Wednesday, July 8, 2015

သမီးတော်တွေကိုထိရင် မခံတဲ့ ဖခမည်းတော် (သမီးတော် ရာဇ၀င် -၁၅) ********************

သမီးတော်တွေကိုထိရင် မခံတဲ့ ဖခမည်းတော် (သမီးတော် ရာဇ၀င် -၁၅) ******************** သမီးတော်တွေ တိုင်းခန်းလှည့်ရင် သူတို့လုံခြုံရေး အတွက် သမီးတော် တစ်ယောက်ကို လုံခြုံရေး တစ်ဖွဲ့ ပေးရလေ့ရှိတယ်။ ဘာလို့လဲဆိုရင် သမီးတော်တွေက စိတ်သဘောထား တိုက်ဆိုင်ခဲတယ်။ တစ်ယောက်က အရှေ့ဆိုရင် တစ်ယောက်က အနောက်၊ တစ်ယောက်က တောင်ဆိုရင် တစ်ယောက်က မြောက်ပဲ။ ပြီးတော့ သူတို့အတွက် ခေါ်ရတဲ့ လုံခြုံရေး စကားဝှက်ကလည်း လမင်း(၁)၊ လမင်း(၂)၊ လမင်း(၃)နဲ့ လမင်း(၄)တဲ့။ လှကြတာကိုးဗျ။ အများသိပြီးဖြစ်တဲ့အတိုင်း မန္တလေး စစ်တိုင်းမှူးဟာ သမီးတော်တွေ ဒဏ်ကို အခံရဆုံးထဲမှာ ပါတယ်။ ဒီတစ်ခေါက်လည်း သမီးတော်နှစ်ပါးထဲ မန္တလေးကို အလည်ရောက်လို့ လာပြန်တယ်။ လမင်း(၁)နဲ့ လမင်း(၄)ပေါ့။ ဒီတစ်ခါဖြင့် ထူးထူးခြားခြား သဘောထား တိုက်ဆိုင်ပြီး အောင်သမာဓိ ရွှေဆိုင်ကို သွား ချင်ပါသတဲ့။ လုံခြုံရေးတွေကတော့ နှစ်ယောက်အတူ သွားမယ်ဆိုလို့ သက်သာရာရပေမယ့် သွားမယ့်နေရာ လည်း ကြားရော တိုင်းမှူးလင်မယား စိတ်ညစ်သွားပါတော့တယ်။ ဟုတ်တယ်လေ။ အရင် အတွေ့အကြုံတွေအရ ရွှေဆိုင်သွားမယ်ဆိုရင် သိန်းထောင်ပေါင်းများစွာ ၀ယ်ကြတော့မယ် ဆိုတာ သိနေတာကိုး။ ဆိုင်ရောက်တော့ တစ်ခါမှ မတည့်တဲ့ ညီအစ်မ နှစ်ယောက်က တည့်ပြီး မမက ဒါလေးယူ၊ ညီမလေးက ဒါနဲ့လိုက်တယ်။ ဒီဘယက်ကြီးကတော့ မမနဲ့လှမှလှ၊ ဒီရွှေဘီးလေးကတော့ ညီမလေးခေါင်းမှာ စိုက်ထားရင် အရမ်းလှနဲ့ တစ်ဆိုင်လုံး သိမ်းလိုက်ကြတာ ရွှေခြေကျင်းကြီးတွေလည်း ယူသွားတဲ့ အထဲမှာ ပါပေသပေါ့။ နောက်ဆုံး တိုင်းမှူးလက်ထဲ ရောက် လာတဲ့ စာရင်းက သိန်း ၅၀၀၀ကို အစွန်းက ထွက်နေသေးတယ်။ မန္တလေးတိုင်း မလည်း သမီးတော်တွေ နှိပ်စက်လို့ ဖြူကာပြာကာ ကျနေပြီဆို တော့ ဒီတစ်ခေါက်မှာ တိုင်းမှူးလုပ်တဲ့ သူက အဲဒီငွေကို ချေလိုက်ပေမယ့် အဲလောက် ဈေးဝယ်သွားကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး မောင်အေးဆီကို သတင်းပို့ လိုက်ပါတော့တယ်။ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး သိသွားတော့ သဘောရိုးနဲ့ပဲလား။ အရင် ထောက်လှမ်းရေးတွေ ဖြိုခွင်း တော့ သူ့အကြောင်းဖိုင်ကို ပို့လိုက်လို့ ပီအက်စ်အို သူ့ကိုယ်သူ သတ်သေတာ ကို လက်စားချေချင်သလားတော့ မသိဘူး။ သမီးတော်နှစ်ပါး ဈေးဝယ်တာ ကျပ်သိန်း ၅၀၀၀ကျော် ကျပါတယ်ဆိုတဲ့ စကားကို အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီ သွားပြောလိုက်ပါတယ်။ အာဏာရှင်ကြီး စိတ်ဆိုးချက် ကတော့ဗျာ။ သူ့သမီးတွေကို ဆုံးမရမယ့်အစား မောင်အေးက ငါ့သမီးတွေကို အရှက်ခွဲတယ် ဖြစ်ပါလေရော။ ဒေါသူပုန်တွေ ထတာပေါ့။ ဒါပေမဲ့ အဲဒီ့ကျသင့်ငွေကိုတော့ မပေးရေးချ မပေးဘူးနော်။ အဲဒီအစား မန္တလေး တိုင်းမှူးကိုရော၊ ဗိုလ်ချုပ် မောင်အေးကိုပါ အငြိုးထားတော့တယ်။ ဗိုလ်ချုပ် မောင်အေးကလည်း မန္တလေး မှာ ဒီတိုင်းမှူးကို ဆက်ထားရင် ပြုတ်တော့မယ်ဆိုတာသိလို့ ကပျာကရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) အထူး စစ်ဆင်ရေး အဖွဲ့မှူးဆိုပြီး ရာထူး တိုးပေးလိုက်တယ်။ ဒါပေမဲ့ အာဏာရှင်ကြီး လက်ထက် အလွန် အခု ကာချုပ် လက်ထက်မှာတော့ ပြုတ်သွားတာပဲ။ ဗိုလ်ချုပ်မောင်အေးကိုလည်း အငြိုးထားပြီး သူ့သမီးရဲ့ Queen Star ကုမ္ပဏီက သွင်းလာတဲ့ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေကို အကောက်ခွန်ကို အမိန့်ပေးပြီး ဖမ်းခိုင်းတော့တယ်။ နောက်ဆုံး ဗိုလ်ချုပ်မောင်အေး သမီးက သူ့ရဲ့ ကုမ္ပဏီကိုပါ ဖျက်လိုက်ရတဲ့အထိ ပညာပေးခဲ့တယ်။ အာဏာရှင်ကြီးက သူ့အလွန် နောက်လက်ထက်မှာ ဒီလူဒီလူတွေ ဖြုတ်ဆိုပြီး ၀န်ကြီးက လေးပါး၊ စစ်တပ်မှာ ဗိုလ်ချုပ်နဲ့ အထက်က ငါးဦးကို နောက်တက်လာမယ့် သမ္မတနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဆီကို လက်ဆင့်ကမ်းခဲ့တယ်။ ဘာနဲ့တူသလဲဆိုတော့ ဗကပတွေလိုပဲ။ သခင် သန်းထွန်းက မသေခင်မှာ ပီကင်းပြန် ဗိုလ်တင်ရှိန်ကို ဖြုတ်ထုတ် သတ် လုပ်ခိုင်းခဲ့တာကို သူသေပြီးမှ နောက်တက်လာမယ့် သခင်ဇင်တို့၊ သခင်ချစ်တို့က ဗိုလ်တင်ရှိန်ကို သတ်ဖို့ ဗကပ(ဗဟို)ကို လာခိုင်းသလိုပါပဲ။ စစ်တပ်ကတော့ ဒုတိယ ဗိုလ်ချုပ်ကြီး တင်ငွေ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဖြိုးနဲ့ ရန်ကုန်တိုင်းမှူး ဗိုလ်ချုပ်ထွန်းသန်း တို့ကို မြေကိစ္စ အကြောင်းပြ ပြုတ်ခဲ့ပေ မယ့် သမ္မတကြီးက အာဏာရှင် ဖြုတ်ခိုင်းတဲ့ ၀န်ကြီးလေးပါးကို မဖြုတ်ဘဲ ထားလိုက်တယ်။ ဒါကြောင့် တပ်မတော် ဘက်ကပဲ ကျွံထွက်ပြီး အာဏာရှင် ဖြုတ်ခိုင်းတဲ့ သူတွေက သုံးယောက် ဖြုတ်မိရက်သားဖြစ်လို့ ကျန်တဲ့နှစ်ယောက်ကို ဆက်မဖြုတ်ဘဲ ထားလိုက်ရတယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်း ဆီကနေ ကြားရတယ်။ အဲဒီကျန်တဲ့ နှစ်ယောက်ကို ဆက်မဖြုတ်ပဲ ထားလိုက်ရတယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်း ဆီ ကနေ ကြားရတယ်။ အဲဒီကျန်တဲ့ နှစ်ယောက်ထဲက တစ်ယောက်ကတော့ အခု သံအမတ်ကြီး ဖြစ်သွားပြီလို့ သိရတယ်။ တစ်ယောက်ကတော့ လက်ရှိ ကာချုပ်နဲ့ စစ်တက္ကသိုလ်မှာ အတူနေခဲ့ဖူးလို့ အဲဒီ့ သံယောဇဉ်လေးနဲ့ ကျန်ခဲ့တာလို့လည်း ကြားရတယ်။ ဒါ့ကြောင့် ပြည်သူတွေဆီကို အာဏာရှင်ကြီးက စာပဲဖတ်နေတာပါ။ တိုင်းရေးပြည်ရာမှာ ၀င်မပါဘူးလို့ အသံတွေ ထုတ်ပေးနေပေမယ့် တကယ်တမ်းမှာတော့ ဒီလူကြီးက သူ့အိုဇာတာ ကောင်းဖို့ ဘ၀ရဲ့ နေ၀င်ချိန်အထိ နိုင်ငံရေးကို ကစားနေတုန်းပါပဲ။ သမ္မတ မလုပ်ချင်တဲ့သူကို သမ္မတ ခန့်ခဲ့တာ။ သမ္မတ လုပ်ချင်တဲ့သူကို လွှတ်တော် ဥက္ကဋ္ဌပဲ ခန့်ခဲ့တာတွေ ဟာ အာဏာရှင်ကြီးရဲ့ လုပ်နေကျ အစီအစဉ်တွေပဲ ဖြစ်တယ်။ အဓိကကတော့ သူ့ကို လူတွေမေ့သွားပြီး လက်ရှိ လူချင်း ပြဿနာတွေ တက်လိုက် ရန်တွေဖြစ်လို့ အငြင်းအခုံတွေ ဖြစ်လိုက်နဲ့ ပြည်သူတွေကို လှည့်စားဖို့ပဲဖြစ်တယ်။ တစ်ခါကလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ခရီးထွက် နေတုန်း ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို သူ့အိမ်ခေါ်ပြီး ၄ နာရီလောက် စကားတွေ ပြောခဲ့လို့ ကာချုပ်ခရီးက ပြန်လာတော့ ဒုကာချုပ်ကို သူမသိဘဲ သွားရမလားဆိုပြီး စိတ်ဆိုးဖူးတယ်။ တစ်ခါတလေကျတော့ လက်စောင်းထက် စဉ်းစားမိတယ်။ ဒီလူကြီးက သူ့အာဏာကို အသေအချာ တည်ဆောက်ထားလို့ တစ်ရက်မှာ ယူနီဖောင်း ကောက်ဝတ်ပြီး စစ်ရုံးကိုလာ၊ ငါပဲ တိုင်းပြည် ပြန်အုပ်ချုပ်ဦးမယ်။ ရော့စစ်တပ်က အာဏာသိမ်းတယ်လို့ ကြေညာ လိုက်စမ်းဆိုရင် ဘယ်သူက ငြင်းရဲမှာလဲလို့။ အဲဒီ့အချိန် ရောက်ရင်တော့ လက်စောင်းထက်တို့လည်း နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ဆိုပြီး ပြေးရမှာ အမှန်ပေါ့ဗျာ။ - လက်စောင်းထက်

No comments: