ္တဝါတို့ကို ငါဘုရားဖြစ်ပြီဟု ဝန်ခံတော်မူလေသည်။ ထိုဓမ္မစကြာတရားဟောကြား သောနေ့မှာပင် ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့ ဖြစ်၍ ထူးမြတ်သောဝိသေသလက္ခဏာဖြစ်ခြင်း။
တရားရတနာပေါ်ပေါက်သောနေ့
မြတ်ဘုရားရှင်က ဟောကြားသော ဓမ္မစကြာတရား တော်တွင်ကား သိအပ်သောတရား ဒုက္ခသစ္စာ၊ ပယ်အပ် သောတရား သမုဒယသစ္စာ၊ မျက်မှောက်ပြုအပ်သောတရား နိရောဓသစ္စာ၊ ကြိမ်ဖန်များစွာ ပွားများအပ်သောတရား မဂ္ဂသစ္စာ စသောတရားရတနာ စတင်ပေါ်ပေါက်သော နေ့ဖြင့် ထူးမြတ်သော ဝိသေသကို ဆောင်သောနေ့ဖြစ်ခြင်း။ သံဃာရတနာစတင်ပေါ်ပေါက်သောနေ့
ဘုရားရှင်ဟောကြားတော်မူသော ဓမ္မစကြာတရားတော် အဆုံးတွင် အရှင်ကောဏ္ဍညသည် သစ္စာလေးပါးသိမြင် တော်မူပြီး မြတ်ဘုရားရှင်၏နှုတ်တော်မှ ''ဧဟိဘိက္ခု''ဟု မိန့်တော်မူလိုက်ရာ အရှင်ကောဏ္ဍညသည် သပိတ်၊ သင်္ကန်းပြည့်စုံစွာဖြင့် ရဟန်းဖြစ်ကာ ဗုဒ္ဓသာသနာတော်ဝယ် ရှေးဦးဆုံးသံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ထူး နေ့မြတ်ဖြစ်ခြင်း။
ဧဟိဘိက္ခုစကားကြားရသောနေ့
အရှင်ကောဏ္ဍညသည် ရှေးရှေးဘဝက သပိတ်၊ သင်္ကန်း၊ ပရိက္ခရာ စသည်တို့ လှူဒါန်းခဲ့သောကျေးဇူး ကြောင့် ဓမ္မစကြာတရားတော်အဆုံးတွင် မြတ်ဘုရားရှင်၏ နှုတ်တော်မှ ''ဧဟိဘိက္ခု''ဟူသော စကားတော်ကို မြတ်စွာ ဘုရား၏ သာသနာတော်၌ အဦးဆုံးစတင်ကြားရသော နေ့ထူးနေ့မြတ်ဖြစ်ခြင်း။
ပုထုဇဉ်ဘဝမှ အရိယာသူတော်စင်အဖြစ် ကူးပြောင်းသောနေ့
မြတ်ဘုရားရှင်ဟောကြားတော်မူအပ်သော ဓမ္မစကြာ တရားတော်ကို ပဉ္စဝဂ္ဂီငါးဦးနှင့်တကွ နတ်ဗြဟ္မာအပေါင်း တို့ လွန်စွာနှစ်သက်ကြပေရာ ဓမ္မစကြာတရားတော်အဆုံး တွင် အရှင်ကောဏ္ဍညအပါအဝင် တစ်ဆယ့်ရှစ်ကုဋေ အတိုင်း အရှည်ရှိသော နတ်ဗြဟ္မာအပေါင်းတို့ သစ္စာလေး ပါးသိမြင်၍ ပုထုဇဉ်ဘဝမှ အရိယာသူတော်စင်များအဖြစ် သို့ ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်ခြင်း။
တန်ခိုးပြာဋိဟာပြသောနေ့
မြတ်ဘုရားရှင်သည် မယ်တော်ဖြစ်ခဲ့ဖူးသော မိနတ်သား အား ကျေးဇူးဆပ်အဘိဓမ္မာတရားဟောကြားပြီး တာဝတိံ သာနတ်ပြည်၌ ခုနစ်ဝါမြောက် ဝါဆိုတော်မူခြင်းဖြစ်သည်။
မဟာသက္ကရာဇ် ၁ဝ၉ ခုနှစ် ဝါဆိုလပြည့်နေ့တွင် တာ ဝတိံသာနတ်ပြည်သို့ ကြွတော်မမူမီ မြတ်ဘုရားရှင်သည် ဆန့်ကျင်ဘက် တိတ္တိခေါင်းဆောင် ပုရာဏကဿပနှင့် တန်ခိုးပြိုင်၏။ မြတ်ဘုရားရှင်သည် ကဏ္ဍဥယျာဉ်မှူး လှူဒါန်းသော သရက်သီးကိုဘုဉ်းပေး၍ တန်ခိုးတော်ဖြင့် အပင်ပေါက်စေသည်။ ထိုသရက်ဖြူပင်ရင်း၌ ဘုရားရှင် သည် ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာပြတော်မူပြီး မယ်တော်နတ်သားအား အဘိဓမ္မာတရား ဟောကြားရန် တာဝတိံသာနတ်ပြည်သို့ ကြွတော်မူသောနေ့ဖြစ်ခြင်းဟူ သော ထူးမြတ်သော ဝိသေသလက္ခဏာများဖြင့် ပြည့်စုံ သော နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။
ဤကား ဝါဆိုလ၏ ထူးမြတ်သည့် အကြောင်းများ ဖြစ်ပေသည်။
ဓမ္မစကြာတရားတော်သည်ကား သစ္စာတရားလေးပါး ကို အခြေခံပြီး ပကတိအတိုင်း မှန်ကန်သော တရားဖြစ် ၍ သစ္စာလေးပါးတရားဟုခေါ်အပ်၏။
(၁) ဒုက္ခသစ္စာ (၂) သမုဒယသစ္စာ
(၃) နိရောဓသစ္စာ (၄) မဂ္ဂသစ္စာ
ဤသစ္စာတရားလေးပါးကား လွတ်လပ်စွာ တွေးခေါ် ဆုံးဖြတ်ခွင့်နှင့် သိပ္ပံဆိုင်ရာ မြော်မြင်မှုကို လမ်းဖွင့်ပေး သကဲ့သို့ ဖြစ်သည်။ တိတိကျကျပြုလုပ်ရန် ခက်ခဲသည့် အယူအဆများကို လုံးဝမရှိစေဘဲ လွတ်လပ်စွာတွေးခေါ် နိုင်မှုကို အဓိကထားသည့် တရားတော်မြတ်ဖြစ်သည်။ ပရမတ်သစ္စာတရားအပေါ် မြတ်ဘုရားရှင်ချဉ်းကပ်ရှုမြင် ပုံသည် သိပ္ပံနည်းကျခြင်းဖြစ်သည်။ မိမိကိုယ်တိုင် ကောင်း စွာလေ့လာသိမြင်ရခြင်းမရှိသေးသမျှ မည်သည့် အယူ အဆကိုမျှ လက်မခံသေးရန် တပည့်သာဝကများအား သွန်သင်တော်မူခဲ့သည်။
ပုထုဇဉ်ဟူသမျှသည် လူ့ဘောင်လောက၌ မိမိတို့ နေ့ စဉ်ကြုံတွေ့နေရသော ကိစ္စအဝဝကို ဆောင်ရွက်ရာတွင် အစွန်းကျခြင်းများကို တတ်နိုင်သမျှ ရှောင်ရှားကြရမည်။ အလယ်အလတ်နှလုံးသွင်းကာ ရှစ်ပါးသောကျင့်စဉ်များ အတိုင်း ကောင်းမြတ်စွာပြုကျင့်ခြင်းကို တန်ဖိုးထားကြရ မည်။ သို့မှသာလျှင် လောကုတ္တရာကောင်းကျိုးကို မရ သေးမီကာလအတွင်း လောကီကောင်းကျိုးကို ခံစားရရှိ နိုင်ကြပါလိမ့်မည်။
သာယာဝပြောသော လောကီကောင်းကျိုးကိုရရန် လူ တိုင်းသည် စားဝတ်နေရေး၊ လူမှုရေးအရပ်ရပ်တို့တွင် ကြောင့်ကြစိုးရိမ်မှုမရှိ၊ ပင်ပန်းမှုမရှိ၊ လိုချင်တပ်မက်လွန်း ခြင်းမရှိ၊ နှိပ်စက်ညှင်းပမ်းအနိုင်ကျင့်ခြင်းမရှိ၊ မနာလို ဝန်တိုခြင်းမရှိ၊ ဝင့်ဝါမော်ကြွားခြင်းမရှိ၊ လူတိုင်းသည် မည် သည့်လူမှုကိစ္စမျိုး၌ဖြစ်စေ သင့်တင့်လျှောက်ပတ်မှုရှိ ကြ၏။ မျှတညီညွတ်မှုရှိကြ၏။ ကျေနပ်ရောင့်ရဲမှုရှိကြ၏။ ဤသည်ကား ဝါဆိုလပြည့်နေ့က ဟောကြားတော်မူသော ဓမ္မစကြာတရားတော်၏ အခြေခံအင်္ဂါရပ်များ ဖြစ်ပေ သတည်း။
ဝိဿဇ္ဇက(ပဲခူး)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment